မြန်မာ့လယ်ယာကဏ္ဍသီးနှံအထွက်နှုန်းမျှော်မှန်းချက်နှင့်ပြည်ပပို့ကုန်အလားအလာ

Powered by Drupal
Wed, 01/14/2026 - 11:43 -- consumer_admin

    မြန်မာနိုင်ငံ၏စီးပွားရေးတွင် အဓိကမဏ္ဍိုင်ဖြစ်သော လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ၂၀၂၅ ခုနှစ်အတွင်း ရာသီဥတုဖောက်ပြန်မှုနှင့် သွင်းအားစုစရိတ်ကြီးမြင့်မှုစသည့် စိန်ခေါ်မှုများအကြားမှ တိုးတက်မှုရရှိရန်  ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်အခြေပြုနေသည့် လယ်ယာကဏ္ဍသည် ယခုနှစ်တွင် ဆန်စပါးနှင့်ပဲမျိုးစုံထုတ်လုပ်မှုကို အားစိုက်လုပ်ဆောင်နေပြီး ပြည်ပပို့ကုန်ကဏ္ဍတွင် အရေးပါသော အခန်းကဏ္ဍမှရပ်တည်နေသည်။

     ယခုနှစ်အတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန်၂ သန်းကျော်တင်ပို့နိုင်ရန်ရည်မှန်းထားပြီး အာဖရိကနှင့် အာရှဈေးကွက်သစ်များသို့ တိုးချဲ့တင်ပို့လျက်ရှိသည်။ အချို့ဒေသများတွင် ကြုံတွေ့ရ သည့်ရေကြီးနစ်မြုပ်မှုများကြောင့် စပါးခင်းအချို့ပျက်ဆီးခဲ့ရသဖြင့် ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရန် အရန်ဆန်ဝယ်ယူမှုများကိုလည်း အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။ ၂၀၂၅ခုနှစ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းရှင် များနှင့်တောင်သူများရင်ဆိုင်နေရသည့် အခက်အခဲမှာ ဓာတ်မြေဩဇာ နှင့် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုဖြစ် ပြီး အယ်လ်နီညိုနှင့်လာနီညာ အကူးအပြောင်းကြောင့်ဖြစ်ပေါ်လာသည့် ရုတ်တရက်မိုးရွာသွန်းမှုနှင့်အပူချိန် လွန်ကဲမှုတို့က သီးနှံများ၏ အရည်အသွေးကို ထိခိုက်စေခဲ့သည်။

      မြန်မာ့ပဲမျိုးစုံသည်လည်း ၂၀၂၅ ခုနှစ်တွင် အိမ်နီးချင်းအိန္ဒိယနိုင်ငံ၏ ဝယ်လိုအားမြင့်မား မှုကြောင့် ဈေးကွက်အခွင့်အလမ်းကောင်းများဆက်လက်ရရှိနေပြီး မတ်ပဲနှင့်ပဲစင်းငုံဈေးနှုန်းများမှာ စံချိန်တင်မြင့်တက်ခဲ့ပြီး တောင်သူများအတွက် အကျိုးအမြတ်များသောသီးနှံများဖြစ်လာခဲ့သည်။ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက်လည်း မြေပဲနှင့်နှမ်းစိုက်ပျိုးမှုကို မြှင့်တင်လျက်ရှိပြီး ဆီလုပ်ငန်း ရှင်များအတွက် နည်းပညာအကူအညီ များ တိုးမြှင့်ပေးလျက်ရှိသည်။

     ၂၀၂၅ ခုနှစ်သည် မြန်မာ့ကောက်ပဲသီးနှံကဏ္ဍအတွက် အခွင့်အလမ်းနှင့်စိန်ခေါ်မှု ဒွန်တွဲနေသည့် နှစ်တစ်နှစ်ဖြစ်ပြီး ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်မြင့်မားနေခြင်းသည် မြန်မာ့ လယ်ယာထွက်ကုန်များအတွက် အလားအလာကောင်းများဖြစ်သော်လည်း ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသည့် စိုက်ပျိုးရေး စနစ်သို့အသွင် ကူးပြောင်းရန် အရေးတကြီးလိုအပ်နေသည်။ အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်  တောင်သူများအကြား ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုရှိမှသာလျှင် မြန်မာ့စိုက်ပျိုးရေးကဏ္ဍသည် ရေရှည်တည်တံ့သောတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်သည်။

DOCA(ပဲခူး)