
ပီလောပီနှံသီးနှံသည် ၁၂ရာစုမတိုင်မီမှစ၍ ကမ္ဘာမြေပေါ်သို့ရောက်လာခဲ့သော သီးနှံတစ်ခု ဖြစ်သည်။ အာရှတိုက်၊ အာဖရိကတိုက်နှင့် အမေရိကတိုက်တို့တွင် အဓိကစိုက်ပျိုးကြပြီး ကမ္ဘာပေါ်ရှိ နိုင်ငံအတော်များများတွင် တွေ့ရှိရသည်။ တစ်ကမ္ဘာလုံးလူဦးရေ၏ ၆၀ရာခိုင်နှုန်းသည်လည်း စားသုံး လျက်ရှိသော သီးနှံတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ၁၉ရာစုမှစတင်၍ စိုက်ပျိုးခဲ့သော သီးနှံဖြစ်သည်။ လူသားတို့အတွက် စားနပ်ရိက္ခာအဖြစ်ထောက်ပံ့ပေးရုံသာမက ဆေးဝါး၊ အလှကုန်၊ အဖျော်ယမကာ၊ လူသုံးကုန်၊ မွေးမြူရေးအစာ၊ စက်မှုကုန်ကြမ်းစသည့် ပုံစံအမျိုးမျိုးဖြင့် အကျိုးပြုနေသောသီးနှံဖြစ်သည်။ အသားဓာတ်ကြွယ်ဝသောအရွက်နှင့် ကစီဓာတ်များစွာပါဝင်သော ဥကိုပိုင်ဆိုင်ထားသော သီးနှံဖြစ်သည့်အလျောက် လူသားတို့အတွက် အာဟာရများစွာ ဖန်တီးပေးသော သီးနှံဖြစ်သည်။ တစ်နိုင်ငံလုံးနေရာအနှံ့အပြားစိုက်ပျိုးနိုင်ပြီး ရေမဝပ်သောနေရာ များနှင့် သဲနုန်းမြေများတွင် ကောင်းမွန်စွာဖြစ်ထွန်းသည်။ နေရောင်ခြည်ကောင်းစွာ လိုအပ်သော သီးနှံဖြစ်သောကြောင့် အရိပ်ကျသောနေရာများ၌ စိုက်ပျိုးခြင်းအားရှောင်ရှား၍ စိုက်ပျိုးသင့်သည်။ တစ်နိုင်ငံလုံး၏စိုက်ဧကမှာ ၁၀၀၀၀၀ခန့်ရှိသည့်အပြင် စိုက်ပျိုးရလွယ်ကူပြီး သွင်းအားစု အနည်းငယ်ဖြင့် အကျိုးအမြတ်များစွာရရှိနိုင်သော သီးနှံဖြစ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောနေရာများနှင့်မြေဆီသြဇာညံ့ဖျင်းသော နေရာများ၌ပါ စိုက်ပျိုးထုတ်လုပ်ရန် သင့်လျော် ခြင်းတို့ကြောင့် “တောင်သူအကျိုးပြုသီးနှံ”တစ်ခုအဖြစ်သတ်မှတ်ထားသည်။ ပီလောပီနံ သည် စိုက်ပျိုးရန်လွယ်ကူပြီး အနည်းငယ်ပြုစုထိန်းသိမ်းစောင့်ရှောက်ရုံဖြင့် အတိုင်းအတာတစ်ခုအထိ ထွက်ရှိနိုင်သည်။ ပီလောပီနံသည် စိုက်ပျိုးရလွယ်ကူသော သီးနှံဖြစ်သော်လည်း မျှော်မှန်းထား သောအထွက်နှုန်းနှင့် အရည်အသွေးရရှိရေးမှာ စိုက်ပျိုးရန်လိုအပ်သည့်အချိန်မှစ၍ ရိတ်သိမ်းသည့် အချိန်ထိ အဆင့်တိုင်းတွင် လိုက်နာရမည့်အချက်များအား ဂရုပြုရန်လိုအပ်သည်။
သီးနှံတစ်ခုအား နှစ်စဥ်ဆက်တိုက်စိုက်ပျိုးလျှင် ရောဂါနှင့်ပိုးမွှားကျရောက်ရန် လွယ်ကူနိုင်ပြီး မြေအတွင်းရှိအာဟာရဓာတ်လိုအပ်ချက်မှာလည်း တစ်သတ်မတ်ထဲလျော့နည်းနိုင်သည်။ ထို့ကြောင့် ပီလောပီနံနှစ်စဥ်စိုက်ပျိုးသော ဒေသများတွင် ပီလောပီနံရိတ်သိမ်းပြီးချိန်၌ အခြားသီးနှံတစ်ခုအား သီးလှည့်စိုက်ပျိုးခြင်း ၊ သုံးနှစ်လျှင်တစ်ကြိမ်ခန့် သီးနှံပြောင်း၍စိုက်ပျိုးရခြင်းတို့ ဆောင်ရွက်ပေးသင့် ပေသည်။ သီးလှည့်စိုက်ပျိုးရန်မဖြစ်နိုင်ပါက စိုက်ပေါင်များပေါ်တွင် ပီလောပီနံစိုက်ပျိုးစဥ်တွင် ပဲသီးနှံတစ်မျိုးမျိုးအား ကြဲပတ်စိုက်ပျိုး၍ သစ်စိမ်းမြေသြဇာအနေဖြင့် ထည့်သွင်းစိုက်ပျိုးနိုင်ပေ သည်။ သဘာဝမြေသြဇာများ ထည့်သွင်း၍ လည်းမြေဆီလွှာအာဟာရဓာတ်များ ပြန်လည် ကောင်းမွန်အောင် ပြုပြင်ခြင်းများ ဆောင်ရွက်သင့်သည်။ စိုက်ပျိုးသူများအတွက် ဓာတုအဆိပ်သင့်မှု လျော့နည်းခြင်း စသောကောင်းကျိုးများလည်း ရှိသောသီးနှံဖြစ်သည်။ ပီလောပီနံသည် သုံးစွဲမှုများစွာ ရှိသောကြောင့် ပြည်တွင်းဝယ်လိုအားမှာ များစွာမြင့်တက်လျက်ရှိပြီး ပြည်ပသို့လည်းတင်ပို့နိုင်သော သီးနှံတစ်ခုလည်းဖြစ်သည်။ ကမ္ဘာ့ဝယ်လိုအား အကောင်းဆုံးနိုင်ငံများမှာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဖြစ်သောကြောင့် မိမိတို့နိုင်ငံသည်စျေးကွက်တွင် အချက်အချာကျသော နိုင်ငံဖြစ်သည်။ ပြည်ပဝယ်လိုအားကောင်းသော သီးနှံဖြစ်သောကြောင့် ပြည်တွင်းစားသုံးမှု လုံလောက်ရုံသာမက ပြည်ပတင်ပို့မှုအတွက်ပါ စဥ်စား၍ တိုးချဲ့စိုက်ပျိုးသင့်သောသီးနှံဖြစ်ပေသည်။ ပြည်ပဝယ်လိုအားများစွာ ရှိသောကြောင့်လည်း နိုင်ငံခြားဝင်ငွေရရှိနိုင်သောသီးနှံဖြစ်ပြီး စျေးကွက် ခိုင်မာမှုရှိခြင်း၊ နေရာဒေသမရွေးအလွယ်တကူစိုက်ပျိုးနိုင်ခြင်း၊ စိုက်ပျိုးကုန်ကျစရိတ်ကုန်ကျမှု နည်းခြင်း၊ သွင်းအားစုကို အပြည့်အဝတုံ့ပြန်နိုင်သောသီးနှံဖြစ်သောကြောင့် စိုက်ပျိုးသူများအနေဖြင့် လက်လွှတ်မခံသင့်သော အခွင့်အရေးရှိသည့် စက်မှုကုန်ကြမ်းသီးနှံတစ်ခုဖြစ်ကြောင်း ရေးသားလိုက် ရပါသည်။
DOCA(ပဲခူး)
