ဆေးဘက်ဝင်ကြက်သွန်နီပင်

Powered by Drupal
Tue, 12/30/2025 - 12:15 -- consumer_admin

   ပင်ပျော့ပင်ငယ်မျိုးဖြစ်ပြီး အမြင့်(၁)ပေခွဲအထိရှိသည်။ ပင်စည်သည်ဥ၏အောက်ခြေတွင် ရှိပြီး အနည်းငယ်မာကျော၍ အဝိုင်းပုံသဏ္ဌာန်ရှိကာ အမြစ်များဖြာထွက်နေသည်။ ကြက်သွန်နီဥမှာ နီညိုရောင်ရှိပြီးလုံးဝိုင်းသည်။ ဥ၏အပေါ်ယံလွှာတွင် ပါးလွှာသောအထပ်များဖြင့်အထပ်ထပ်ဖုံးအုပ် နေသည်။ အတွင်း၌အရည်ရွှမ်းသော အသားဖတ်များစွာရှိသည်။ တိုင်းရင်းဆေးကျမ်းများ၌ ဖော်ပြ ထားသည်မှာ ကြက်သွန်နီဥသည် ချို၏၊ စပ်၏၊ အနည်းငယ်ပူ၏။ လေသလိပ်၊ အဖျား၊ အော့အန်ခြင်း ဝေဒနာတို့ကိုပျောက်ကင်းစေ၏။ ခွန်အားကိုဖြစ်စေသည်။ ကြက်သွန်နီဥကိုအစိမ်းစားသုံးခြင်းဖြင့် ဆီးချုပ်ရောဂါများပျောက်ကင်း၍ ဆီးရွှင်စေသည်။ မီးဖုတ်ထားသောကြက်သွန်နီကိုခွဲ၍ ဆီးအိမ် ပေါ်၌ ပူပူနွေးနွေးကပ်ပေးသော် ကလေးငယ်များဆီးချုပ်ရောဂါပျောက်ကင်းသည်။ ကြက်သွန်နီ အရည်ညှစ်၍ သကြားနှင့်ရောကာကြိုချက်ပြီး ရှာလပတ်ရည်လုပ်သောက်သော် ဆီးပူရောဂါနှင့် ဝမ်းရောဂါများ သက်သက်ပျောက်ကင်းစေသည်။

    ကြက်သွန်နီကိုလတ်လတ်ဆပ်ဆပ်ညှစ်၍ ကြွေဇွန်းထက်ဝက်ခန့်ရလျှင် သကြားအနည်းငယ် ထည့်ပြီး တစ်နေ့တစ်ကြိမ်သောက်ပါက သွေးပါသောလိပ်ဂေါင်းရောင်ရောဂါသက်သာပျောက်ကင်းသည် ဟု လေ့လာတွေ့ရှိရပါသည်။

DOCA(မန္တလေး)