
လူသားတို့အသက်ရှင်နေထိုင်ရပ်တည်မှုတွင် စားရေး၊ဝတ်ရေး၊ နေရေးဟူသည့် အရေးသုံးပါး ရှိသည့်အနက် ဝတ်ရေးအတွက် “ဝါ”သည် အစဥ်အမြဲလိုအပ်သော ကုန်ပစ္စည်းဖြစ်သည့် အားလျော် စွာ ဝါသီးနှံကိုစိုက်ပျိုး၍ ချည်ထည်ကုန်ချောများ ထုတ်လုပ်သည့်လုပ်ငန်းကို နိုင်ငံတိုင်းက ဦးစားပေး လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်။ ကမ္ဘာ့လူဦးရေ၏ လေးပုံသုံးပုံခန့်သည် ဝါဂွမ်းမှထုတ်လုပ် သောဝါချည်မျှင်ဖြင့်ရက်လုပ်သည့် ချည်ထည်အဝတ်အစားတို့ကို ဝတ်ဆင်ကြကြောင်း၊ ကမ္ဘာ့ မှတ်တမ်းများအရ လေ့လာတွေ့ရှိရပါသည်။ ချည်ထည်များသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ ငွေကြေးအနည်းငယ်မျှနှင့်ဝယ်ယူနိုင်၍ လူအများစုလက်လှမ်းမီသော အထည်အလိပ်မျိုးဖြစ်ခြင်း တို့ကြောင့် ယခုတိုင်လူသုံးများလျက်ရှိသည်။ မြန်မာနိုင်ငံတွင်ဝါသီးနှံကိုအဓိကဦးစားပေးသီးနှံအဖြစ် အစဥ်အဆက်စိုက်ပျိုးခဲ့ကြသည်။ အများဆုံးစိုက်ပျိုးသည့် ဝါသီးနှံအမျိုးအစားများမှာ ဝါကြီး၊ ဝါကလေးနှင့် ချည်မျှင်ရှည်ဝါများဖြစ်ကြသည်။ ဝါကြီးမျိုးကို မိုးအတော်အတန်များသည့်ပြည်နှင့် သရက်ခရိုင်များတွင်လည်းကောင်း၊ ဝါကလေးမျိုးကိုမုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊မန္တလေး၊ မိတ္ထီလာ၊ရမည်းသင်း၊ ပခုက္ကူ၊ မင်းဘူးအစရှိသည့် မြန်မာနိုင်ငံ မိုးပါးရေရှားသော ဒေသများတွင် လည်းကောင်း စိုက်ပျိုးကြပါသည်။ ချည်မျှင်ရှည်ဝါမျိုးကို ၁၉၅၈ခုနှစ်မှစ၍ ရုရှားနှင့်အမေရိကန်နိုင်ငံ များမှဝါမျိုးများမှာယူ၍ စမ်းသပ်စိုက်ပျိုးခဲ့သည့်အနက်မှ အကောင်းဆုံးကိုရွေးချယ်ပြီး ရေသွင်း စိုက်ပျိုးနိုင်သော ရွှေဘို၊ မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ရမည်းသင်းနှင့် မင်းဘူးခရိုင်တို့တွင် စိုက်ပျိုးခဲ့ကြပြီးကောင်းစွာအောင်မြင်ကြောင်း လေ့လာသိရှိရပါသည်။ ဝါပင်၏ဝါသီးမှ ရရှိသော နုနုဖက်ဖက် အမွှေးအမျှင်ထွေးကို အစေ့မထုတ်မီ ဝါသို့မဟုတ် ဝါပေါက်ဟုခေါ်ပြီး အစေ့ထုတ် ပြီးလျှင် ဂွမ်း သို့မဟုတ် ဝါဂွမ်းဟုခေါ်သည်။ ၁၉၂၀ပြည့်နှစ်ခန့်က ရှေးဟောင်းမြို့ ကြီးများမှ တူးဖော် တွေ့ရှိချက်များအရ အိန္ဒိယနိုင်ငံတွင်ဘီစီ ၃၀၀၀ခန့်ကပင် ချည်မျှင်ကိုအထည်အလိပ်နှင့် ကြိုးအမျိုး မျိုးပြုလုပ်ရာ၌ အသုံးပြုခဲ့ကြောင်း၊ ဘီစီ ၁၅၀၀ခန့်တွင် အိန္ဒိယနိုင်ငံသည် ချည်ထည်လုပ်ငန်း ၏အချက်အချာနိုင်ငံတစ်နိုင်ငံဖြစ်နေပြီဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမှတစ်ဆင့် ဝါပင်စိုက်ပျိုးခြင်း၊ ဝါ ချည်မျှင်ဖြင့် အထည်အလိပ်များရက်လုပ်ခြင်းအတတ်ပညာသည် ပါရှား(ယခု အီရန်)၊ တရုတ်နှင့် ဂျပန်နိုင်ငံများသို့ရောက်ရှိသွားခဲ့ကြောင်း၊ ခရစ်နှစ် ၇၁၂ခုနှစ်တွင် ဆာရဆင်နှင့်မူးဝါးလူမျိုးတို့သည် အာဖရိကမြောက်ပိုင်းမှ ဥရောပတိုက်သို့ဝါဂွမ်းကိုယူဆောင်လာခဲ့ရာမှ ဥရောပတိုက်များတွင် ပျံ့နှံ့ခဲ့ကြောင်း၊ အင်္ဂလန်နိုင်ငံတွင်ခရစ်နှစ်၁၂၉၈ခုနှစ်ခန့်ကပင် တတိယအက်ဒွပ်ဘုရင်သည် မန်ချက် စတာမြို့၌ ရက်ကန်းအလုပ်သမားများကို အခြေချနေထိုင်စေခဲ့ပြီး ရက်ကန်းလုပ်ငန်းအား အင်္ဂလန် နိုင်ငံ၏ အဓိကလုပ်ငန်းကြီးဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ရက်ကန်းရက်လုပ်သော စက်ကိရိယာ များကိုလည်း အမျိုးမျိုးတီထွင်လုပ်ကိုင်လာခဲ့ကြရာ ၁၈ရာစုနောက်ပိုင်းတွင် အထည်အလိပ် ရက်လုပ်သောလုပ်ငန်းမှာ လုပ်ငန်းတွင်ကျယ်လာပြီး စက်ရုံ၊ အလုပ်ရုံများ၌ ဝါဂွမ်းလိုအပ်ချက် များဖြစ်ပေါ်လာခဲ့ကြောင်း၊ ဝါဂွမ်းသည် ကုန်သွယ်စီးပွားရေးလောက၌ အရေးပါလှသော ကုန်ပစ္စည်း တစ်မျိုးဖြစ်လာကြောင်း၊ ကမ္ဘာအရပ်ရပ်၌လူတို့သည် ဝါဂွမ်းရရှိရန်အလို့ငှာ ဝါပင်ကိုစိုက်ပျိုး ခဲ့ကြကြောင်း၊ ဝါပင်သည် မော်လဗေစီအီးမျိုးရင်း၊ ဂေါ့ဆီပီရမ်မျိုးခွဲ၌ပါဝင်ပြီး၊ ချဥ်ပေါင်/ရုံးပတီ တို့နှင့်မျိုးရင်းတူကြောင်း၊ မျိုးစိတ်အများအပြားရှိရာ မျိုးစိတ်ကိုလိုက်၍ အပင်အနေအထား၊ အနိမ့်အမြင့်၊ အကိုင်းအခက်၊ အရွက်အပွင့်၊ အသီးအရွယ်အစား၊ ပုံသဏ္ဍာန်၊ ဝါပေါက်ချိန်၊ ဂွမ်းအဆင့် အတန်းစသည်တို့၌ ကွာခြားကြကြောင်း၊ ဝါပင်သည် ရက်ပေါင်းကြာရှည်စွာ စိုက်ပျိုးရသည့် သီးနှံမျိုးဖြစ်သည့်အတွက် မြောက်လတ္တီတွဒ် ၄၀ဒီဂရီနှင့် တောင်လတ္တီတွဒ် ၃၀ဒီဂရီအကြားရှိ ကမ္ဘာ့ဒေသများတွင် စိုက်ပျိုးကြကြောင်း သုတေသီပညာရှင်များ၏ လေ့လာတွေ့ရှိချက်များ အရသိရှိရပါသည်။
မြန်မာနိုင်ငံတွင် ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်းကာလကို ၂၀၂၂-၂၀၂၃ခုနှစ်မှ ၂၀၂၅-၂၀၂၆ခုနှစ်အထိ သတ်မှတ်ထားပြီး စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးများ၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေဒေသများကို စီမံကိန်းဒေသများအဖြစ် သတ်မှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဝါသီးနှံအားနှစ်အလိုက် တိုးမြှင့်စိုက်ပျိုးနိုင်ရေး အတွက် ဝါစိုက်တောင်သူနှင့် သက်ဆိုင်ရာကဏ္ဍ အလိုက် တာဝန်ရှိသူများက အတူတကွပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှု ကဏ္ဍကိုမြှင့်တင်ပြီး ပြည်ပပို့ကုန်ပိုမိုတင်ပို့နိုင်ရေးနှင့် သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရေး တို့ကိုလည်း နိုင်ငံတော်ကအားပေးဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ခုနှစ်မတ်လ (၇)ရက်နေ့က နေပြည်တော်၌ကျင်းပပြုလုပ်သော ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်အလိပ် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဝါအထွက်နှုန်းများ တိုးတက်စေနိုင်ရေးနှင့် ဝါကုန်ကြမ်းများမှ အဆင့်မီ သည့်ချည်ထည်များ ထုတ်လုပ်နိုင်ရေးအတွက် ဆွေးနွေးပြောကြားရာတွင် “မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဝါကြိတ်စက်များကို ပြည်တွင်း၌ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့်ဝါဂွမ်းများကို ပြည်တွင်းစျေးကွက်တွင်ရောင်းချနိုင်ရေးနှင့် ချည်ကုန်ချောများ၊ အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း” ထည့်သွင်းပြောကြား ခဲ့ပါသည်။ ထို့ပြင် “ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစွာအရည်အသွေးကောင်းသော (A)အဆင့်ရှိဝါများကိုပြောင်းလဲ စိုက်ပျိုးရန် လိုအပ်ကြောင်းနှင့် ထိုမှတစ်ဆင့်ထွက်ရှိလာသောဝါကုန်ကြမ်းများကို ချည်မျှင်ထုတ်လုပ် နိုင်ရေးနှင့် ပိတ်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေး စက်ကိရိယာများလိုအပ်ကြောင်း၊ ချည်ချောများထုတ်လုပ်နိုင်ရေး၊ ပိတ်အဖြစ်ပြောင်းလဲနိုင်ရေးဆောင်ရွက်ရာတွင် လုပ်ငန်းများ အလိုက်ဦးတည်ချက်များချမှတ်၍ တစ်ဆင့်ချင်းအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း”တို့ကိုလည်း ဖြည့်စွက်ဆွေးနွေး လမ်းညွှန်မှာကြားခဲ့ပါသည်။ ယခုအခါ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဝါသီးနှံအထွက်တိုးရေးကို ဦးစားပေးလုပ်ကိုင်ကြပြီး အရည်အသွေးမြင့်မားပြီး အဆင့်မီသည့် ချည်ထည်များကို ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်တွင်းပြည်ပစျေးကွက် ဝယ်လိုအားရှိသည့် ချည်မျှင်ရှည်ဝါများတိုးတက် ထုတ်လုပ်စိုက်ပျိုးနိုင်ရန်၊ ပြည်တွင်းရှိ ချည်မျှင်နှင့်အထည်စက်ရုံများအတွက်လိုအပ်သည့် အရည်အသွေးကောင်းမွန်သော ဝါ၊ ဝါဂွမ်းများထုတ်လုပ်ပြီး ပြည်ပမှဝါနှင့်ချည်များတင်သွင်းမှုကို လျှော့ချနိုင်ရန်၊ ဝါသီးနှံတန်ဖိုးနှင့် ဝါသီးနှံတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ပြီး ဝါစိုက်တောင်သူများ နှင့် ဝါလုပ်ငန်းရှင်များ ကုန်ထုတ် လုပ်မှုမြင့်မားလာစေရန်၊ ချည်မျှင်ကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါဆုံး စက်မှုကုန်ကြမ်းဖြစ်သည့် ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက် ပြည့်မီအောင်ဆောင် ရွက်ရန်နှင့် ပြည်တွင်းသုံးစွဲမှု ဖူလုံရုံသာမက ပြည်ပသို့ တင်ပို့နိုင်သည်အထိ ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။
ဝါသီးနှံစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် အဓိကကြသည့်မျိုး၊ မြေ၊ ရေ၊ နည်းတို့နှင့်ပတ်သတ်ပြီး တွေ့ကြုံရနိုင်သည့် အခက်အခဲများ၊ အဟန့်အတားများအတွက် သမဝါယမစနစ်ကို အခြေခံ၍သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များ၊ ဝါစိုက်တောင်သူများ အတူတကွပူးပေါင်းဆောင်ရွက်မှုစွမ်းအားဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်ရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမအသင်း(၂၀၉)သင်းမှ ဝါစိုက်အသင်းသား များက ယခင်နှစ်မိုးကြိုကာလတွင် စိုက်ပျိုးဧရိယာ(၁၇၉၆)ဧက၊ မိုးကာလတွင် ဝါစိုက်ပျိုး ဧရိယာ(၁၂၆၄၂) ဧက၊ မိုးနှောင်းကာလတွင် ဝါစိုက်ပျိုးဧရိယာ(၈၁၅၆၂)ဧက စုစုပေါင်း ဝါစိုက်ပျိုးဧရိယာ (၉၆၀၀၀)ဧကကို စိုက်ပျိုးရန်လျာထားခဲ့ပြီး နိုင်ငံတော်၏ဝါစိုက်ပျိုးရေးစီမံကိန်း အောင်မြင်ရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ သမဝါယမအသင်းသား ဝါစိုက်တောင်သူများ စိုက်ပျိုးပြီးမိုကြိုဝါများအောင်မြင်ဖြစ်ထွန်းကာ အထွက်နှုန်းတိုးတက်မြင့်မားရေးနှင့် စိုက်ပျိုးရန်လျာထားသည့် မိုးဝါ၊ မိုးနှောင်းဝါ စိုက်ပျိုးဧကများ အကောင်အထည်ဖော်စိုက်ပျိုးနိုင်ရေး၊ အရည်အသွေးကောင်းမွန်သည့် ဝါမျိုးများကို မျိုးစေ့ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်ပြီး အသုံးပြုနိုင်ရေး၊ အရည်အသွေးပြည့်မီ သောသွင်းအားစုများဖြစ်သည့် သဘာဝမြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအစရှိသည့် လိုအပ်သော ရေပမာဏကို လိုအပ်ချိန်တွင်လိုအပ်သလိုအသုံးပြုနိုင်ရေး၊ ဝါသီးနှံများအရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်း မြင့်မားစေရေး နည်းပညာများကို အသုံးချဆောင်ရွက်နိုင်ရေး၊ သမဝါယမအသင်းသား ဝါစိုက် တောင်သူများ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက် သွင်းအားစုကုမ္ပဏီများ၊ ဝါစက်လုပ်ငန်း ရှင်များ၊ ဝါအဝယ်ဒိုင်များနှင့်ချိတ်ဆက်၍ သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် အတူတကွ ပူးပေါင်း လုပ်ကိုင်နိုင်ရေး၊ သွင်းအားစုပစ္စည်းများနှင့် စျေးကွက်ရရှိရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် သမဝါယများအသင်းသားများ ဝါစိုက်တောင် သူများအတွက် ဝါစိုက်ပျိုးနည်းပညာနှင့် အခြားလိုအပ်ချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဝါစိုက်ပျိုးထုတ်လုပ်ရေးနှင့် ဆက်စပ်သည့်ဌာနများ နှင့်လည်းချိတ်ဆက်ပြီးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။
အချုပ်အားဖြင့်ဆိုသော် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဝါစိုက်ပျိုးရေးစီမံကိန်းတွင် တစ်ဖက်တစ်လမ်းမှအထောက်အကူပြု အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် သမဝါယမအသင်းသား ဝါစိုက်တောင်သူများကို ဝါသီးနှံအထွက်နှုန်း တိုးအောင် သမဝါယမစနစ်ဖြင့် ပံ့ပိုးကူညီပေးခြင်းအားဖြင့် ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရာရောက်သည့်အပြင် ပြည်တွင်းသုံးစွဲမှုဖူလုံရုံသာမက ပြည်ပသို့ပါတိုးမြှင့် တင်ပို့နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ဝါစိုက်ပျိုးထုတ်လုပ်သူများ၊ ဝါလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးက ဝါသီးနှံအထွက်တိုးရေးအတွက် သမဝါယမစနစ်ဖြင့် ပံ့ပိုးကူညီပြီး တက်ညီလက်ညီအားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းရေးသားတင်ပြ လိုက်ရပါသည်။
DOCA(ပဲခူး)
ကိုးကား-မြဝတီသတင်းစာ page
