မြန်မာနိုင်ငံမြောက်ဖျားပိုင်းမှ ကချင်ရိုးရာထည်အကြောင်း

Powered by Drupal
Mon, 12/22/2025 - 11:42 -- consumer_admin

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း (၁၀၀) ကျော်ခန့် သွေးစည်းနေထိုင်ကြပြီး ယဉ်ကျေးမှု အဆင့်အတန်းများစွာ မြင့်မားခဲ့ကြသည်။ တိုင်းရင်းသားမျိုးနွယ်စုများတွင်ဝတ်စားဆင်ယင်မှု၊ အထည် ရက်လုပ်မှု၊ စာပေ၊ အနုပညာ၊ အဆင်တန်ဆာ၊ ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှု၊ ရိုးရာဓလေ့၊ တူရိယာ၊ နေထိုင်မှုအဆောက်အအုံ စသည့်ဖြင့်များစွာရှိပြီး ၎င်းကဏ္ဍများအားလုံးသည် တိုင်းရင်းသားမျိုးနွယ်စုတို့ အတွက်အရေးကြီးသည့် အစိတ်အပိုင်းဖြစ်သည်။

          မြန်မာနိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စုများတွင်လည်း ဝတ်စားဆင်ယင်မှုအနေဖြင့် အထည်များကို ဝတ်ဆင်ရာတွင် ဂျပ်ခုတ်ရက်ကန်းစင်ငယ်ဖြင့်လည်းကောင်း၊ ရက်ကန်းစင်ကြီးများဖြင့်လည်းကောင်း၊ ရက်လုပ်ဝတ်ဆင်ကြပြီး တိုင်းရင်းသားမျိုးနွယ်စုများသည် အဝတ်အထည်ရက်လုပ်မှုတွင် တူညီသော် လည်း မျိုးနွယ်စုတစ်ခုနှင့်တစ်ခုမှာ အဝတ်အထည်ပေါ်တွင် အလှဆင်၍ထည့်သွင်းရက်လုပ်သော ဒီဇိုင်း များမတူညီကြပေ။ မြန်မာနိုင်ငံမြောက်ဖျားပိုင်းတွင် နေထိုင်သည့် ကချင်မျိုးနွယ်စုများသည် အထည်ရက် လုပ်ရာတွင် ရှေ့ယခင်ကဂျပ်ခုတ်ရက်ကန်းစင်များကိုအသုံးပြု၍ အဝတ်အထည်များကို ရက်လုပ်ဝတ်ဆင် ကြသော်လည်း  ယနေ့ခေတ်တွင်ဖွံ့ဖြိုးတိုးတက်လာသော ခေတ်နှင့်အညီ ရက်ကန်းစင်ကြီး၊  စက်ရက်ကန်းတို့ဖြင့်အဝတ်အထည်များ ရက်လုပ်လာသည်နှင့်အမျှ ခေတ်မှီနည်းစနစ်ဖြင့် အထည်ဒီဇိုင်းများလည်း ဆန်းသစ်လာပါသည်။

          နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားဆောင်ရွက် ပေးလျက်ရှိရာ ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ရရှိစေရန် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (One Region One Product)အကောင်အထည်ဖော်နိုင်ရန်လမ်းညွှန်ချက်များအပေါ် ကချင်ပြည်နယ်အနေဖြင့်လည်း အစီအစဥ်များ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ ကချင်ပြည်နယ်၏ ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဥ်တွင်ရိုးရာရက်ကန်းလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် Action Plan များရေးဆွဲဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်အတွင်းရှိရက်ကန်းလုပ်ငန်းများတွင် စက်မှုမှတ်ပုံတင်ထားသော လုပ်ငန်း(၃၆)ခုရှိပြီး  ရက်ကန်းစင်အရေအတွက် (၂၁၉) စင် ရှိကြောင်းသိရပါ သည်။

          ကချင်ပြည်နယ် ရက်ကန်းလုပ်ငန်းများမှထွက်ရှိသော ကချင်ပုဆိုး၊ ကချင်လုံချည်၊ ဂျပ်ခုတ် အပွင့် ဖောက်ထည်များသည် နိုင်ငံတစ်ဝန်းလူကြိုက်များရေပန်းစားသော အဝတ်အထည်များတွင် ပါဝင်သည်။ ကချင်ရိုးရာအဆင်များအနေဖြင့် အမျိုးသား၊ အမျိုးသမီးတိုင်းကြိုက်နှစ်သက်ကာ ရာသီမရွေးဝတ်ဆင်နိုင် သည့် ချည်ထည်အမျိုးအစားများဖြစ်ကြောင်း လည်းတွေ့ရပါသည်။ ကချင်ပြည်နယ်သည် တစ်နိုင်တစ်ပိုင် မှသည် ရက်ကန်းစင်ပေါင်းများစွာဖြင့် လုပ်ကိုင်နေကြသောနေရာဖြစ်သည်နှင့်အညီ ရက်ကန်းခတ်သံ များဖြင့်ပြည်နယ်၏အလှ ကိုဖော်ဆောင်လျက်ရှိသည်။

          ဂျပ်ခုတ်အထည်ရက်လုပ်ခြင်းသည် အိမ်တွင်းမှုလုပ်ငန်းတစ်ခုအပါအဝင်ဖြစ်ပြီး ဂျပ်ခုတ်ဆိုသည်မှာ အနံသေး၍ အသားထူသော အထည်မျိုးကိုရက်လုပ်ပြီးလွယ်ကူစွာရွှေ့ပြောင်းရက်လုပ်နိုင်သော အတတ် ပညာတစ်ခုဖြစ်ပြီး ကချင်မျိုးနွယ်စုများဖြစ်သည့် ဂျိန်းဖော့၊ ရဝမ်၊ လီဆူ၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်ဝါး တို့၏ ရိုးရာဝတ်စုံများမှာ ရိုးရာဂျပ်ခုတ်ထည်များဖြစ်သည်။ ကချင်မျိုးနွယ်စု၏ အထည်များမှာ ထူးခြားဆန်းကြယ် လှပသည်။ အထည်ဒီဇိုင်းများတွင်ကချင်လူမျိုးတို့၏ ရိုးရာမနောပွဲတော်ကျင်းပရာတွင် မပါလျှင်မဖြစ် သော  အနီ၊ အစိမ်း၊ ခရမ်း၊ အဖြူ၊ အဝါရောင်များဖြင့် ရေးဆွဲထားသော မနောတိုင်တွင် သဇင်ခွေ၊ ဍပုံနှင့် မြွေလိပ်ပုံများမှာ အဓိကဒီဇိုင်းများဖြစ်သည်။ ထိုပြင်ကချင်မျိုးနွယ်စု များ၏ နေထိုင်ရာဒေသများရှိ သစ်ပင်၊ ပန်းမန်၊ သဘာဝရှုခင်းများစွာပေါများသော ဒေသဖြစ်သည့် အလျောက်အထည်များပေါ်တွင် ထည့်သွင်းရက်လုပ်ကြရသည်။

          ခခူးကချင်ရိုးရာကျားဝတ်နှင့် မဝတ်လုံချည်များအား အနံကြီးပြုလုပ်၍ ရက်ကန်းစင်ပေါ်တွင် ရက်ခတ်ကြသည့် ကျားဝတ်ပုဆိုးအထည်များ တစ်နေ့ (၄)ထည် အထိရက်လုပ်နိုင်ခဲ့ပြီး မဝတ်လုံချည် များကိုလည်းတစ်နေ့တစ်ထည်နှင့်ပန်းထိုးခြင်း၊ ပန်းဖော်ခြင်းများဖြင့်ရက်လုပ်နိုင်ခဲ့သော်လည်း ယခုအခါ စက်ရက်ကန်းစင်များဖြင့် အထည်များစွာ ထုတ်လုပ်နိုင်လာပါသည်။ ကချင်ရိုးရာလက် ရက်ကန်းနှင့် စက်ရက်ကန်းလုပ်ငန်းများကို မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်၊ ‌ရွှေညောင်ပင်ရပ်ကွက်၊ ကျွန်းပင်သာ ရပ်ကွက်၊ ကချင်စုရပ်ကွက်၊ ဂျန်မိုင်ကောင်းရပ်ကွက်၊ ဒူကထောင်ရပ်ကွက်၊ ရမ်ပူရပ်ကွက် များတွင် အများဆုံးလုပ်ကိုင်ကြပါသည်။

          အထည်ထုတ်လုပ်မှုလုပ်ငန်းတွင် ကချင်ပုဆိုး၊ ကချင်လုံချည်၊ ဂျပ်ခုတ်အပွင့်ဖောက်ထည်များကို အများ ဆုံးထုတ်လုပ်ပြီးချည်အသုံးပြုအနေဖြင့် (၂/၈၀) တိုင်၊ (၂/၁၀၀) ဖောက်ချည်ချောများဖြင့် အများဆုံး ရက်လုပ်ကြောင်း၊ ချည်ထည်များထုတ်လုပ်ရာတွင် မှာယူသည့်အ‌ရေအတွက်များကို စိတ်တိုင်းကျထုတ် လုပ်ပေးလျက်ရှိကြောင်းတွေ့ရပါသည်။ စက်ရက်ကန်းထုတ်လုပ်မှုမှာ ချည်အမျိုးအစားပေါ်မှုတည်၍ အရေအတွက်ကွာခြားမှုရှိပြီး ရက်လုပ်ရာတွင် ချည်လုံးတုပ်လျှင် လျှင်မြန်ပြီး ချည်လုံးသေးလျှင် အချိန်ပို ၍ရက်လုပ်ရပါသည်။ အထည်များထုတ်လုပ်မှုလုပ်ငန်းတွင်လိုအပ်သော ကုန်ကြမ်းများဖြစ်သည့် ချည်များ၊ ဆေးများ ကို မန္တလေးမှတစ်ဆင့်မှာယူရကြောင်း၊ ကုန်ကြမ်းမှကုန်ချောဖြစ်အောင် ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်ကို မြစ်ကြီးနားမြို့တွင်ပြုလုပ်ကြောင်း၊ ထူးခြားမှုအနေဖြင့်  ချည်ထည်များကိုလိုအပ်သော‌ ဆေးအရောင်ဆိုးရာတွင်အသုံးပြုသည့် မြစ်ကြီးနားမြို့မှရေသည်အထည်များ၏ အရည်အသွေးကိုများစွာ အထောက်အကူပြုကြောင်းသိရပါသည်။

          အမျိုးသားဝတ် ခခူးလုံချည်အဆင်မှာ အစိမ်းရောင်၊ အနက်ရောင်၊ ခရမ်းရောင် ဟူ၍ (၃)မျိုးကို အပြန်ပြန်အလှန်လှန် ကွက်မ၊ ကွက်ကျဲ၊ ကွတ်စိတ် အိမ်ဖွဲ့၍ အဆင်တစ်စုံ (၉)လက်မခန့်ရှိသော ကွက်ကျဲ လုံချည်များ ရက်ခတ်ခြင်းဖြစ်သည်။ အမျိုးသမီးဝတ်လုံချည်မှာ ခခူးအနက်ရောင်တွင် (၇)လက်မ ကို အဝါ‌၊ ခရမ်း၊ ပန်း၊ အနီ၊ အစိမ်းရောင်တို့သည် အကြောင်းထိုးကလေးများအပြန်အလှန်ပြုလုပ်၍ (၁)လက်မအထိပေါ်လွင်အောင် အဆင်ကြောင်းများပြုလုပ်ရပါသည်။ ပြီးလျှင်ခရမ်းရောင်အား (၆) လက်မအထိပြုလုပ်ရပါသည်။ ပတ်လည်ဆင်များပြုလုပ်၍ ၎င်းအထည်ပေါ်တွင်အမိတ်ဒီဇိုင်းဖြင့် ပုလဲ မန်ကူ နှစ်ထပ်ကွက်၊ သုံးထပ်ကွက်စသည်ဖြင့် အမိတ်ထိုးပြုလုပ်ရပါသည်။

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရက်ကန်းရုံများမှ မိမိတို့ထုတ်လုပ်သည့် အထည်များကို အရောင်းဆိုင်ကြီးများသို့  ပြန်လည်ရောင်းချသူများဖြစ်ပြီး   မြစ်ကြီးနားမြို့တွင်    ကချင်ရိုးရာအထည်ဆိုင်ကြီး (၃၀)ဆိုင်ခန့်ရှိပါသည်။ စျေးကွက်အတွင်းတွင် အမျိုးသားဝတ်လုံချည် (၁)ကွင်းတန်ဖိုးမှာ အသုံးပြုသည့် ချည်အရည်အသွေးပေါ်မှုတည်၍ ကျပ် ၂၅၀၀၀ မှ ကျပ် ၇၀၀၀၀ ကျော်ရောင်းချလျက်ရှိပြီး ကချင်ရိုးရာ အမျိုးသမီးဝတ်လုံချည်သည် အသုံးပြုသည့် ချည်သားကွာခြားခြင်း၊ ဒီဇိုင်းပုံစံမြင့်မားခြင်းတို့ကြောင့် စျေးနှုန်းအနိမ့်အမြင့်ရှိပြီး လုံချည်တစ်ထည်လျှင် ၂/၈၀ ချည်ကို အသုံးပြုရက်လုပ်ထားပါက ၅၀၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ်အထိ၊ ၂/၁၀၀ ချည်ကို အသုံးပြုရက်လုပ်ထားပါက ၈၀၀၀၀ ကျပ်မှ ၁၀၀၀၀၀ကျော်အထိ ရောင်းချလျက်ရှိကြောင်း ကချင်ရိုးရာအထည်အရောင်းဆိုင်လုပ်ငန်းရှင်ထံမှ သိရှိရ ပါသည်။

          ဂျိန်းဖော့သူစက်ရက်ကန်းလုပ်ငန်းရှင်အား ထုတ်လုပ်နေမှုနှင့်ပတ်သက်၍ သွားရောက်တွေ့ဆုံ မေးမြန်းရာတွင် အထည်များထုတ်လုပ်မှုလုပ်ငန်းတွင် လိုအပ်သောကုန်ကြမ်းများဖြစ်သည့် ချည်များ၊ ဆေးများကို မန္တလေးမှတစ်ဆင့်မှာယူရကြောင်း၊ ရက်ကန်းရုံ တစ်ရုံအနေဖြင့် တစ်နှစ်လျှင် ချည်ထည် ကွင်းအရေအတွက် ၁၆၂၀၀၀ အထိ ထုတ်လုပ်နိုင်ကြောင်း၊  အကျိုးအမြတ်အနေဖြင့် တစ်နှစ်လျှင် ကျပ်လေးရာသိန်းမှ ကျပ်ခြောက်ရာငါးဆယ်သိန်းအထိ ရရှိပါကြောင်း၊ ရက်ကန်းလုပ်ငန်းတွင် ရက်ကန်း လုပ်သားရှားပါးမှုသည် အဓိကအခက်အခဲဖြစ်ကြောင်း၊ လက်ရက်ကန်းအတွက် လျှပ်စစ်မီးမလိုအပ် သော်လည်း စက်ရက်ကန်းအတွက် လျှပ်စစ်မီးသည် အဓိကကျသဖြင့် စက်သုံးဆီနှင့်လုပ်ငန်းလည် ပတ်ချိန်တွင် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်မှုကြုံတွေ့ရကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည်သုံးစွဲသူပြည်သူများ၏ ဝယ်လိုအားကိုရယူဆောင်ရွက်ရသော ကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချနိုင်မှသာ စျေးကွက်တွင် ရောင်းပန်းလှနိုင်ပြီး ပိုမိုတိုးတက်နိုင် ကြောင်း၊ ရိုးရာရက်ကန်းလုပ်ငန်းများမှာ လုပ်ငန်းတူအချင်းချင်း ပိုမိုတိုးတက်အောင် ပူးပေါင်းဆောင် ရွက်ခြင်း၊ ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးခြင်း၊ နည်းပညာသင်တန်းများပေးခြင်း၊ ကုန်ကြမ်းများကို အစုအဖွဲ့ဖြင့်တင်သွင်းနိုင်ရေးတို့ကို ဆောင်ရွက်နိုင်ပါက စျေးကွက်သို့ပိုမိုတိုးဖောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  ထိုအပြင် ရက်ကန်းလုပ်ငန်းများတွင် ရက်ကန်းလုပ်သား မိသားစုလိုက်လာရောက်လုပ်ကိုင်နေ သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိစေလျက်ရှိပါသည်။ အထည်ထုတ်လုပ်မှုလုပ်ငန်း တည်ရှိရာ အနီးပတ်ဝန်းကျင်မှ ဒေသခံပြည်သူများအား ချည်ချခြင်း၊ ရက်ဖောက်လုပ်ငန်းလုပ်ကိုင်ခြင်း၊ ရဟတ်လုံးများဆောင်ရွက်စေခြင်းတို့ကို ပုတ်ပြတ်စနစ်လုပ်ကိုင်စေခြင်းဖြင့် လစဥ် ဝင်ငွေသည်အနိမ့် ဆုံးကျပ် ၂၀၀၀၀၀ မှ အမြင့်ဆုံးကျပ် ၄၀၀၀၀၀ အထိ ရရှိစေခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် အပိုဝင်ငွေရအောင်ဖန်တီးပေးနိုင်ကြောင်းလည်းသိရပါသည်။ကချင်ရိုးရာအထည်များကို ဒေသထွက်စျေးကွက်တွင် ဖြန့်ဖြူးရောင်းချရုံတင်သာမက မြန်မာ နိုင်ငံအနှံ့အပြားတို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အွန်လိုင်းစျေးကွက်မှတစ်ဆင့်လည်း အရောင်း အဝယ်ရှိနေကြောင်း၊ ကချင်ရိုးရာအထည်များသည် အရောင်းအသွေး၊ ဒီဇိုင်းလှပခြင်း၊ အကွက် ဆန်းများ တီထွင်ထုတ်လုပ်လာကြသဖြင့် စျေးကွက်တွင် မျက်နှာပန်းလှ၍ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ကချင်ရိုးရာထည် ဖြန့်ဖြူးရောင်းချသူတစ်ဦးမှသိရပါသည်။ ကချင်ရိုးရာထည်များကို ပြည်တွင်းစျေးကွက် တွင်သာမက ပြည်တွင်းကုန်စည်ပြပွဲများ၊ ပြည်ပကုန်စည်ပြပွဲများတွင်လည်း ခင်းကျင်းပြသလျက်ရှိပြီး နိုင်ငံတစ်ကာစျေးကွက်သို့တိုးဖောက်နိုင်‌ရေးအတွက်ကြိုးစားလျက်ရှိပါသည်။

          ကချင်မျိုးနွယ်စုများသည် ဂျပ်ခုတ်ရက်ကန်းဖြင့် ရက်လုပ်ထားသော အထည်များကို ရိုးရာဝတ်စုံ အနေဖြင့် ဝတ်ဆင်ကြသော်လည်း ယခုအခါ ရက်ကန်းစင်ကြီး၊ စက်ရက်ကန်းများဖြင့် ရက်လုပ်ထားသော အထည်များကိုလည်း ဝတ်ဆင်လာကြသဖြင့် ရှေ့ဟောင်းဒီဇိုင်းများကို မူလလက်ရာမပျက်ဘဲ ခေတ်မီ ဆန်းသစ်တီထွင်သော ဒီဇိုင်းများဖြင့်ရက်လုပ်ထားသော ကချင်ရိုးရာအထည် များမှာ ယနေ့ခေတ်တွင် လူကြိုက်များသည်မှာ တစ်နိုင်ငံလုံးသာမက နိုင်ငံရပ်ခြားတိုင်းပြည်များအထိ ကျော်ကြားကာ ကမ္ဘာလှည့် ခရီးသွားများ၏ မျက်စိကျရာရိုးရာထည်များအဖြစ် စျေးကွက်အခိုင်အမာရရှိနေ ပြီးဖြစ်ကြောင်း တင်ပြ လိုက်ရပါသည်။

DOCA(ကချင်)