မြင်းခွာရွက်၏ ကျန်းမာရေးအကျိုးကျေးဇူး

Powered by Drupal
Mon, 12/08/2025 - 10:50 -- consumer_admin

      Apiaceae မျိုးရင်းဝင်ဖြစ်သည့် မြင်းခွာပင်သည် မြေကြီးပေါ်တွင် တွားသွားပေါက်သည့် ပင်စည်ပျော့မျိုးဖြစ်ပြီး နေရာအနှံအပြား အလေ့ကျပေါက်လေ့ရှိသည်။ မြင်းခွာပင်များတွင် ချိုသော အရသာ၊ ခါးသောအရသာ၊ အေးသောအရသာများရှိပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ် စေသည့် အစားအစာတစ်ခုဖြစ်ပါသည်။ ဆေးဝါးများ ဖော်စပ်ရာတွင်လည်း အသုံးပြုကြပါသည်။ မြင်းခွာပင်တွင် ဗီတာမင်- A ၊ ဗီတာမင်- C ၊ ဗီတာမင်- B2 ၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်တို့ ပါဝင်သောကြောင့် မှတ်ဉာဏ်အားကောင်းစေခြင်း၊ စိတ်ဖိစီးမှုများ လျော့ ကျစေခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း၊ ဆီးလမ်းကြောင်းဆိုင်ရာရောဂါများ ကာကွယ်ပေးနိုင်ခြင်း၊ မျက်စိအာရုံကြော အားကောင်းစေခြင်းစသည့် ကျန်းမာရေးပြဿနာများ၊ ရောဂါဝေသနာ အများစုကို ပြေလျော့ပေးနိုင်စွမ်းရှိပါသည်။

    ကျန်းမာရေးအတွက် အလွန်အထောက်အကူဖြစ်စေသည့် မြင်းခွာပင်ကို အိမ်ရှင်မများအနေဖြင့် ထမင်းဝိုင်းတွင် ငပိရည်၊ ငပိချက်တို့ဖြင့်  တို့မြှပ်စားကြသည်။ မြေပဲ၊ ခရမ်းချဉ်သီး၊ ပဲမှုန့် စသည်တို့နှင့်ရော၍ သုပ်စားကြသည်။ ဟင်းချိုရည်အဖြစ် ပုစွန်ခြောက်များနှင့်ရော၍လည်း ချက်ပြုတ်စားသောက်ကြသည်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်း မြင်းခွာပင် များကို ၅၀၀ ကျပ်မှစ၍ မိမိစိတ်ကြိုက်ဝယ်ယူနိုင်ပြီး မြင်းခွာပင်များကို ဒေသအတွင်း ခူးယူရောင်းချကြပါသည်။ မြင်းခွာပင်များ၏ ဈေးနှုန်းမှာ မမြင့်မားသော်လည်း ၎င်း၏အကျိုးကျေးဇူးမှာ အလွန် မြင့်မားသောကြောင့် တန်ဖိုးထားစိုက်ပျိုးစားသောက်သင့်သည်ဟု ထင်မြင်သုံးသပ်မိပါသည်။

DOCA(ကယား)