
ပန်းနှမ်းပင်သည် သမပိုင်းသီးနှံအမျိုးအစားဖြစ်ပြီး ရေကြမ်း၊ မြေကြမ်း၊ ရာသီဥတုဒဏ် ခံနိုင်သော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည်။ ရေငတ်ဒဏ်ခံနိုင်သဖြင့် အပူပိုင်းဒေသများ၊ မြေပြန့်ဒေသ များတွင် စိုက်ပျိုးနိုင်သလို တောင်ပေါ်ဒေသများတွင်လည်း စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ဆီထွက်သီးနှံ အမျိုးအစားဖြစ်သည်။ ယခုဆောင်းဦးရာသီကာလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)တခွင်၌ ပန်းနှမ်းနှင့် တောနေကြာရိုင်း ပင်များ ဝေဆာစွာဖူးပွင့် နေကြပြီး တောင်ကုန်းများထက်ဝယ် ဟိုတစ်ကွက် ဒီတစ်ကွက် ဖြင့် ဖြူ၊ နီ၊ ဝါ စသည့်ဖြင့် အလှဆင်လျက်ရှိသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ပြည်တွင်းခရီးသွားလာမှု များသော ဒေသများဖြစ်သည့် ကလော၊ ပင်းတယ၊ ရွာငံ၊ ညောင်ရွှေဒေသများတွင် ယခုချိန်တွင် ပန်းနှမ်းခင်းများ ဝေဝေဆာဆာပွင့်ဖူးလျက်ရှိသည်။ ပွင့်လင်း ရာသီရောက်ရှိပြီဖြစ်သဖြင့် ပြည်တွင်းခရီးသွားလာမှုများလည်း လာရောက်လည်ပတ်မှု တိုးတက်လျက် ရှိပါသည်။ ယခင်က အချို့သောခရီးသွားများ၊ အလှဓါတ်ပုံရိုက်သူများ၏ အဆင်အခြင်မဲ့စွာဖြင့် ပန်းနှမ်းခင်းများအတွင်း မဆင်မခြင်ဝင်ရောက်မှုကြောင့် တောင်သူများအနေဖြင့် ပန်းနှမ်းပင်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ သို့သော် ယခုအခါ ဒေသခံတောင်သူများမှ ပန်းနှမ်း စိုက်ခင်းများအနက် ဝင်ရောက် ကြည့်ရှုနိုင်ရန်နှင့် ဓါတ်ပုံရိုက်ကူးနိုင်ရန်အတွက် သီးသန့်ဧရိယာများ သတ်မှတ်ကာ ခရီးသွား ဧည့်သည်များအား သင့်တင်မျှတသော အခကြေးငွေကောက်ခံကာ ဝင်ရောက် ခွင့်ပြုလျက်ရှိကြောင်း သိရပါသည်။ ထို့ကြောင့် တောင်သူများအတွက်လည်း သီးနှံ မဆုံးရှုံးပဲ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေသလို ခရီးသွားဧည့်သည်များအတွက်လည်း ဒေသ အလှအပကို ထိတွေ့ခံစားနိုင်ပါသည်။ ဒေသခံတောင်သူများအတွက်သာမက လာရောက် လည်ပတ်သူ ခရီးသွားဧည့်သည်များအနေဖြင့်ပါ နှစ်ဦးနှစ်ဖက်အကျိုးရှိစေပြီး တောင်သူများ အတွက်လည်း တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ရှမ်း)
