နို့နှင့်နို့ထွက်ပစ္စည်း MSMEလုပ်ငန်းများအကျိုးအမြတ်များစေဖို့

Powered by Drupal
Tue, 11/25/2025 - 13:08 -- consumer_admin

 

          ပြည်ထောင်စုတစ်မျိုးသားလုံးနှင့်ကိုက်ညီပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ တိုးတက်များပြားလာပြီး  ပြည်သူလူထု၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန် မွေးမြူရေးဇုန်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါသည်။ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်သောနေရာတွင် မြန်မာနိုင်ငံမှာ ယနေ့အထိ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှု နည်းပါးနေသေးသော နို့စားနွားမွေးမြူထုတ်လုပ်ခြင်းနှင့် နို့နှင့်နို့ထွက် ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများသည်လည်း အဓိကအခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်နေပါသည်။  နို့စားနွားမွေးမြူသူများအတွက် အကျိုးအမြတ်များများရနိုင်ရန်အတွက်မှာလည်း နို့ထွက်နှုန်းကောင်းပြီး မြန်မာနိုင်ငံ၏ ရာသီဥအခြေအနေမှာ ခံနိုင်ရည်ရှိပြီးကျန်းမာသန်စွမ်း၊ ထုတ်လုပ်မှုမြင့်မားသော မျိုးကောင်းမျိုးသန့်များ ရရှိရန်လိုအပ်ပါသည်။ အခြားတစ်ဖက်တွင်လည်း စိုက်ပျိုးရေးလုပ်ငန်းများမှ ရရှိလာသော ဘေးထွက်ပစ္စည်းများဖြစ်သော ဥပမာအနေဖြင့်- ပဲမျိုးစုံစိုက်ပျိုးရေးမှ ရရှိလာမည့် ပဲရိုး၊ပဲမှော်၊ ဆန်စပါးထုတ်လုပ်ခြင်းမှ ရရှိလာနိုင်မည့် ကောက်ရိုး၊ ဖွဲ၊ ဆန်ကွဲနှင့် ဆီထွက်သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်းမှ ရရှိလာနိုင်မည့် ပဲဖက်၊ နှမ်းဖက်စသည်တို့ကို အသုံးပြုပြီး စျေးနှုန်းချိုချိုသာသာနှင့် အရည်အသွေးပြည့်မီအောင် ပြုပြင်ထုတ်လုပ်ထားသော တိရိစ္ဆာန်ဖြည့်စွက်စာများကို ထုတ်လုပ်ဖြန့်ဖြူးမည့် MSME လုပ်ငန်းများလည်း ဟန်ချက်ညီ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါသည်။  ဒေသနှင့်ကိုက်ညီသည့်မျိုးဖြစ်မှ ဒေသရာသီဥတု အခြေအနေအမျိုးမျိုးတွင် အကြမ်းခံမည်၊  ကျန်းမာမည်၊ ထုတ်လုပ်မှုစွမ်းအားကောင်းမည်။ မျိုးကောင်း ရရုံနှင့်မပြီးသေးပါ။ အရည်အသွေးကောင်းသောအစာနှင့် စနစ်ကျသောထိန်းကျောင်းမှုများလည်း လိုအပ်ပါသည်။ ထိုကဲ့သို့ အစာ၊ ထိန်းကျောင်းမှုများကောင်းများကောင်းပါမှ နို့စားနွားများ၏ ထုတ်လုပ်မှု စွမ်းအားများ ကောင်းမွန်လာမည်ဖြစ်ပါသည်။ ထို့အပြင် ရရှိလာသော နို့ထွက်ပစ္စည်းနှုန်းနှင့်အညီ အလေအလွင့်မရှိအရည်အသွေးပြည့်ဝသော နို့ထွက်ပစ္စည်းများကို ထုတ်လုပ်သော MSMEလုပ်ငန်းများကို ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန် လိုအပ်ပါသည်။ 

          ကျွန်ုပ်တို့နေထိုင်ရာ မြန်မာနိုင်ငံတွင် ၂၀၂၄ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအရ လူဦးရေ ၅၁ ဒသမ ၃သန်းကျော်ရှိပြီး  မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သော မိတ္ထီ လာခရိုင်၊ ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်၊ အမရပူရခရိုင်နှင့် ပြင်ဦးလွင်ခရိုင်တို့တွင်  နို့စားနွား မွေးမြူခြင်းလုပ်ငန်းများကို လုပ်ကိုင်ကြပါသည်။ နို့ထွက်ကောင်းပြီး နို့ညှစ်၍ရသော ရိုးရိုးဒေသနွားများကို အများစုမွေးမြူကြပြီး မေထုန်မျိုးဟုခေါ်သော ဒေသခံများခေါ်ဝေါ်ကြသော ဖရီရှန်မျိုးများကိုလည်း အနည်းစုကမွေးမြူနေကြပါသည်။ ရွေးချယ်မွေးမြူထားသော ဒေသနွားများ အနေဖြင့် နို့ထွက်ကောင်း သည်ဆိုပေမဲ့လည်း တကယ်တမ်းတွင် နိုင်ငံခြားမျိုးများနှင့်ယှဥ်လိုက်သောအခါ နို့ထွက်အရမ်း နည်းပါသည်။ ဒေသနှင့်ကိုက်ညီသော အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များကို အချိန်တို အတွင်း ထုတ်လုပ်နိုင်ရန် မျိုးပွားအကူနည်းပညာများကို သုတေသနဌာန လုပ်ငန်းများတွင်ရော နို့စားနွားမွေးမြူရေးလုပ်ငန်းများတွင်မှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ရန် လိုအပ်ပါသည်။ တိုးချဲ့တည်ထောင်လာမည့် နို့စားနွားမွေးမြူရေး ဇုန်များ ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ် MSME လုပ်ငန်းများအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို စျေးချိုချိုနှင့်ပေါပေါများများ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း၊ အကျိုးဖြစ်ထွန်းမှုများစေမည့် မွေးမြူနည်းစနစ်၊ လုပ်ငန်းလုပ်ကိုင် စီမံ ခန့်ခွဲမှုနှင့် ထိန်းကျောင်းမှုစနစ်များကို လုပ်ငန်းလုပ်ကိုင်ရန် စိတ်ဝင်စားသူများအား လေ့ကျင့်ပေးခြင်း၊ အစာလုံလုံလောက်လောက် ရရှိနိုင်ရန်ဆောင်ရွက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ လုပ်ငန်းများကို အစိုးရဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များစုပေါင်းဆောင်ရွက်မှု ပေးခြင်းတို့ ဆောင်ရွက် မှသာ အကျိုးအမြတ်များလာမည်ဖြစ်ပါသည်။  ထိုမှသာ ပြည်သူများအနေဖြင့်လည်း လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် ပိုမိုစိတ်ဝင်စားလာမည်ဖြစ်ပါသည်။ နို့ထွက်ကောင်းသော နိုင်ငံခြားမျိုးများသည် အရင်းအနှီးအလွန်ကြီးသည့်အပြင် ရာသီဥတုဒဏ်၊ ကပ်ပါးအစရှိသော ရောဂါပိုးမွှားဒဏ်များကို ခံနိုင်ရည်အားနည်းပြီး ရောဂါရလွယ်ခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်းနှင့် ပျက်စီးဆုံးရှုံးနိုင်ခြင်းများကြောင့် နို့ထုတ်လုပ်မှုကုန်ကျစရိတ် ပိုမိုမြင့်မားလာကာ အကျိုးအမြတ်များရရှိသင့်သလောက် မရရှိခြင်း တို့ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေမည့် ရာသီဥတုနှင့် ရောဂါပိုးမွှား ဒဏ်ပိုမိုခံနိုင်မည့် ဒေသမျိုးနွားများကို မျိုးမြှင့်တင်မွေးမြူခြင်းဖြင့် ထုတ်လုပ်မှုနှင့် အကျိုးအမြတ် ပိုမိုကောင်းမွန်စေမည့် နည်းလမ်းများကို အသုံးပြုခြင်းဖြင့် မြန်မာ့နို့စားနွားမွေးမြူရေးသည် စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် “ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ခြင်း MSMEလုပ်ငန်းများ အကျိုးများစေရန်နှင့် တိုးတက်များပြားလာစေရန် ဒေသနွားမျိုး မြှင့်တင်လို့ မျိုးပွားအကူနည်းပညာများကို အားကိုးကြပါစို့”ဟု တိုက်တွန်းပြောကြား ရေးသားလိုက် ရပါသည်။

DOCA(ပဲခူး)