ခဝဲစိုက်ပျိုးနည်း

Powered by Drupal
Tue, 11/25/2025 - 13:06 -- consumer_admin

 

          ခဝဲသီးကို အချိုချက်၊ အသား ၊ ငါး နှင့် ပုဇွန်ရော၍ ချက်စားတက်ကြသည်။ ဟင်းချိုအဖြစ် ချက်၍ အသီးနုများ ပြုတ်တို့စားကြသည်။ ဒေသမျိုးများတွင် အပုမျိုးနှင့် အရှည်မျိုးဟူ၍ (၂) မျိုးရှိသည်။ အပုမျိုး သည် (၆) လက်မခန့် ရှည်ပြီး အသီးပုံသဏ္ဍာန်မှာ အဖျားရှုး၍ အညှာပိုင်းကြီးသည်။ အရှည်မျိုးသည် (၁) ပေခန့်ထိရှည်၍ အရင်းအဖျားညီသည်။ ဆောင်းရာသီတွင် အပင်ငယ်ငယ်ဖြင့် ပန်းပွင့်တတ်၍ သတိထား စိုက်ပျိုးရသည်။ ရောဂါ၊ပိုးမွှားဒဏ်ခံ၍ ဒေသနှင့် ကိုက်ညီသောမျိုးကို ထိန်းသိမ်းစိုက်ပျိုးသင့်သည်။

          မိုးရာသီတွင် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် အစိုက်များသည်။ စက်တင်ဘာ၊ အောက်တိုဘာတွင် ခူးဆွတ် ကြသည်။ မြေပြန့်ဒေသများတွင် ဆောင်းနှင့် နွေတွင် စိုက်ပျိုးနိုင်သော်လည်း ရေကိုဝအောင် ပေးရပါသည်။ မိုးဒဏ်ကို ခံနိုင်ရည်ရှိပြီး စင်တင်စနစ်၊ ဝါးတန်းထိုးစနစ်ဖြင့်သာ အစိုက်များသည်။ တိုက်ရိုက်အစေ့ချစနစ်ကိုသာ စိုက်ကြသည်။ မျိုးစေ့ကို အညှေင့်ဖောက်၍ စိုက်ဘောင်ပေါ်တွင်(၁)ပေ ကြားလက် မဝတ်ခန့်မြှပ်၍စိုက်ပါ။ စိုက်ဘောင်ကို (၂) ပေအကျယ်၊ (၁)ပေအမြင့် ဆွဲ၍ တစ်ဘောင်နှင့် တစ်ဘောင် (၅) ပေ ခြားဆွဲပါ။ (၁)ဧကလျှင် အပင် (၈၀၀၀) ခန့်ရအောင်စိုက်ပျိုးပါ။ စင်ပေါ်သို့မရောင်မီ ကြားဝါးတန်းများကို (၁) ပေခြား ကန့်လန့်ဖြတ် ချည်ပေးရပါသည်။ အသီးစတင် သီးချိန်တွင် ပုလဲ၊ ပိုတက်ရှိနှင့် နွားချေးဆွေးတို့ကိုရော၍ ဘောင်အောက်ခြေမှ ဘောင်ထပ်ပြီး အစာထပ်မံ ကျွေးရပါသည်။ ခဝဲသီးကို  တစ်နိုင်တစ်ပိုင်အဖြစ်သာမက စီးပွားဖြစ်လည်း စိုက်ပျိုးကြကြောင်းတွေ့ရပါသည်။

DOCA(ပဲခူး)