ကျန်းမာရေးအတွက် အထောက်အကူပြုပြီး တိုးချဲ့စိုက်ပျိုးသင့်သော ထောပတ်

Powered by Drupal
Tue, 11/25/2025 - 13:02 -- consumer_admin

     မြန်မာနိုင်ငံ၏ ၁၂ လ ရာသီတွင် ရာသီအလိုက် ပွင့်‌သော ပန်းများ ၊ သီးပင် စားပင်များဖြင့် ဝေဝေဆာဆာ ဖူးပွင့်လျက်ရှိသည်။ ရာသီပန်းများသည်လည်း ရာသီအလိုက် အမျိုးစုံစွာ ဖူးပွင့်ကြပြီး သတ္တလောက ကြီးအား အလှဆင်နေသကဲ့သို့ ၊ ရာသီအလိုက်ပေါက်ရောက်သော သီးပင် ၊ စားပင် များသည်လည်း လူသားတို့အတွက် ကျန်းမာရေးတွင်များစွာ အထောက်အကူပြုလျက်ရှိသည်။ ထိုကဲ့သို့သော အသီးများတွင် ထောပတ်သီးသည်လည်း လူသားများ၏ ကျန်းမာရေးအတွက် သာမက စီးပွားရေးအတွက်ပါ အထောက်အကူပြုသော အသီးတစ်ရပ်အနေဖြင့် ရှိနေသည်။

        ထောပတ်ပင်ကို ကမ္ဘာ့နိုင်ငံအနှံအပြားတွင် တွေ့ရလေ့ရှိပြီး ၊ မြန်မာနိုင်ငံတွင် ချင်းတောင်ဒေသနှင့် ရှမ်းပြည် တို့တွင် အများဆုံးစိုက်ပျိုးသည်ကို တွေ့ရသည်။ ထောပတ်သည် အလွန်‌စေးသော မြေ၊ အလွန်သဲဆန်သောမြေနှင့် ရေဝပ်သော မြေများမှအပ အခြားမြေများတွင် စိုက်ပျိုး၍ရပြီး စိုက်ပျိုရန် အကောင်းဆုံးမြေမှာ သဘာဝ မြေဆွေးပါဝင်မှုများသော နှုန်းမြေ ဖြစ်သည်။ ထောပတ်မျိုးစိတ်များအနက် မြန်မာနိုင်ငံတွင် စီးပွားဖြစ်စိုက်ပျိုးသော ထောပတ်မျိုးကောင်းမျိုးသန့် (၂) မျိုးမှာ “ ဟက်စ် နှင့် ဖြူရီတီ” တို့ဖြစ်ပါသည်။

    ထောပတ်သီးသည် ကျန်းမာရေးအတွက် အထောက်အကူပြု‌သော ဓာတ်များဖြစ်သော အဆီဓာတ်၊ ပရိုတိန်း၊ ဗီတာမင်၊ သတ္တုဓာတ်များ ပါဝင်ပြီး ၊ ခန္ဓာကိုယ် အတွက် အကျိုးပြုသော အဆီတစ်မျိုးဖြစ်သည့် OMEGA 3 fatty acid ကြွယ်ဝစွာ ပါဝင်ပါသည်။ ထောပတ်သီးသည် လေဖြတ်ခြင်း၊ နှလုံသွေးကြောဆိုရာ ရောဂါ ခံစားရနိုင်ခြေနဲ့ ဆီးချို ဖြစ်ပေါ်မှုတွေကို လျှော့ချပေးနိုင်ပါသည်။ ထောပတ်သီးတွင် ကာဗွန်ဟိုက်ဒရိတ် ဓါတ် ပါဝင်မှု နည်းပြီး အချိုဓာတ်ပါဝင်မှု နည်းခြင်းသည် သွေးတွင်း သကြားဓာတ်ထိန်းညှိရာတွင် အထောက်အကူ ဖြုစေပြီး အမြင်အာရုံကိုလည်း ကောင်းမွန် စေနိုင်ပါသည်။ ထောပတ်သီးသည် ကင်ဆာရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်သော အသီး တစ်မျိုးဖြစ်ပြီး ခံတွင်းကင်ဆာ၊ အရေပြားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ အစရှိသော ကင်ဆာရောဂါ ဝေဒနာများ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသည်။

    ထောပတ်သီးသည် ကိုယ်ဝန်ဆောင်မိခင်များအတွက် အတန်အသင့် စားသုံးသင့်သော အသီးတစ်မျိုးဖြစ်သည်။ ထောပတ်သီးတွင် ပါဝင်သော ဖောလိတ်ဓာတ်သည် ရင်သွေးငယ်၏ ကိုယ်အင်္ဂါအစိတ်အပိုင်း ဖွံ့ဖြိုးစေရန် ထောက်ပံ့ပေးသည့် အတွက် မွေးရာပါ ချို့ယွင်းမှု မရှိအောင် ထောက်ပံ့ပေးနိုင်ပါသည်။ ထောပတ်သီးတွင်ပါဝင်သော သံဓာတ်ကလည်း ကိုယ်ဝန်ဆောင် မိခင်များအတွက် သွေးအားနည်းခြင်း ရောဂါကို ကာကွယ်ပေးနိုင်ပါသည်။ ထောပတ်သီးသည် လူသားများ၏ ကျန်းမာရေးအတွက် စားသုံးပေးသင့်သော အသီးတစ်မျိုးဖြစ်ပါသည်။

   ထောပတ်သီးသည် အဆီဓာတ်များစွာ ပါဝင်သောကြောင့် အလွန်အကျွံ့ မစားသင့်ပေ။ ထောပတ်သီးတွင် ဗီတာမင်နှင့် ဗီတာမင်အီး တို့သည် အ‌ရေပြားကို အာဟာရပြည့်ဝစေပြီး ဝင်းလက်တောက်ပစေပြီး ထောပတ်သီးသည် အသားအရေ ကို ချောမွေ့စေနိုင်ပြီး ၊ ယခုနောက်ပိုင်းတွင် ထောပတ်သီးကို အလှကုန်များ၊လူသုံးကုန်ပစ္စည်းများ တွင်ပါ တွင်ကျယ်စွာ ထည့်သွင်း အသုံးပြုလာသည် ကို တွေ့ရပါသည်။ ထောပတ်စိုက်တောင်သူများ အနေဖြင့်လည်း ခေတ်မှီနည်းလမ်းများကို အသုံးချ၍ ပိုမိုကောင်းမွန်သော ထောပတ်မျိုးများကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့်လည်း အကျိုးအမြတ်များ ရရှိစေနိုင်ပြီး ၊ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သည်အထိ ခေတ်မီ စိုက်ပျိုးရေးနည်းစနစ်များကို အသုံးပြု၍ ပိုမိုချဲ့ထွင် လုပ်ဆောင်ပြီး၊ နိုင်ငံခြားဝင်ငွေ ရရှိအောင် တစ်ဖြည်းဖြည်း တိုးချဲ့ လုပ်ဆောင်သွားရန်လိုအပ်ပါသည်။ ထောပတ်သီးသည် ကျန်းမာရေးအတွက်များစွာ အထောက်အကူ ပြုပြီး ပြည်ပသို့တင်ပို့ရောင်းချနိုင်သည် အထိမျိုးကောင်းမျိုးသန့်များကို ရွေးချယ် စိုက်ပျိုးခြင်းဖြင့် အနာဂတ်တွင် ဆန်စပါးကဲ့သို့ အနာဂတ်တွင် အလားအလာကောင်းသော အသီးတစ်မျိုး ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)