
ပန်းချီပညာဆိုသည်မှာ မြင်သမျှ တွေ့သမျှ ၊ စဥ်စားတွေးခေါ်ရသမျှကို ဘာမှမရှိသော နံရံပိတ်ကား၊ စက္ကူလွတ်များပေါ်တွင် ပုံဖော်၍ သရုပ်ဖော်ရေးဆွဲခြင်းကို ပန်းချီပညာရပ်ဟု ခေါ်ကြသည်။ ပန်းချီသည် လူတို့၏ စိတ်အာရုံကို အဆွဲဆောင်နိုင်ဆုံးနှင့် ခံစားမှုရသ များစွာပေးစွမ်း နိုင်သောကြောင့် သုခုမပညာရပ်၏ ဘုရင်ဟု တင်စားခေါ်ဝေါ်ကြသည်။ ပန်းချီအတတ်ပညာသည် စာရေးခြင်းအတတ်ထက် ဦးစွာပေါ်ပေါက်ခဲ့သည်။ ရှေးလူတို့သည် စကားလုံးမကြွယ်ဝသေးသဖြင့် မိမိတို့၏ဆိုလိုချက်ကို အရုပ်ပြရေးကြသည်။ ထို့ကြောင့် ရုပ်ပုံတစ်ပုံသည် စကားလုံးတစ်ထောင် ခန့်နှင့်တူညီသည်ဟု တရုတ်စကားပုံတစ်ခုကဆိုခဲ့သည်။ ရှေးခေတ်လူတို့သည် ဂူနံရံများပေါ်တွင် အနီးအပါး၌အလွယ်တကူရရှိနိုင်သော မြေနီ၊ မြေဝါ၊ မြေဖြူ၊ မီးခွက်မှိုင်း၊ မီးသွေးခဲများဖြင့် အရုပ်များကိုရေးဆွဲကြသည်။ နောင်အခါ ခဲတံ၊ မင်တံ၊ စုတ်တံများကို အသုံးပြုလာကြသည်။ ရုပ်ပုံပန်းချီရေးဆွဲရာတွင် ရေဆေးနှင့် ဆီဆေးဟူ၍ နှစ်မျိုးရှိသည်။ ဆီဆေးသည် ရေဆေးထက်ပို၍ အဆွဲရခက်သည်။ သို့သော် ဆီဆေးပန်းချီကားသည် ရေဆေးပန်းချီကားထက်ပို၍ အရောင်စိုပြီး အေးမြသောရာသီဥတုရှိသည့် နိုင်ငံများနှင့်သင့်လျော်သည်။ ရေဆေးကိုလွယ်ကူပြီး အမြန်ပြီး နိုင်သော ပန်းချီကားများအတွက် အသုံးများလေသည်။ ပန်းချီပညာသည် ဓာတ်ပုံပညာမပေါ်မီ ရှေးအခါကပင် ပေါ်ပေါက်ခဲ့သော ပညာရပ်ဖြစ်ပါသည်။ လက်ရာကောင်းသော ပန်းချီကားများသည် နှစ်ပေါင်းကြာရှည်သည့်တိုင်အောင် သိန်းသန်းချီ အဖိုးတန်လျက်ရှိသည်။ ဓာတ်ပုံရိုက်၍ မရသောအရာများကို ပန်းချီကားက ပုံဖော်နိုင်သဖြင့် ပန်းချီကားအတတ်သည် မတိမ်ကောခြင်း ဖြစ်သည်။
ပန်းချီကားတစ်ချပ်ကို လေ့လာသုံးသပ်ပြီး နားလည်သဘောပေါက်ပါက စိတ်တည်ငြိမ် အေးချမ်းမှုအရသာကို ခံစားရသောသုခုမပညာရပ်တစ်ခုဖြစ်သည်။ သို့သော်ခံစားတတ်ရန်မှာ မလွယ်ကူလှပါ။ ကမ္ဘာဦး လူတို့၏ကောက်ကြောင်းပန်းချီသည် သဘာဝကျခြင်း၊ ဟန်ပန်အမူအရာ နှင့် ပြည့်စုံခြင်းတို့ကြောင့် ယခုခေတ်ပန်းချီအကျော်အမော်များပင် အံ့သြချီးကျူး ကြရသည်။ သဘာဝနှင့်ရင်းရင်းနှီးနှီး လေ့လာဆက်ဆံရသော ဂူအောင်းပန်းချီအကျော် အမော်များသည် မျက်မြင်ကိုယ်တွေ့ ဗဟုသုတကိုမှီ၍ ဖော်ပြထားခြင်းဖြစ်သည်။ ခေတ်ဦးအစောပိုင်း ကာလတွင် ပန်းချီလက်ရာများသည် ကာလစား၍ ကွယ်ပျောက်ကုန်သော်လည်း ရှေးဟောင်း စာပေကျမ်းဂန် တို့တွင် ဖော်ပြချက်များအရ ရာဇဝင်ဒဏ္ဍာရီ၊ ရွှေဘုံနိဒါန်း၊ မင်းခမ်းမင်းနားနှင့် အဆို၊အက၊အတီး၊ အမှုတ်စသော အကြောင်းအရာများကို ရေးခြယ်ကြသည်ဟုသိရသည်။ ပုဂံခေတ်တွင် ပန်းချီရေးသော အကြောင်းခြင်းရာများသည် ဗုဒ္ဓဝင်နိပါတ်နှင့်စပ်သည်သာများသည်။ နှောင်းခေတ် ကာလသားများ တွင် ဗုဒ္ဓဝင်နိပါတ်တို့သာမက မင်းနှင့်စပ်သော အကြောင်းခြင်းရာများတွင်လည်း ပါဝင်လာသည်။ အတွင်းတော်အမိန့်နှင့်ဖြစ်စေ၊ လွှတ်တော်အမိန့်နှင့်ဖြစ်စေ ရေးဆွဲခိုင်းသောစီးတော်၊ ဆင်တော်၊ မင်းခန်းမင်းနားစသော ထီးသုံးနန်းသုံးပန်းချီများကို ရေးဆွဲလာကြပြီး မြန်မာတို့၏ဓလေ့ထုံးသဘာဝ၊ ပျော်ရွှင်မှုဆိုင်ရာပန်းချီကားများကိုလည်း ရေးဆွဲလာကြသည်။
DOCA(ပဲခူး)
