ကျန်းမာရေးအတွက်စားသုံးသင့်သော ငါးအမျိုးအစားများ

Powered by Drupal
Mon, 11/24/2025 - 10:26 -- consumer_admin

ငါးပုတ်သင်(ခေါ်) ငါးပြတ်

          ငါးပုတ်သင်သည် ရေငံငါးမျိုးဖြစ်သည်။ မြစ်၊ ချောင်းတို့တွင် မြူးတူးပျော်ပါးပြီး ပင်လယ်နှင့် ထိစပ်သော နေရာများတွင် အများဆုံးဖမ်းယူရရှိသည်။ ငါးပုတ်သင်ကို ငါးပြတ်ဟုခေါ်ရခြင်းမှာ အရသာပေါ့ပျက်ပျက်ရှိခြင်းကြောင့် ဖြစ်ပါသည်။ ငါးပုတ်သင်(ခေါ်)ငါးပြတ်သည် အရောင်အဆင်း အားဖြင့် ဖြူရော်ရော်ရှိသည်။ ပါးလွှာသော အကြေးရှိသည်။ ဦးခေါင်းလုံးသယောင်ရှိသည်။ ငါးပုတ်သင်တစ်ကောင်၏ ဦးခေါင်းတစ်ဖက်တစ်ချက်တွင် အဖြူရောင်ကျောက်တစ်လုံးစီပါရှိပြီး ထိုကျောက်များကိုထုတ်ယူ၍ ဆီးကျောက်တည်ရောဂါရှိသူများ သံပုရာရည်ဖြင့်စိမ်ထားပြီး သောက်ပေးပါက ကျောက်များပျော်ကျစေနိုင်သည်။ ငါးပုတ်သင်ကို ဟင်းလျာအဖြစ် စားသုံး ကြသည့်အပြင် ထက်ခြမ်းခွဲ၍ ငါးခြောက်များပြုလုပ်ကြသည်။ ငါးအစိုတွင် အရသာမကောင်း သော်လည်း ငါးခြောက်အဖြစ်စားသုံးသောအခါ ထူးထူးခြားခြားအရသာရှိသည်။ အရသာပေါ့သဖြင့် သွေးတိုးသမားများ စားသုံးရန်သင့်တော်သည်။ ငါးပုတ်သင်အကောင်ကြီးများတွင် စည်ဖောင်းပါရှိ တတ်သည်။ ငါးပုတ်သင်ဥမှာလည်း ထူးထူးခြားခြားအရသာရှိသည်။ မည်သည့်ငါးနှင့်မျှ မတူချေ။ ငါးပုတ်သင်(ခေါ်) ငါးပြတ်သည် သွေးတိုးသမားများနှင့် သင့်သောငါးမျိုးဖြစ်သည်။ ငါးခြောက်အဖြစ် စားသုံးလျှင်လည်းရသည်။ ပင်လယ်နှင့်ထိစပ်သော မြစ်ချောင်းများမှ ငါးပုတ်သင်အကောင် ကြီးများကို တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲလများတွင်အများဆုံးဖမ်းယူ ရရှိနိုင်သည်ဟု ဆိုကြသည်။ အကြောအဆစ်ရောင်ရောဂါရှိသူများ၊ လေးဖက်နာရောဂါရှိသူများလည်း စားသုံးနိုင် သောငါးမျိုးဖြစ်သည်။  ငါးပုတ်သင်သည် အစိုရောအခြောက်ပါ စျေးများတွင် အလွယ်တကူ ဝယ်ယူ ရရှိနိုင်သော ငါးမျိုးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စားသုံးမှုအများဆုံး ငါးမျိုးဖြစ်ပါသည်။

ငါးတန်

          ငါးတန်သည် သားကြီးငါးကြီးမျိုးများတွင် ပါဝင်သောငါးမျိုးဖြစ်သည်။ ငါးတန်တွင် အကြေးမရှိပါ။ အရေပြားပြောင်လက်ပြီး အရေထူသည်။ ငါး၏ဦးခေါင်းမှာ ငါးခူဦးခေါင်းနှင့်တူသည်။ ကျောရိုးဆူးတောင်တွင် အရိုးနုတစ်ချောင်းသာပါသည်။ ဝမ်းဗိုက်ဆူးတောင်များသည် အလယ် လောက်မှစ၍ အမြီးတိုင်အောက်ရှိသည်။ အမြီးခွသည် ဇောက်နက်သည်။ နှုတ်ခမ်းမွှေးလည်းရှိသည်။ ငါးတန်သည် အဆီများသော ငါးမျိုးဖြစ်သည်။ အဆီထူပြီး အသားနှင့်အဆီသည်ကပ်လျက်ရှိသည်။ ငါး၏အဆီသည် ခြေလေးချောင်းသားအဆီများကဲ့သို့ နှလုံးသွေးကြောကျဥ်းခြင်းကို မဖြစ်စေဟု ဆိုကြသည်။ အထူးသဖြင့် ပင်လယ်ကြီးငါးများ၏ အဆီသည်နှလုံးကို အကျိုးပြုသည့် ကောင်းသော အဆီမျိုးဖြစ်သည်။ ငါးတန်သည် ငါးထွေငါးမျိုးဖြစ်၍ ရေချို၊ ရေငံနှစ်မျိုးစလုံးတွင်တွေ့ရတတ်သည်။ ငါးအချင်းချင်းစားသောက်တတ်သဖြင့် ငါးတန်သည် အသားစားငါးမျိုးဖြစ်သည်။ ငါးတန်သည် ဆေးကျမ်းများအရ အဆီများ၏။ သလိပ်သည်းခြေကိုပယ်ဖျောက်တတ်၏။ ဝမ်းခိုင်ခြင်းကိုလည်း သက်သာစေတတ်သည်။ ငါးတန်သားကို ဆီးဖြူသီးနှင့်ချက်၍စားသော်သွေးဒူလာကို ပျောက်စေ သည်။ မီးယပ်ပူလိုက်သော် ငါးတန်သားကို မန်ကျည်းသီးစိမ်းနှင့် သုံးရက်မျှချက်စားပေးရသည်။ ငါးတန်သားကို ပုန်းရည်နှင့်ချက်ပါက မီးယပ်ချမ်းရောဂါကိုလည်း ပျောက်ကင်းစေနိုင်သည်။ အိပ်မပျော်သော် ငါးတန်သားကြော်၊ နှမ်းလှော်၊အုန်းနို့၊ ကြက်သွန်ကြော်နှင့်ရော၍ သုပ်ကျွေးခြင်းဖြင့် သက်သာစေနိုင်သည်။

ငါးဖယ်

          ငါးဖယ်သည် မြန်မာလူမျိုးတို့စားသုံးမှုအများဆုံး ငါးတစ်မျိုးဖြစ်ပါသည်။ စျေးများတွင် ငါးဖယ်ကို လတ်လတ်ဆတ်ဆတ် အကောင်လိုက်ရောင်းချရုံသာမက စားသုံးသူအဆင်ပြေစေ ရန်အတွက် အသားကိုပါးပါးလွှာပြီး ငါးဖယ်ခြစ်ပြုလုပ်ကာ ရောင်းချကြသည်။ ငါးဖယ်ကို အကောင်လိုက် ဟင်းချက်စားသည်ထက် အသားကိုခြစ်ယူပြီး ငါးဆုပ်အဖြစ်စားသုံးကြသည်က ပိုများသည်။ ဆေးကျမ်းများအရ ငါးဖယ်သည်ချိုဆိမ့်သော အရသာရှိသည်။ ကြေခဲသည်။ အားကိုဖြစ်စေသည်။ သည်းခြေနာ၊ ညောင်းနာကိုငြိမ်းစေသည်။ ငါးဖယ်သည် အရိုးများ၏။ သွေးတက်၏။ သွေးယားစေ၏။ မျက်စိနာရောဂါရှိသူ၊ ဝဲနာ၊ ယားနာ၊ သွေးယားနာရှိသူများနှင့် မသင့်ဟု မှတ်ယူထားကြသည်။ ငါးဖယ်ကို ရေချို၊ ရေငံနှစ်မျိုးစလုံးတွင် တွေ့ရတတ်သည်။  ငါးဖယ်ကိုယ်သည် ပြား၍ဝပ်သည်။ ဓားသွားကဲ့သို့ရှိသည်။ ကျောအရှေ့ပိုင်းခုံး၍ နောက်ပိုင်း ဖြောင့်သည်။ ကျော၌အလွန်သေးငယ်သော ဆူးတောင်ရှိသည်။ ငါးဖယ်သည် အသားမာသော ငါးမျိုးဖြစ်သဖြင့် ပထဝီဓာတ်အားနည်းသောသူများ အထူးသဖြင့် ကလေးငယ်များတွင် ဖြစ်လေ့ ရှိသောချည့်နဲ့ခြင်း၊ အရိုးပျော့ခြင်းမဖြစ်စေရန် ငါးဖယ်ကိုအသားခြစ်ယူပြီး ကြေညက်အောင် ကြိတ်၍ ဟင်းချက်၍ဖြစ်စေ၊ ကြော်၍ဖြစ်စေ၊ ထမင်းဖြင့်ရောနှော၍ ကျွေးသင့်သည်။ ပဲနှင့်အသားများသည် ကလေးငယ်များ၏ အသားကျစ်လျစ်မှုကို ဖြစ်စေသကဲ့သို့ ငါးဖယ်သည်လည်း ပုံမှန်ကျွေးပေးပါက တက်သစ်စကလေးငယ်လေးများ ကြီးထွားကြံ့ခိုင်မှုကို ဖြစ်စေနိုင်ပါသည်။  လူကြီးများအတွက်လည်း အသားအရေတွဲကျခြင်း၊ အရေပြားပျော့ခြင်း၊ ကြွက်သားများအားပျော့ခြင်း ဖြစ်ပါက ငါးဖယ်အသား၊ ငါးဆုပ်တို့ကို မကြာခဏစားသုံးပေးပါက ကြွက်သားနှင့်အသားအရေ တင်းမာခြင်းတို့ကို ဖြစ်စေနိုင် ကြောင်းရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)