မြတ်လေးပန်းနှင့်ကျန်းမာရေး

Powered by Drupal
Thu, 11/13/2025 - 15:05 -- consumer_admin

နွေတစ်ပိုင်း၊ မိုးတစ်ပိုင်း ရောနှောနေသောဝါဆိုလတွင် မြတ်လေးပန်းနှင့် ပုန်းညက်ပန်းတို့ပွင့်ကြပြီး ရှေးမြန်မာတို့က အလွန်မွှေးသော မြတ်လေးပန်းကို ဝါဆိုလ၏ရာသီပန်းအဖြစ် သတ်မှတ်ထားကြသည်။ ပန်းအဘိဓာန်တွင် မြတ်လေးပန်းအား ဇွဲသတ္တိရှိခြင်းအစွမ်းနှင့် ယှဥ်တွဲထားသည်ကို တွေ့ရတတ်သည်။ မူလပေါက်ရောက်ရာအရပ်မှာ ဟိမဝန္တာတော၏ အနောက်မြောက်ဘက် ဒေသဖြစ်သည်။ မြတ်လေးပင်သည် ချုံနှင့်နွယ်မျိုးဝင်ဖြစ်ပြီး မျိုးစိတ်ပေါင်း (၁၀၁)မျိုးခန့်ရှိသည်။ မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် မုလေးပင်ဟုခေါ်ကြသည်။ မြတ်လေးပန်းသည် တော်ဝင်ပန်းဖြစ်သည့်အလျောက် ကုန်းဘောင်ခေတ် တစ်လျောက်လုံးတွင် မြတ်လေးပန်းအဆီကို နန်းတွင်သုံးခေါင်းလိမ်းဆီအဖြစ် မြတ်မြတ်နိုးနိုး အသုံးပြုကြသည်။ မြတ်လေးပန်း၏ ထူးခြားချက်မှာအပွင့်ကို ခူးဆွတ်မည့်သူမရှိပါက ဘယ်သောအခါမှ သူ့အလိုအလျောက် မြေမခဘဲနွမ်းခြောက်သွားသည့်အချိန်ထိ ပင်ယံထက်တွင် တည်ရှိသည်။ ထို့ကြောင့် မြန်မာအမျိုးသမီးများအား အိန္ဒြေသိက္ခာထိန်းသိမ်းကြရာတွင် မြတ်လေးပန်းလိုကျင့်ဟု ပမာဏပေး၍ နှိုင်းဆိုကြသည်။ မြတ်လေးပန်းကို မြန်မာနိုင်ငံအနှံ့အပြားတွင် အလှစိုက်ပျိုးကြသည်။ မြတ်လေးပန်းပင်သည် အဖြူရောင်၊ အဝါရောင်၊ အနီစပ်နှင့် အနီရောင်ဟူ၍ အရောင်လေးမျိုးရှိပြီး အဖြူ၊ အနီစပ်နှင့် အနီရောင်တို့မှာ ထင်ရှားသည်။

အဝါရောင်မြတ်လေးပန်း

              အဝါရောင်မြတ်လေးပန်းပင်သည် နွယ်မျိုးဖြစ်ပြီး  လုံးပတ်မှာ ၄လက်မ ၅လက်မခန့်ရှိသည်။ အကိုင်းအခက်များမှာ ကောက်ကောက်ကွေးကွေးရှိသည်။ အရွက်သည် ၄လက်မမှ ၆လက်မအထိရှည်သည်။ ရွက်ရိုးတံနှစ်ဖက်စုံထွက်လျက်ရှိပြီး လေးစုံမှ ခြောက်စုံအထိထွက်သည်။ အဖျားချွန်းသည်။ အပွင့်မှာ အလွန်မွှေးသည်။ အဝါရောင်အပွင့်များ၍ ကဆုန်လတွင် အသီးသီးကြသည်။

အဖြူရောင်မြတ်လေးပန်း

              အဖြူရောင်မြတ်လေးပင်သည် နူးညံ့သောနွယ်ပင်မျိုးဖြစ်ပြီး လိမ်ကောက်နေကာ ၁၃ပေမှ ၁၅ပေအထိ နွယ်တက်သည်။ ရွက်လွှဲထွက်၍ သေးသွယ်သော အရွက်များထွက်သည်။ အပွင့်သည် အဖြူရောင်ရှိ၍ အနည်းငယ်ပျော့ပျောင်းသည်။ မြတ်လေးပန်းအနီပွင့်နှင့် သဏ္ဍာန်တူသော်လည်း မြတ်လေးပန်းအဖြူသည် သေးငယ်သည်။ လုံးဝန်းသောအသီးသီးသည်။

အနီရောင်စပ်မြတ်လေးပန်း

              အနီရောင်စပ်သောမြတ်လေးပန်းပင်သည် ချုံပင်ဖြစ်သည်။ အရွက်သည် ထိပ်ဖျားချွန်၍ ၂လက်မအထိရှည်သည်။ အရွက်အစွန်းသုံးခုရှိသည်။ အရွက်ခပ်ကျဲကျဲထွက်သည်။ အပွင့်မှာ မြတ်လေးပန်းအဖြူကဲ့သို့ ပွင့်သည်။ အစိမ်းရင့်ရောင်အရွက်မှာ အနည်းငယ်ထူ၍ မျက်နှာပြင် ပြောင်ချောသည်။ အနီရောင်မြတ်လေးပန်းပင်သည်လည်း အလားတူအပင်မျိုးပင်ဖြစ်သည်။

              အပွင့်နှင့်အရွက်တို့ကို ဆေးဝါးအဖြစ်လည်း အသုံးပြုနိုင်ပါသည်။  မြန်မာ့ ဆေးကျမ်းများတွင် မြတ်လေးပန်းပင်သည် ဖန်သည်ခါးသည်။ စပ်သည်။ ပူသည်။ ကြေကျက် လွယ်သည်။ အန်စေတတ်သည်။ ဒေါသသုံးပါးကို ငြိမ်းစေတတ်သည်ဟု ညွှန်းဆိုထားသည်။ ဆေးဖက်ဝင်အပင်များဆေးကျမ်းတွင် မြတ်လေးပန်းနှင့်ပတ်သတ်၍ ဆေးစွမ်းထက်မြတ်ပုံတို့ကို စိုးရိမ်စိတ်ကဲခြင်း၊ စိတ်ငြိမ်စေခြင်း၊ အရိုးကင်ဆာ၊ ရင်သားကင်ဆာ၊ မျက်စိကျိန်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ အသားရေခြောက်ခြင်း၊ အားကုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဖိအားများခြင်းတို့အတွက် အသုံးပြုနိုင်သည်ဟု ဖော်ပြထားသည်။ အိန္ဒိယဆေးကျမ်းများတွင် မြတ်လေးပန်းသည် စူးရှခါးသီးပြီး စူးရှသောအရသာရှိသည်။ခံတွင်းရောဂါ၊ ခေါင်းကိုက်ခြင်း၊ ပန်းနာရင်ကြပ်၊ သွားပိုးစားခြင်း၊ ပါးစပ်ရောင်ခြင်း၊ မျက်စိရောဂါများအတွက် အလွန်အသုံးဝင်သည်။ သွားကိုက်ခြင်း၊ ယားယံခြင်းနှင့်နားကိုက်ခြင်းတို့အတွက်လည်း အလွန်ကောင်းမွန်သည်။  သွေးရောဂါ၊နူနာ၊ အနာအမျိုးမျိုးတို့အတွက် အပင်၏အမြစ်သည် ဆေးစွမ်းထက်သည်။ အရက်နာကျခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးထွက်လွန်ခြင်း၊ လေငန်း၊ ဒူလာရောဂါတို့အတွက် လည်းကောင်း၏။ အနီရောင်ပန်းပွင့်ကို ဆိုးဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။ မြတ်လေးပန်း အဆီသည် ခါး၏။ သက်ကြီးရွယ်အိုများအတွက် ကောင်းမွန်၏။ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ အရေပြားကို ပျော့ပျောင်းစေခြင်း၊ ဦးနှောက်ကိုအားပြုစေခြင်း၊ အရိုးအဆစ်ကျန်းမာခြင်း အတွက်လည်း အသုံးဝင်၏။ ထို့အပြင် နားကိုက်လျှင် မြတ်လေးဆီဖြင့် နားကျပ်နိုင်၏။ အမြစ်ကို အခြောက်ခံ၊ အမှုန့်ပြုလုပ်၍ ရေဖြင့်သောက်လျှင် အူအတွင်းရှိ တုတ်ကောင်၊ သန်ကောင်များကို သေစေနိုင်သည်။

              မြတ်လေးပန်းသည် အနံ့ရှူရုံမျှဖြင့် အမူးအမော်ကိုပြေစေသော အာနိသင်ရှိသည်။ ‌ချွေးထွက်လွန်ခြင်း၊ မူးဝေခြင်း၊ မောပန်းခြင်းများအတွက် မြတ်လေးပန်းပွင့်ကို ရှူပေးခြင်းဖြင့် သက်သာစေနိုင်သည်။ မြတ်လေးပန်းပွင့်ကို နှမ်းဆီဖြင့်ကြိတ်၍ ရှူပေးလျှင် ခေါင်းကိုက်ရောဂါကို ပျောက်ကင်းစေနိုင်သည်။ အရွက်ကိုပြုတ်၍ ငုံဆေးအဖြစ် ငုံပေးပါက သွားကိုက်၊ သွားနာ ပျောက်ကင်းစေသည်။ မြတ်လေးပန်းခြောက်ကို နှမ်းဆီတွင်စိမ်ထားပြီး နားကျပ်ပေးပါက နားပြည်ယိုရောဂါကို ပျောက်ကင်းစေသည်။ နှလုံးရောဂါ၊ အမောရောဂါများအတွက် ဖော်စပ်သော ဆေးဝါးများတွင် မြတ်လေးပွင့်ကို ထည့်သွင်းဖော်စပ်ကြသကဲ့သို့ သွေးအေးဆေးများ ဖော်စပ် ရာတွင်လည်း ထည့်သွင်းဖော်စပ်လေ့ရှိသည်။ မြတ်လေးပန်းများလှိုင်လှိုင်ပွင့်သော ရာသီတွင် မွန်မြတ်စွာဖြင့်ဘုရားကပ်လှူပူဇော်ရင်း ဆေးဝါးအဖြစ်လည်း သုံးစွဲနိုင်ကြကြောင်း မှတ်သား သိမှတ်ဖွယ်ဖြစ်အောင် ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)