အုန်းရည်နှင့်တွဲဖက်သောက်သုံးခြင်းဖြင့်အာဟာရမြှင့်တင်ပေးနိုင်သော အစားအစာ(၄)မျိုး

Powered by Drupal
Thu, 11/13/2025 - 15:04 -- consumer_admin

   အုန်းရည်သည် အာဟာရဓာတ်များနှင့် ရေဓာတ်တို့၏ သဘာဝအရင်းအမြစ် တစ်ခုဖြစ် ပါသည်။ လန်းဆန်းစေသော အုန်းရည်မှာဆိုလျှင် ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဆီဒီယမ်တို့ ကဲ့သို့သော သတ္တုဓာတ်များပါဝင်သော‌ကြောင့် ခန္ဓာကိုယ်၏ ရေဓာတ်ကိုထိန်းထားပေးနိုင်ပြီး ကြွက်သားနှင့်အာရုံကြောဆိုင်ရာ လုပ်ဆောင်ချက်များကို ပံ့ပိုးပေးနိုင်သောကြောင့် ကိုယ်လက် လေ့ကျင့်ခန်းများ လုပ်ဆောင်ပြီးနောက်တွင် သောက်သုံးသင့်သော အကောင်းဆုံးသဘာဝ ဖျော်ရည်တစ်ခုအဖြစ် အသိအမှတ်ပြုထားကြပါသည်။ အုန်းရည်သည် ကယ်လိုရီနည်းပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှုများသောကြောင့် အဆိပ်အတောက်များ ဖယ်ရှားပေးခြင်း၊ အသားအရေကို ကျန်းမားကောင်းမွန်စေခြင်းနှင့်အတူ အစာခြေဖျက်ခြင်းကို အထောက်အကူ ပြုနိုင်ပါသည်။ အုန်းရည်သည် အာဟာရဓာတ်ပြည့်ဝပြီးသားဖြစ်သော်လည်း အာဟာရတန်ဖိုး ပိုမိုမြင့်မားစေရန်အတွက် အုန်းရည်ထဲတွင် ပေါင်းစပ်ထည့်သွင်းနိုင်သော သဘာဝပါဝင်ပစ္စည်း အချို့လည်းရှိပါသေးသည်။ အာဟာရဓာတ်ပိုမိုရရှိစေနိုင်ရန်အတွက် အုန်းရည်နှင့်ပေါင်းစပ်၍ သောက်သုံးလို့ရသော အစားအစာများကို ဖော်ပြပေးသွားပါမည်။

ချီယာစေ့(Chia seeds)

              ချီယာစေ့များတွင် အမျှင်ဓာတ်၊ အိုမီဂါ-၃နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်နေ သောကြောင့် ပူပြင်းလှသောနွေရာသီတွင် လူသားများ၏အစာအိမ်ကို အချိန်ကြာကြာ ပြည့်ဝနေစေ မှာဖြစ်ပြီး အစာချေစနစ်ကို အထောက်အကူပြုကာ စွမ်းအင်တိုးတက်စေရန် ကူညီပေးနိုင်မှာ ဖြစ်ပါသည်။ အုန်းရည်တွင် ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်ကဲ့သို့သော သတ္တုဓာတ်များကြွယ်ဝစွာ ပါဝင်နေသလို ချီယာစေ့များသည် ၎င်းတို့၏အလေးချိန်ထက် ၁၀ဆကျော်အထိ ရေကိုစုပ်ယူ နိုင်သောကြောင့် ခန္ဓာကိုယ်အတွင်းရေဓာတ်ကို  ပိုမိုကြာရှည်စွာ ထိန်းထားနိုင်ရန် ကူညီပေးပါသည်။

သံပုရာရည်

              အုန်းရည်တွင် ပိုတက်ဆီယမ်၊ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်စသော သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်နေပြီး သံပုရာရည်တွင် ဗီတာမင်စီနှင့် ရေဓာတ်ကိုပံ့ပိုးပေးသော အင်ဇိုင်းများ ပေါများစွာ ပါဝင်နေပါသည်။  သံပုရာသီးသည် အက်ဆစ်ဓာတ်ရှိပြီး ၎င်းကိုအစာအိမ်အတွင်း  ချေဖျက်ပြီးနောက်တွင် အယ်ကာလိုင်းအာနိသင်ကိုရရှိစေပါသည်။ ထို့နောက် အယ်ကာလိုင်း အာနိသင်ရှိသော အုန်းရည်နှင့်ထပ်မံပေါင်းစပ်လိုက်သောအခါ ခန္ဓာကိုယ်၏PHဓာတ် (သွေးထဲတွင် ရှိသော အချဥ်ဓာတ် သို့မဟုတ် အယ်ကာလီဓာတ်ပမာဏ)ကိုမျှတစေပြီး အက်ဆစ်ဓာတ်များကို လျှော့ချပေးနိုင်ခြင်း ဖြစ်ပါသည်။  ကျောက်ကပ်ကျောက်တည်ခြင်းများကို ကာကွယ်ပေးနိုင်သလို သွေးအားနည်း‌ရောဂါကို တိုက်ဖျက်ရန်အတွက် သံဓာတ်စုပ်ယူမှုကိုလည်း အားကောင်းစေနိုင် ပါသည်။

ပျားရည်စိမ်း

              အာယုဗေဒ ဆေးပညာအရ ပျားရည်စိမ်းနှင့်အုန်းရည်ကို ရောစပ်သောက်သုံးခြင်းသည် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သည်ဟု ယူဆကြပါသည်။ ကျွမ်းကျင်သောသူများ၏ အဆိုအရ ပျားရည်စိမ်းတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အင်ဇိုင်းများနှင့် ဇီဝပိုးမွှားများကို တိုက်ဖျက်နိုင်သော ဂုဏ်သတ္တိများ ကြွယ်ဝစွာပါဝင်နေသောကြောင့်ဖြစ်ပါသည်။ ပျားရည်စိမ်းကို အုန်းရည်တွင် ပါဝင်သော သတ္တုဓာတ်များနှင့် ရောစပ်လိုက်သောအခါ ရောဂါကူးစက်မှုများကို တိုက်ဖျက်ပေးနိုင် သကဲ့သို့ ကိုယ်ခံအားကောင်းမွန်စေရန်လည်း အထောက်အပံ့ပေးနိုင်ခြင်းဖြစ်ပါသည်။

ပူစီနံ

              ပူစီနံနှင့်အုန်းရည်တို့ကို ပေါင်းစပ်လိုက်ခြင်းသည် လန်းဆန်းစေသော ဖျော်ရည်တစ်မျိုးကို ရရှိစေရုံသာမက ခန္ဓာကိုယ်ကို အေးမြစေခြင်း၊ အစာခြေစနစ်ကိုမြှင့်တင်ပေးခြင်းနှင့် အဆိပ် အတောက်များ ဖယ်ရှားပေးခြင်းတို့ကိုပါ ကူညီပေးနိုင်ခြင်းဖြစ်ပါသည်။ ပူစီနံအရွက်သည် အစာခြေ အင်ဇိုင်းများကို လှုံ့ဆော်ပေးနိုင်ပြီး အုန်းရည်သည် အစာအိမ်ကို ပျော့ပျောင်းစေကာ လေထိုး၊ လေအောင့်ပြဿနာများကို လျှော့ချပေးနိုင်ပါသည်။ ပူစီနံအရွက်တွင် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်တို့ကို ဆန့်ကျင်စေနိုင်သော ဂုဏ်သတ္တိများပါရှိပြီး ၎င်းကိုအုန်းရည်နှင့် ရောစပ်လိုက် သောအခါ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်ပြီး ခံတွင်းကျန်းမာရေးကိုလည်း အထောက်အကူ ပြုစေနိုင်ပါသည်။

DOCA(ပဲခူး)