မြန်မာနိုင်ငံ၏ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများ

Powered by Drupal
Wed, 11/12/2025 - 15:00 -- consumer_admin

    အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scams)နှင့် လောင်းကစားမှု (Online Gambling)အွန်လိုင်းလိမ်လည်မှု (Online Scams) နှင့် လောင်းကစားမှု (Online Gambling)များ အပါအဝင် ယင်းတို့နှင့်ဆက်စပ်ဖြစ်ပေါ်လာတဲ့ လူကုန်ကူးမှု (Trafficking in Person)၊ လူမှောင်ခိုမှု(People Smuggling)၊ ရာဇဝတ်မှုကျူးလွန်ရန်အလို့ငှာ အဓမ္မလုပ်အားခိုင်းစေမှု (Forced Criminality)၊ ငွေကြေးခဝါချမှု (Money Laundering) စတဲ့ နိုင်ငံဖြတ်ကျော် မှုခင်းများဖြစ်ပွားမှုဟာ ဒေသတွင်းနိုင်ငံများမှာ မြင့်တက်လျက်ရှိပါတယ်။

     အဲ့ဒီလုပ်ငန်းတွေကို ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ နယ်စပ်ဒေသများမှာ အခြေချ လုပ်ကိုင်နေ ကြတာကို တွေ့ရှိရပါတယ်။ တရားမဝင် လုပ်ငန်းများဖြစ်တဲ့အတွက် အလုပ်သမား လိုအပ်ချက်များ ရှိတာကြောင့် လူမှုကွန်ရက်များ၊ Social Media များအပါအဝင် နည်းလမ်းမျိုးစုံအသုံးပြုပြီး မက်မောလောက်တဲ့ လုပ်ခလစာများနဲ့ မက်လုံးပေးပြီး စည်းရုံးခေါ်ဆောင်နေကြတာကိုလည်း တွေ့ရှိရပါတယ်။

    မြန်မာနိုင်ငံအတွင်း Online Scams လုပ်ငန်းလုပ်ကိုင်နေတဲ့ နယ်မြေအများစုမှာ တရား ဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များဆောင်ရွက်ရန် အခက်အခဲနဲ့ ကန့်သတ်ချက်များကြုံတွေ့နေရပါတယ်။

     အဲ့ဒီအခက်အခဲတွေအပေါ် ဝိသမလောဘသားများက အခွင့်ကောင်းယူပြီး ကျူးလွန်နေ ကြခြင်းဖြစ်ပါတယ်။ အထက်ပါ နိုင်ငံဖြတ်ကျော် မှုခင်းများကို ဦးစီးဆောင်ရွက်နေသူတွေဟာ နိုင်ငံခြားသားများဖြစ်ပြီး တရုတ်နိုင်ငံသား အများစုနဲ့ အခြားနိုင်ငံခြားသားများကို ပြစ်မှုကျူးလွန်ရန် အသုံးချကြောင်း တွေ့ရှိရပါတယ်။ ပြစ်မှုကျူးလွန်ရာမှာ အသုံးချခံနေရတဲ့ နိုင်ငံခြားသားမှာ ၎င်းတို့မိသားစုဝင်များနဲ့ ၎င်းတို့မူရင်းနိုင်ငံမှ တာဝန်ရှိသူတွေကိုဆက်သွယ်ပြီး မြန်မာနိုင်ငံအတွင်း မှာ အခက်အခဲများနဲ့ ရင်ဆိုင်နေရတာကြောင့် ကယ်တင်ပေးရန် အကူအညီတောင်းခံကြပါတယ်။ သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူတွေက မြန်မာနိုင်ငံမှ တာဝန်ရှိသူများထံဆက်သွယ်ပြီး ဆက် လက်အကူအညီ တောင်းခံကြပါတယ်။

နိုင်ငံခြားသားများကို ရှာဖွေကူညီ ကယ်တင်ပေးမှုနှင့် ပြန်လည်လွှဲပြောင်းပေးမှု

     ၂၀၂၂ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ အထူးသဖြင့် ကရင်ပြည် နယ်နဲ့ ရှမ်းပြည်နယ်တို့ရှိ နယ်စပ်ဒေသများသို့ ရောက်ရှိနေပြီး အခက်အခဲများ ကြုံတွေ့နေရတဲ့ နိုင်ငံခြားသားများကို ရှာဖွေကူညီ ကယ်တင်ပေးနိုင်ပါရန် အကူအညီတောင်းခံစာများကို သံတမန် လမ်းကြောင်း၊  အင်တာပိုလ်ရဲ ဆက်သွယ်ရေးလမ်းကြောင်းနဲ့ ရဲဆက်ဆံရေးအရာရှိ လမ်းကြောင်း စတဲ့လမ်းကြောင်းအသီးသီးမှ လက်ခံရရှိခဲ့ပါတယ်။ အကူအညီတောင်းခံမှုများအနေနဲ့ သံတမန် လမ်းကြောင်းမှ ၅၉၅ ကြိမ်၊ အင်တာပိုလ်ရဲဆက်သွယ်ရေး လမ်းကြောင်းမှ ၁၄၉ ကြိမ်နဲ့ ရဲဆက်ဆံ ရေး အရာရှိလမ်းကြောင်းမှ ၈၇ ကြိမ်ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၄၄ နိုင်ငံမှ အကူအညီတောင်း ခံခြင်းဖြစ်ပြီး ရှာဖွေကူညီ ကယ်တင်ပေးရမယ့် လူဦးရေအနေဖြင့် ၅၇၆၄ ဦး (အမျိုးသား ၄၇၀၈ ၊ အမျိုးသမီး ၁၀၅၆) ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၅ ရက်အထိ ၂၁၃၆ ဦး (အမျိုးသား ၁၅၇၆ ၊ အမျိုးသမီး ၅၆၀)ကို ရှာဖွေကယ်တင်နိုင်ခဲ့ပြီး ၂၁၀၅ ဦး ( အမျိုးသား ၁၅၅၀ ၊  အမျိုးသမီး ၅၅၅) ကို သက်ဆိုင်ရာနိုင်ငံ အသီးသီးသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ပြီး ဖြစ်ပါတယ်။

      လွှဲပြောင်းပေးရန်ကျန်ရှိတဲ့ ၃၁ ဦး (အမျိုးသား ၂၆ ၊ အမျိုးသမီး ၅) ကိုလည်း လုပ်ထုံး လုပ်နည်းနဲ့အညီ အမြန်ဆုံးဆက်လက် လွှဲပြောင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ရှာဖွေ ကယ်တင်ရရှိသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်းစိစစ်ခဲ့ရာ အများစုဟာ မိမိကိုယ်ကျိုးစီးပွားအတွက် အလုပ်လုပ်ကိုင်ရန် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနဲ့ တရုတ်နိုင်ငံ စတဲ့အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံအချို့ကိုဖြတ်သန်းပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အစိုးရအနေနဲ့ လူသား ချင်းစာနာထောက်ထားမှု၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှုကာ ပြည်တွင်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ခြင်းမပြုဘဲ  သက်ဆိုင်ရာနိုင်ငံ အသီးသီးသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိ ပါတယ်။

     မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံး အရေးယူပြည်နှင် လွှဲပြောင်းမှုကြီးကြပ်ရေး ဗဟိုကော်မတီဖွဲ့စည်းမှု ယင်းလုပ်ငန်းစဉ်များအား ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရက “မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေနဲ့အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေး ဗဟို ကော်မတီ” ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်မှာ ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီ၊ လုပ်ငန်း ဆပ်ကော်မတီနဲ့ အတွင်းရေးမှူးရုံးအဖွဲ့တို့ကို ဆက်လက်ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များ ဆောင် ရွက်လျက်ရှိပါတယ်။မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေကို ရှာဖွေကူညီကယ် တင်ကာ သက်ဆိုင်ရာနိုင်ငံ အသီးသီးသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆိုင်ရာကိစ္စရပ်များနဲ့စပ် လျဉ်းပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းကော်မတီနဲ့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများက တာဝန်ရှိသူတွေအကြား ညှိနှိုင်း အစည်းအဝေးများကိုလည်း နေပြည်တော်နဲ့ ရန်ကုန်မြို့တို့မှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

ဗဟိုကော်မတီမှ ပြည်နှင်လွှဲပြောင်းပေးခဲ့သည့် နိုင်ငံခြားသား အရေအတွက်

     မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scams) နဲ့ လောင်းကစားမှု (Online Gambling) ကျူးလွန်ကြတဲ့ နိုင်ငံခြားသားများ အပါအဝင် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများကို ဖော်ထုတ်ဖမ်းဆီးပြီး သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးလျက်ရှိရာမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၅ ရက်အထိ နိုင်ငံခြားသား ၆၇၄၇၃ ဦး (အမျိုးသား ၅၄၃၅၆ ဦး ၊ အမျိုးသမီး ၁၁၄၃၄ ဦး ၊ ကျား/ မ မခွဲနိုင်သူ ၁၆၈၃ ဦး)ကို ပြန်လည်လွှဲပြောင်း ပေးခဲ့ပြီးဖြစ်ပါတယ်။မိမိတို့ မြန်မာနိုင်ငံသားများဟာလည်း အကြောင်းအမျိုးမျိုးကြောင့် ဒေသတွင်း နိုင်ငံအချို့ရှိ အွန်လိုင်း လိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် လိမ်လည် စည်းရုံးပို့ဆောင်ခံရတဲ့ ဖြစ်စဉ်များလည်း ဖြစ်ပွားလျက်ရှိပါတယ်။ ၂၀၂၂ ခုနှစ်မှ လက်ရှိအချိန်အထိ ဖိလစ်ပိုင်နိုင်ငံမှာ အခက်အခဲများ ကြုံတွေ့ခဲ့တဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၈၇ ဦး (အမျိုးသား ၃၈ ၊ အမျိုးသမီး ၄၉) နဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ အခက်အခဲများကြုံတွေ့ခဲ့တဲ့ မြန်မာနိုင်ငံသား ၄၄ ဦး (အမျိုးသား ၂၅ ၊ အမျိုးသမီး ၁၉)ကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။

      အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် လောင်းကစားမှုများအား တားဆီးနှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (Online Scams and Gambling Action Task Force - OSGATF) ဖွဲ့စည်း ဆောင်ရွက်နေမှု အွန်လိုင်းအသုံးပြု လိမ်လည်မှုနဲ့ လောင်းကစားမှုတွေကို ကြိုတင်ကာကွယ်ရေး၊ စုံစမ်းဖော်ထုတ်ရေး၊ တားဆီးနှိမ်နင်းရေး၊ ဥပဒေနဲ့အညီအရေးယူနိုင်ရေး၊ လူကုန်ကူးခံရသူများနဲ့ အဓမ္မစေခိုင်းခံရသူများကို ရှာဖွေကူညီကယ်တင်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ နေရပ်သို့ပြန်လ်  လွှဲပြောင်း ပေးနိုင်ရေးတို့အတွက် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် “အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scams) နဲ့ လောင်းကစားမှု (Online Gambling) များအား တားဆီးနှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (Online Scams and Gambling Action Task Force - OSGATF)” ကို ၂၀၂၅ ခုနှစ် မတ်လ ၂၅  ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။

      မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်အတွင်း Online Scams မှုခင်းများအား တားဆီးနှိမ်နင်း အရေးယူမှုမြန်မာ - တရုတ်  နှစ်နိုင်ငံပူးပေါင်းပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့မှာရှိတဲ့ Online Scams လုပ်ငန်းတွေကို တားဆီး နှိမ်နင်းလျက်ရှိရာ ပူးပေါင်းစစ်ဆင်ရေး သုံးကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ပထမအကြိမ်စစ်ဆင်ရေး ကို ၂၀၂၄ ခုနှစ် မတ်လ ၂၈ ရက်မှ ၃၁ ရက်အတွင်း ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံသား ၃၅၂ ဦး (အမျိုးသား ၃၃၇ ၊ အမျိုးသမီး ၁၅)၊ ဒုတိယအကြိမ်စစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၃ ရက်မှ ၂၆ ရက်အတွင်း ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံသား ၃၁၃ ဦး (အမျိုးသား ၃၀၂ ၊ အမျိုးသမီး ၁၁)၊ တတိယအကြိမ် စစ်ဆင်ရေးကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၁ ရက်မှ ၃၀ ရက်အတွင်း ဆောင်ရွက် ခဲ့ပြီး တရုတ်နိုင်ငံသား ၂၅၆ ဦး (အမျိုးသား ၂၅၂၊ အမျိုးသမီး ၄) တို့ကိုလုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူကာ တရုတ်နိုင်ငံကို ပြည်နှင်လွှဲပြောင်း ပေးခဲ့ပြီးဖြစ်ပါတယ်။

မြန်မာ-တရုတ်-ထိုင်းသုံးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု

     မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် မြဝတီဒေသမှာရှိတဲ့ နယ်မြေများအတွင်းကို တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်ပြီး Online Scams၊ Online Gambling လုပ်ငန်းများ လုပ်ကိုင်နေမှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့အတွက် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံ တော်ဝင်ရဲအဖွဲ့တို့ပါဝင်တဲ့ မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံစစ်ဆင်ရေးကိုလည်း ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်အထိ ဆောင်ရွက်ခဲ့ကြပါတယ်။ အဲ့ဒီစစ်ဆင်ရေး အောင်မြင်မှုတွေအရ စစ်ဆင်ရေးကာလကို ၂၀၂၃ ခုနှစ် ဇွန်လမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ထပ်တိုးဆောင်ရွက်ခဲ့ကြပါတယ်။ စစ်ဆင်ရေးကာလအတွင်းမှာ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် မြဝတီဒေသမှ ရှာဖွေကယ်တင်ရရှိခဲ့တဲ့ တရုတ်နိုင်ငံသား ၉၃၆ ဦးကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှတစ်ဆင့် တရုတ်နိုင်ငံကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၂ ရက်အတွင်း ပြည်နှင်လွှဲပြောင်းနိုင်ရေးအတွက် မြန်မာ - တရုတ် - ထိုင်းသုံးနိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာ-တရုတ်-ထိုင်းသုံးနိုင်ငံအကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ကရင်ပြည်နယ် မြဝတီမြို့မှာတစ်ကြိမ်၊ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ နှစ်ကြိမ် စုစုပေါင်း သုံးကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဝန်ကြီးအဆင့်အစည်းအဝေးကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာတစ်ကြိမ်၊  မြန်မာနိုင်ငံ နေပြည်တော်မှာ တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါ တယ်။

မြဝတီဒေသအတွင်း အခက်အခဲဖြစ်နေသူတွေကို ရှာဖွေကူညီ ကယ်တင်ဆောင်ရွက်ခဲ့ရာမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှ ဩဂုတ်လ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား စုစုပေါင်း ၉၃၆၉ ဦးကို ရှာဖွေကယ်တင်နိုင်ခဲ့ပါတယ်။ ၎င်းတို့ထဲက ၉၂၀၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနဲ့အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။ ကျန်ရှိတဲ့ နိုင်ငံခြားသား ၁၆၄ ဦးကို လွှဲပြောင်းပေးနိုင်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လက်ရှိမှာ ၎င်းတို့ကို မြဝတီမြို့၌ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိပါတယ်။

ပြည်တွင်း၌ တားဆီးနှိမ်နင်းရေးဆောင်ရွက်မှု

နယ်စပ်ဒေသများသာမက ပြည်တွင်းမှာလည်း Online Scams တားဆီးနှိမ်နင်းရေးကို ထိထိရောက်ရောက်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဩဂုတ်လ ၂၄ ရက်အထိ ရှမ်းပြည်နယ်အတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်တဲ့ နိုင်ငံခြားသားများ ဖမ်းဆီးရမိမှု ၇၃ ကြိမ်ရှိခဲ့ပြီး နိုင်ငံခြားသားစုစုပေါင်း ၂၂၇၇ ဦး (အမျိုးသား ၂၁၆၄ ၊ အမျိုးသမီး ၁၁၃) ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားများအနက် ၂၀၆၈ ဦး (အမျိုးသား ၂၀၂၇ ၊ အမျိုးသမီး ၄၁) ကို သက်ဆိုင်ရာနိုင်ငံများရဲ့ ပြည်တွင်းဥပဒေများနဲ့အညီ  အရေးယူနိုင်ရေးအတွက် ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသူ ၂၀၉ ဦး (အမျိုးသား  ၁၃၇ ၊  အမျိုးသမီး ၇၂ )ကိုလည်း အမြန်ဆုံး လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ဖမ်းဆီးရမိမှုဖြစ်စဉ်များမှာ မြန်မာ နိုင်ငံသားတရားခံ စုစုပေါင်း ၄၉၄ ဦး (အမျိုးသား၂၄၁ ၊  အမျိုးသမီး ၂၅၃) ပါဝင်ပြီး ၎င်းတို့ကို မြန်မာနိုင်ငံရဲ့ ပြည်တွင်းဥပဒေနဲ့အညီ အမှုဖွင့်၍ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် လျက်ရှိ ပါတယ်။ ယင်းကဲ့သို့ အရေးယူဆောင်ရွက်ရာမှာ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ ၊ လောင်းကစားဥပဒေ၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး (လတ်တ လောပြဋ္ဌာန်းချက်များ) အက်ဥပဒေ စတဲ့ဥပဒေများနဲ့ အရေးယ ူဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါ ဆိုက်ဘာနယ်ပယ်အပါအဝင် ယင်းနဲ့ဆက်စပ်ဖြစ်ပွားတဲ့ ရာဇဝတ်မှုများကို ထိထိရောက်ရောက် အရေးယူနိုင်ရန်ရည်ရွယ်ပြီး ဆိုက်ဘာလုံခြုံရေးဥပဒေကို နိုင်ငံတော်အစိုးရက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် လေကြောင်းခရီးနဲ့ ဝင်ရောက်လာတဲ့ နိုင်ငံခြားသားအချို့ဟာ မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီအချို့ရဲ့ ဗီဇာထောက်ခံစာများကို အသုံးပြုကြောင်း စိစစ်တွေ့ရှိရလို့ အဲ့ဒီကုမ္ပဏီများ၊ ကုမ္ပဏီပိုင်ရှင်နဲ့ ဒါရိုက်တာများကို အမည်မည်းစာရင်း (Black List) ရေးသွင်းပြီး အရေးယူဆောင်ရွက်ခဲ့ပါတယ်။

ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်များ

 မြန်မာနိုင်ငံအနေနဲ့ အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scams) နဲ့ လောင်းကစားမှု (Online Gambling)များ တားဆီးနှိမ်နင်းရေးဆိုင်ရာ အချက်အလက်များ၊ မြန်မာနိုင်ငံအတွင်း အခက်အခဲကြုံတွေ့နေတဲ့ နိုင်ငံခြားသားတွေကို ရှာဖွေကူညီ ကယ်တင်မှုနဲ့ သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းနဲ့အညီ ပြည်နှင်လွှဲပြောင်း ပေးမှုဆိုင်ရာ အချက်အလက်များ၊ အောင်မြင် မှုရလဒ ်တွေကို နိုင်ငံပိုင်သတင်းစာနဲ့ မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းဖော်ပြခြင်း၊ Online Scams နဲ့ Online Gambling တို့ရဲ့ ဆိုးကျိုးများနဲ့ သတင်းပို့တိုင်ကြားမှုစနစ်များကို ပြည်သူ လူထုနားလည် သိရှိနိုင်ဖို့အတွက် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။

အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများဟာ နိုင်ငံဖြတ်ကျော်တဲ့ သဘောသဘာဝရှိတာ ကြောင့်  အဆိုပါပြဿနာရပ်ကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အလို့ငှာ မူလနိုင်ငံများ၊ ဖြတ်သန်း နိုင်ငံများနဲ့ ခရီးဆုံးနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ အဲ့ဒီလို ပူးပေါင်း ဆောင်ရွက်ရာမှာ Common and Shared Responsibility “မူ” ကို အခြေပြုကြရမှာ ဖြစ်ပါတယ်။အွန်လိုင်းလိမ်လည်မှု (Online Scams) နဲ့ လောင်းကစားမှု (Online Gambling) များအပါအဝင် ယင်းတို့နဲ့ဆက်စပ်ဖြစ်ပေါ်လာတဲ့ ရာဇဝတ်မှုများနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းများကို ကြိုတင်ကာကွယ်ရေး၊ တားဆီးနှိမ်နင်းရေး၊ ထိရောက်စွာအရေးယူရေး စတဲ့လုပ်ငန်းစဉ်များအနက် တားဆီးနှိမ်နင်းရေးနဲ့ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူရေးလုပ်ငန်းစဉ်ကို တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိပါတယ်။ ကြိုတင်ကာကွယ် ရေးလုပ် ငန်းစဉ်မှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကလည်း အလွန်အရေးကြီးပါတယ်။ လူမှုကွန်ရက်များ၊ Social Media များအပါအဝင် နည်းလမ်းမျိုးစုံအသုံးပြုပြီး မက်မောလောက်တဲ့လုပ်ခလစာများနဲ့ မက်လုံးပေးပြီး စည်းရုံးခေါ်ဆောင်နေကြတာကိုလည်း သတိပြုကြဖို့နဲ့ Scammer တွေရဲ့ ပစ်မှတ်မဖြစ်စေဖို့၊ သားကောင် (Victims) များအဖြစ် မကျရောက်စေဖို့ ပြည်သူများအကြား သတင်းအချက်အလက် အပြန်အလှန်မျှဝေ ဖလှယ်ခြင်းများ ပြုလုပ်သင့်ပါကြောင်း တိုက်တွန်း အပ်ပါတယ်။    ။

DOCA(ပြည်ထောင်စုနယ်မြေ)