နေကြာဆီနှင့်ကျန်းမာရေး

Powered by Drupal
Wed, 11/12/2025 - 10:22 -- consumer_admin

      ကျန်းမာရေးနှင့်သင့်တော်သော စားသုံးဆီတစ်ခုအဖြစ် နေကြာဆီကို စားသုံးခြင်းဖြင့် နှလုံးသွေးကြောကျဥ်းရောဂါ၊ သွေးတိုးရောဂါ၊နှလုံးရောဂါသည်များအတွက် အကောင်းဆုံး ဖြစ်ကြောင်း၊ နေကြာဆီစားသုံးခြင်း သုံးစွဲခြင်းဖြင့် အရေပြားမွဲခြောက်ခြင်း၊ ဆံပင်များမွဲခြောက် ပျက်စီးခြင်းတို့ကို ကာကွယ်နိုင်သည့် ဗီတာမင်ဓာတ်များစွာပါဝင်ကြောင်းသိရသည်။ နေကြာပင် သည် ရုက္ခဗေဒအရမျိုးစု(Genus)Helianthusတွင် ပါဝင်ပြီး မျိုးစိတ်ပေါင်း ၇၀ကျော်ရှိပါသည်။ မူရင်းဒေသသည် မြောက်အမေရိကတိုက်တွင်ဖြစ်ပြီး ယခုအခါတွင် တစ်ကမ္ဘာလုံး၌ ကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိသည်။ တစ်နှစ်ခံအပင်အမျိုးအစားဖြစ်ပြီး နှစ်စဥ်စိုက်ပျိုးရန်လိုအပ်သည်။ နေကြာပင်၏ ပန်းပွင့်သည် နေမင်းကြီးနှင့်တူသောကြောင့် နေရှိရာအရပ်ကို အပွင့်များကလိုက်ပြီး မျက်နှာမူနေသောကြောင့် မြန်မာအမည်နေကြာပန်း၊ အင်္ဂလိပ်အမည် Sunflower ဟုခေါ်ဆိုခြင်း ဖြစ်သည်။ အချို့နေကြာပင်များသည် ၁၀ပေခန့် အထိမြင့်ပြီး နေကြာပန်းတစ်ပွင့်တွင် နေကြာစေ့ ၁၀၀၀ခန့်ပါလေ့ရှိပါသည်။ နေကြာပန်းဝတ်မှုန်များ နှင့် ပန်းဝတ်ရည်များကိုပျားများက အလွန် နှစ်သက်ကြသောကြောင့် နေကြာခင်းထဲတွင်ပျားပုံးများ ထားရှိပါက ပျားဝတ်မှုန်နှင့်ပျားရည်များ အမြောက်အများရရှိနိုင်ပါသည်။ ပျားမွေးမြူရေးနှင့် တွဲဖက်လုပ်ကိုင်မည်ဆိုပါက ဝတ်မှုန်ကူးခြင်း အောင်မြင်ပြီး နေကြာပန်းများပိုမိုဖွံ့ဖြိုးကာ နေကြာစေ့ အထွက်နှုန်းပိုပြီး ကောင်းစေပါသည်။

 နေကြာစေ့ကိုလှော်ပြီး စားကြသလို ဆီကြိတ်ပြီး နေကြာဆီ အဖြစ်စီးပွားဖြစ်ရောင်းကြသည်။ ကမ္ဘာပေါ်တွင် နေကြာပင်စိုက်ပျိုးမှု အများဆုံးနိုင်ငံများမှာ ယူကရိန်းနိုင်ငံ၊ ရရှားနိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများဖြစ်ပါသည်။ နေကြာဆီတွင်အဓိကပါဝင်သောဓာတ်မှာ ထရိုင်ဂရစ်စရိုက်ဒ် ဆိုသည်မှာ ဖက်တီးးအက်စစ်မော်လီကျူး သုံးခုတွဲထားသော မော်လီကျူး အစုအဝေးဖြစ်ပါသည်။ အဓိကအနေဖြင့် မပြည့်ဝဆီများဖြစ်သော မိုနိုမပြည့်ဝဆီနှင့် ပေါ်လဆီမပြည့်ဝဆီများပါသောကြောင့် ကျန်းမာရေးအတွက်သင့်တော်သော စားသုံးဆီတစ်ခုဖြစ်ပါသည်။ နေကြာစေ့ဆိုသည်မှာ နေပူထဲတွင်နေရသောနေကြာပင်၏ အစေ့ဖြစ်သောကြောင့် မှိုတက်ဖို့အလားအလာလည်းမရှိပါ။ ထို့ကြောင့် မြေပဲဆီတွင်ပါဝင်သော အာဖလာတောက်ဆင်ဟုခေါ်သော မှိုဆိပ်အတွက် စိုးရိမ်စရာ မရှိပါ။ နေကြာဆီတွင် ဆီမှာပျော်ဝင်သော ဗီတာမင်များဖြစ်သော ဗီတာမင်Eနှင့် ဗီတာမင်K တို့ကြွယ်ဝစွာ ပါဝင်နေပါသည်။ နေကြာဆီတွင်ပါဝင်သော ဖက်တီးအက်ဆစ်အမျိုးအစားသည် စိုက်ပျိုးဖို့အသုံးပြုသော နေကြာမျိုးစေ့၊ စိုက်ပျိုးသောနေရာဒေသ၊ ရာသီဥတု၊ ရိတ်သိမ်းသော အချိန်နှင့် ဆီထုတ်လုပ်သောနည်းစနစ်များပေါ်မူတည်ပြီး ပြောင်းလဲမှုမရှိပါ။ ဆီကြိတ်ပြီး ရရှိလာသော နေကြာစေ့ကြိတ်ဖက်များကို တိရိစ္ဆာန်စာအဖြစ်၊ အော်ဂဲနစ်စိုက်ပျိုးရေးသုံး မြေသြဇာနှင့် ဇီဝလောင်စာအဖြစ် အသုံးပြုနိုင်ပါသည်။ နေကြာဆီကို ဇီဝလောင်စာအဖြစ် ဒီဇယ်အင်ဂျင်များတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။ အ‌ရေပြားမွဲခြောက်သောသူများ နေကြာဆီကို ပုံမှန်စားသုံးပေးမည်ဆိုလျှင် (သို့မဟုတ်) အရေပြားပေါ်တွင်လိမ်းပေးမည်ဆိုပါက အ‌ရေပြားကို စိုပြေပြီး လှပလာစေပါသည်။ နေကြာဆီသည် အရေပြား၏ အစိုဓာတ်ကိုထိန်းသိမ်းပေးသောကြောင့် ဖြစ်ပါသည်။ နေကြာဆီသည် ဗီတာမင်Eကြွယ်ဝစွာ ပါဝင်နေသောကြောင့် နေရောင်ခြည်ကြောင့် အ‌ရေပြား အိုမင်းခြင်း၊ ပါးရေတွန့်ခြင်းများမှ ကာကွယ်ပေးနိုင်ပါသည်။ နေကြာဆီကို ဆံပင် တွင်လိမ်းပေးပါက ဆံသားကို နူးညံ့ပျော့ပျောင်းစေခြင်း၊ ဆံပင်ပေါက်နှုန်းမြန်စေခြင်း၊ ဆံပင်ကျွတ် ခြင်းများကို သက်သာစေခြင်း စသောအကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

နေကြာဆီတွင်ပါဝင်သော မိုနိုမပြည့်ဝဆီများက အိမ်ချ်ဒီအယ်ခေါ် ကောင်းသောအဆီများကို များပြားစေသောကြောင့် နှလုံးသွေးကြောကျဥ်းရောဂါ၊ သွေးတိုးရောဂါများနှင့် နှလုံးရောဂါများကို ကာကွယ်ပေးပါသည်။  ထို့အပြင် အဓိကအများဆုံးပါဝင်သော ပေါ်လီမပြည့်ဝဆီများကလည်း နှလုံးကျန်းမာရေးကို အထောက်အကူပြုလျက်ရှိပါသည်။ နေကြာဆီတွင် အင်တီအောက်ဆီးဒင့် များဖြစ်သော ဗီတာမင်E၊ ဘီတာကင်ရိုတင်းနှင့်အခြားမိုက်ခရို အာဟာရဓာတ်များ များစွာပါဝင် နေသောကြောင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါသည်။ ထို့အပြင် ပင်ပန်း နွမ်းနယ်မှုကိုလည်း လျော့နည်းစေပါသည်။ အစာချေဖျက်မှုစနစ်ကို ကောင်းမွန်စေသောကြောင့် အာဟာရဓာတ်များကို ပိုမိုစုပ်ယူနိုင်စေရန် အားပေးသောကြောင့် ခုခံအားစနစ်တိုးတက်စေရန် အထောက်အကူပြုပါသည်။ နေကြာဆီသည် မြန်မာနိုင်ငံတွင် အသုံးများသော စားသုံးဆီ တစ်မျိုးဖြစ်ပါသည်။ ယခင်က မြေပဲဆီကို တစ်စိုက်မတ်မတ်သုံးစွဲလာသောသူများအနေဖြင့် ယခုနောက်ပိုင်းတွင် မြေပဲဆီတွင်ပါဝင်သော အာဖလာတောက်ဆင်မှိုဆိပ်ကို ကြောက်သောကြောင့် နေကြာဆီကိုပြောင်းလဲ၍စားသုံးလာကြသည်။ အမှန်တကယ်လည်း နေကြာဆီသည် ကျန်းမာရေး အတွက် စားသုံးရန်သင့်တော်သော စားသုံးဆီတစ်မျိုးဖြစ်ပါသည်။

DOCA(ပဲခူး)