
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဆောင်ရွက်ခြင်းသည် ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းပင်ဖြစ်သည်။ ကမ္ဘာ့ပတ်ဝန်းကျင်ကို လေးစားသူများသည် ထိန်းသိမ်း ခြင်းလုပ်ငန်းစဥ်ကိုလည်း လုပ်ဆောင်ကြရမည်ဖြစ်သည်။ ထို့ကြောင့် သစ်ပင်နှင့်သစ်တောများကို ချစ်ခင်စွာထိန်းသိမ်းကြရမည်ဖြစ်ပြီး လေထု၊ ရေထုညစ်ညမ်းမှုများလျှော့ချနိုင်ရေး၊ စက်ရုံသုံးစွန့်ပစ် ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရေးနှင့် သဘာဝပတ်ဝန်းကျေးငှက်တိရိစ္ဆာန်များကို ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းစဥ်များကိုပါ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ လူသားများသည် သစ်ပင်နှင့်သစ်တောများကို လိုအပ်သည်ထက်ပိုမိုသုံးစွဲရန် ခုတ်ထွင်ခဲ့ကြသည်။ မိသားစု စားဝတ်နေရေးအဆင်ပြေစေရန်နှင့် လူမှုဘဝဖွံ့ဖြိုးမှုကိုသာ ကြည့်၍ပတ်ဝန်းကျင်ရှိ သစ်တော သယံဇာတများကို လွန်ကဲစွာအသုံးပြုခဲ့ခြင်းဖြစ်သည်။ သဘာဝကပေးအပ်ထားသော သစ်ပင် ကြီးငယ်များသည် လူသားအသုံးအဆောင်များအဖြစ် ပြောင်းလဲအသုံးပြုမှုများလာသည်နှင့်အမျှ သစ်တောပြုန်းတီးမှုများပြားလာသကဲ့သို့ သစ်ပင်နှင့်သစ်တောများကို မှီခိုနေထိုင်ကြသော အချို့သောတောရိုင်းတိရိစ္ဆာန်များသည်လည်း မျိုးစိတ်ပျက်သုန်းရှားပါးလာသည်အထိပင် ဖြစ်လာခဲ့ သည်။ ထို့ပြင် ၎င်းတောရိုင်းတိရိစ္ဆာန်များကိုလည်း အမဲလိုက်ခြင်းနှင့် ရောင်းဝယ်ခြင်းများ ပြုလုပ်နေသောကြောင့် တောရိုင်းတိရိစ္ဆာန်မျိုးသုန်းမှုများပါ ဖြစ်ပေါ်လာခဲ့ရသည်။
သက်ရှိသတ္တဝါများဖြစ်သော လူနှင့်တိရိစ္ဆာန်တို့အတွက် အောက်ဆီဂျင်ထုတ်လွှတ် ပေးနေ သည့်သစ်ပင်နှင့်သစ်တောများ ပျက်စီးခြင်းကြောင့် ရာသီဥတုဖောက်ပြန်မှုပြဿနာနှင့် ရင်ဆိုင်ကြ ရမည်ဖြစ်ပေသည်။ သစ်ပင်နှင့်သစ်တောများသည် သက်ရှိများအတွက် မဖြစ်မနေလိုအပ်သော အောက်ဆီဂျင်ကိုစွန့်ထုတ်ပေးပြီး မလိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူမြဲဖြစ် ခြင်းကြောင့် သစ်တောမရှိသောပတ်ဝန်းကျင်၌ သက်ရှိများအသက်ရှင်ရပ်တည်နိုင်သော ဓာတ်ငွေ့ လည်းရှိနိုင်မည်မဟုတ်ပါ။ ထို့အပြင် ကမ္ဘာ့ကုန်းမြေပေါ်သာမက ပင်လယ်ရေအောက်ရှိ ရေနေ သတ္တဝါများနှင့် ဂေဟစနစ်လည်းလူသားများ၏ ပယောဂဖြင့်ပျက်စီးလာရသည်ကို တွေ့ရှိရပြန် ပါသည်။ လူသားများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးလာသည်မှာ ကာလရှည်ကြာလာသည်နှင့် အမျှပိုမိုကျယ်ပြန့်လာပြီး ကမ္ဘာ့ပတ်ဝန်းကျင်ကိုပါ ထိခိုက်လာရသည်။ ကမ္ဘာကြီးကို ကုန်းနေ၊ရေနေ သယံဇာတများနှင့် သဘာဝကပေးအပ်ထားသော ပတ်ဝန်းကျင်ကောင်းများက ပေးအပ်ထားပြီး ဖြစ်သောကြောင့် ကုန်းမြေသယံဇာတ သစ်ပင်၊ သစ်တောများ၊ ထိုတောများကို မှီခိုနေထိုင်သည့် တိရိစ္ဆာန်အမျိုးမျိုးနှင့် ရှားပါးမျိုးစိတ်သတ္တဝါများ၊ ပင်လယ်သမုဒ္ဒရာ ရေပြင်များနှင့် ရေနေသတ္တဝါ မျိုးစုံတို့သည် သူ့ပတ်ဝန်းကျင်နှင့်သူ ဂေဟစနစ်များကြွယ်ဝစွာဖြင့် ပတ်ဝန်းကျင်သည် သာယာစွာ တည်ရှိနေသည်။ ထို့သို့သာယာလှပသော သဘာဝပတ်ဝန်းကျင်သည် လူသားများ၏ ဆင်ခြင်မှု ကင်းမဲ့စွာ သစ်ပင်နှင့်သစ်တောများကိုဖြုန်းတီးခြင်းကြောင့် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရပြီး သဘာဝ အတိုင်းတည်ရှိမနေနိုင်တော့ဘဲ ပျက်စီးမှုများဖြစ်ပေါ်လာခဲ့ရသည်။ ထို့ကြောင့် လူသားများအဖို့ မိမိတို့၏သဘာဝပတ်ဝန်းကျင်ကို သင့်တော်သော အသုံးပြုမှုများနှင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် သင့်သည်။
ကမ္ဘာ့ပတ်ဝန်းကျင်သည် လူသားများနှင့်တစ်သွေးတည်းတစ်သားတည်း အတူရှိယှဥ်တွဲ နေသည်။ လူတို့နေ့စဥ်ပြုမူနေသောလူမှုစီးပွားအကြောင်းအစုစုတွင် ဘဝရပ်တည်မှု၊ လူမှုဘဝ မြင့်မားမှုတို့အတွက် ကိုယ်ကျိုးကိုသာဦးစားပေးခဲ့သည်က များသောကြောင့် မိမိတို့အနီးအပါးရှိ ပတ်ဝန်းကျင်ကောင်းများကို အရောင်ဆိုးခဲ့ကြသည်။ ထိုအခါပတ်ဝန်းကျင်ကောင်းများ ပျက်စီး ခဲ့ကြရသည်။ ဤသို့ဖြင့် လူသားတစ်ချို့၏ တာဝန်ကင်းမဲ့မှုကြောင့် ပတ်ဝန်းကျင် အရည်အသွေးများ ကျဆင်းလာကာ ကမ္ဘာ့ပတ်ဝန်းကျင်ကြီးပျက်စီးရန် ဦးတည်ခဲ့ရပြီးဖြစ်သည်။ ထို့အပြင် အချိန်ကာလကြာရှည်လာခဲ့သည်နှင့်အမျှ လူတို့စွန့်ပစ်ခဲ့သော ပလတ်စတစ်အမှိုက်များသည် လူသားတို့နေထိုင်ရာ ပတ်ဝန်းကျင်၊ နေအိမ်တိုက်တာအဆောက်အအုံများအနီးနှင့် လမ်းကြို လမ်းကြားလမ်းမများ၊မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်၊သမုဒ္ဒရာများအတွင်း အစုလိုက်အပြုံလိုက် မျောပါခိုအောင်းနေကြပြီးဖြစ်သည်။ ထိုစွန့်ပစ်အမှိုက်များ၏ ၅ရာခိုင်နှုန်းကို ပြန်လည်အသုံးပြုပြီး တစ်ချို့သောအမှိုက်များကို မြေကျင်းထဲသို့စနစ်တကျစွန့်ပစ်ကြလျှင် အနည်းငယ်သော အမှိုက် များသာ ပတ်ဝန်းကျင်၌ ပျံ့နှံ့နေမည်သာ ဖြစ်ပါသည်။ စွန့်ပစ်အမှိုက်များသည် စနစ်တကျစုပုံနေလျှင် ပင်လယ်၊ သမုဒ္ဒရာထဲသို့ မျောပါကြမည်မဟုတ်သည့်အတွက် ရေထုအတွင်းရေသယံဇာတနှင့် ရေနေသတ္တဝါများ၏ အသက်အန္တရာယ်ထိခိုက်မှု နည်းပါးသွားမည်ဖြစ်ပြီး ရေအရည်အသွေး ကျဆင်းမှုကို အထိုက်အလျောက် ကာကွယ်နိုင်မည်ဖြစ်သကဲ့သို့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ကြည့်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သောစာတစ်စောင်တွင် သက္ကရာဇ်၂၀၅၀ပြည့်နှစ်၌ ကမ္ဘာတစ်ဝှမ်း လုံးစွန့်ပစ်ပလတ်စတစ်အမှိုက်တန်ချိန်သည် လက်ရှိအမှိုက်တန်ချိန် ၃၀၀ကျော်ထက် ငါးဆမက တိုးပွားလာမည်ဖြစ်သည်ကို ခန့်မှန်းတွက်ဆိုခဲ့ကြသည်။
ပလတ်စတစ်ကြောင့်ဖြစ်ပေါ်လာသော ကမ္ဘာ့ပတ်ဝန်းကျင်ညစ်ညမ်းမှုသည် ကမ္ဘာကြီးကို ပျံ့နှံ့လွယ်သော ကပ်ရောဂါဆိုးကြီးပမာဖြစ်နေသောကြောင့် ထိုဖြစ်စဥ်ကိုထိန်းသိမ်းနိုင်မှသာ ကမ္ဘာကြီးရေရှည်ကောင်းမွန်မည်ဖြစ်ပြီး ပတ်ဝန်းကျင်ကိုလည်းကောင်းမွန်စေနိုင်မည်ဖြစ်၍ ပလတ် စတစ်ကြောင့် ညစ်ညမ်းမှုများဖြစ်ပေါ်ခြင်းမရှိစေရန် အစဥ်သတိပြုကြရမည်။ ထို့ကြောင့် ကမ္ဘာ့ ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးသည် လူသားတိုင်းအတွက် မဖြစ်မနေသတိပြုကြရမည့် လုပ်ငန်း စဥ်တစ်ရပ်အဖြစ်ခံယူရင်း မိမိပတ်ဝန်းကျင်မှသည် ကမ္ဘာ့ပတ်ဝန်းကျင်အထိဆိုးကျိုးများမဖြစ်စေရေး ထိန်းသိမ်းစောင့်ရှောက်ကြရန်လိုအပ်သည်။ ပတ်ဝန်းကျင်ကောင်း၌ နေထိုင်ကြမှသာ ကျန်းမာပျော် ရွှင်သောဘဝကိုပိုင်ဆိုင်ကြရမည်ဖြစ်သည်။ ကုန်းနေ၊ရေနေသတ္တဝါများလည်း ထို့အတူပင်ဖြစ်ပြီး အားလုံးအတွက်ပတ်ဝန်းကျင်ကောင်းသည် မဖြစ်မနေလိုအပ်သည်။ ထို့ကြောင့် ကမ္ဘာမြေကြီး ကျန်းမာပြီး သာယာလှပစေရန်အတွက် လူသားတိုင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် လိုအပ်ပေသည်။
