
ပဲစောင်းလျားပင်သည် နွယ်ပင်သဖွယ် ကြီးထွားသောအပင်မျိုးဖြစ်ပြီးစိုက်ပျိုးရန်လွယ်ကူ၍ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ထွန်းအောင်မြင်ပြီး ပူအိုက်စိုစွတ်သောရာသီဥတုကို နှစ်သက်၍ မိုးရာသီနှင့် မိုးနှောင်းကာလများတွင် အဓိကစိုက်ပျိုးကြကြောင်း၊ ဈေးကွက်တွင် လွယ်ကူစွာဝယ်ယူ ရရှိနိုင်ကြောင်း၊ အာဟာရဓာတ်များစွာပါဝင်သော ဟင်းသီးဟင်းရွက်ဖြစ်ကြောင်း၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီစီယမ်နှင့် ဖော့စ်ဖရပ်စ်တို့ပါဝင်၍ သွေးအားနည်းရောဂါကိုကာကွယ်ပြီး သွေးပေါင်ချိန်ကိုထိန်းညှိပေးကြောင်း၊ အဆီနှင့် ကယ်လိုရီပါဝင်မှုနည်းသောကြောင့် ကိုယ်အလေး ချိန်ထိန်းသူများအတွက် စားသုံးရန်သင့်တော်ကြောင်း၊ ဗီတာမင်စီနှင့် ဗီတာမင်အေ ကြွယ်ဝစွာ ပါဝင်သောကြောင့် အရေးအကြောင်းတွေကိုလျော့ချပေးပြီး အရွယ်တင်နုပျိုစေ၍ အသာအရေ တင်းရင်းလှပစေကြောင်း၊ အသားဓာတ်ဖြစ်သော ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်ကြောင်း၊ အားနည်း နေသူများအတွက် ပဲစောင်းလျားသီးကိုစားသုံးခြင်းဖြင့် ကယ်လ်စီယမ်ပါဝင်မှုမြင့်မားပြီး အရိုးများကို သန်မာစေကြောင်း၊ သွေးကြောတွေရဲ့ကျုံ့ဆန့်နိုင်စွမ်းကို ကောင်းစေပြီး ကင်ဆာရောဂါ အချို့ကို ကာကွယ်ပေးကြောင်း စာပေများမှလေ့လာဖတ်ရှု့ရသည်။ ပဲစောင်းလျားသီးကို မြန်မာလူမျိုး ၏ထမင်းဝိုင်းများ၌ ဟင်းချိုထဲထည့်ခတ်ခြင်း၊ အတို့အမြှုပ်စားသုံးမှုအဖြစ်တွေ့ရလေ့ရှိကြောင်း၊ အသီးနုနုလေး များကို ရေနွေးဖျောပါးပါးလှီးပြီးကာ သံပုရာသီး၊ ပုစွန်ခြောက်တို့နှင့် သုပ်စား လေ့ရှိကြောင်း၊ မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချနေသော ရာသီပေါ်ပဲစောင်းလျားသီး ၂၅ ကျပ်သားလျှင် ၁၀၀၀ ကျပ်၊ တစ်ပိဿာလျှင်(၃၈၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချ ကြောင်းသိရှိရသည်။
DOCA(မန္တလေး)
