တောင်ငူမြို့ရှိစားချင်စဖွယ်မြန်မာ့ရိုးရာမုန့်စိမ်းပေါင်းအကြောင်း တစေ့တစောင်း

Powered by Drupal
Mon, 10/27/2025 - 13:46 -- consumer_admin

  မြန်မာ့ရိုးရာအစားအစာများအနက်မှတစ်ခုဖြစ်သော မုန့်စိမ်းပေါင်း (Mont Sein Paung) သည် မြန်မာ လူမျိုးတို့၏နှစ်ခြိုက်စွာစားသုံးလေ့ရှိသော သရေစာမုန့် တစ်မျိုးဖြစ်သည့်အပြင် စားချင်စဖွယ် ပုံစံရှိပြီး အရသာမှာ ချိုမြိန်ပြီးကောင်းမွန်လှပါသည်။ မုန့်စိမ်းပေါင်းသည် အများအားဖြင့် လုံးဝိုင်းသော ပုံစံငယ်လေးတွေဖြစ်ပြီး၊ ပေါင်းခွက်ပုံစံပေါ်မူတည်ပြီး ပုံစံမျိုးစုံရှိနိုင် ပါသည်။ မုန့်စိမ်းပေါင်းကို ဈေးများ ထဲရှိ မြန်မာ့ရိုးရာမုန့်များ ရောင်းချသောဆိုင်များ တွင်လည်းကောင်း၊ ရပ်ကွက်များထဲသို့ လှည့်လည်ရောင်းချသော ဈေးသည်များထံတွင် လည်းကောင်း ဝယ်ယူရရှိနိုင်ပါသည်။

   မုန့်စိမ်းပေါင်းပြုလုပ်ရာတွင် ဆန်မှုန့် သို့မဟုတ် ကောက်ညှင်းမှုန့်၊ ထန်းလျက်ခဲ၊ အုန်းသီးနှင့် ဆား အနည်းငယ်တို့လိုအပ်ပါသည်။ ပထမဦးစွာ ဆန်မှုန့် သို့မဟုတ် ကောက်ညှင်းမှုန့်ကို ရေ၊ ဆားတို့ နှင့်ရောနယ်ပြီး မုန့်သားရအောင်ပြင်ဆင်ကာ မုန့်ပေါင်းခွက်ထဲသို့ မုန့်သားအနည်းငယ်ထည့်ကာ အလယ်၌ ထန်းလျက်ခဲထည့်ပြီး မုန့်သားဖြင့်ပြန်ဖုံးကာ ပေါင်းအိုးနှင့်အပူပေးပြီးပေါင်းပေးရပါသည်။ ပေါင်းပြီးရရှိလာသော မုန့်စိမ်းပေါင်းကို အပေါ်၌ အုန်းသီးခြစ်ပြီးသား သို့မဟုတ် နှမ်းဖြူးပြီး စားသုံး၍ ရနိုင်ပါသည်။ မုန့်စိမ်းပေါင်းသည် ပူပူနွေးနွေးနှင့် အာဟာရပြည့်ဝပြီး အရောင်းသွက်လှသော မြန်မာ့ ရိုးရာမုန့်တစ်မျိုးဖြစ်ပြီး အလွယ်တကူပြုလုပ်စားသုံး၍ ရနိုင်ပါသည်။

DOCA(ပဲခူး)