
နန်းလုံးကြိုင်ပင်သည် အညာဒေသတွင် အများဆုံးပေါက်ရောက်ရှင်သန်ဖြစ်ထွန်းပါသည်။ ထနောင်းပင်၊ ဆူးပန်းပင်၊ နန်းလုံးကြိုင်ပင်များသည် အညာနွေကို အံတုရန်အတွက် အရိပ်ရ သစ်ပင်အဖြစ် အလေ့ကျပေါက်ရောက်သေ အပင်များဖြစ်သည်။ ယခုလိုမိုးရာသီတွင် ပျော်ရွှင်ခြင်းကို ယူဆောင်ပေးသော အဝါရောင်နန်းလုံးကြိုင်ပန်းကလေးများ အူနေအောင်ပွင့်၍ လေတိုက်တိုင်း မွှေးပျံ့သောသင်းရနံ့က လူတို့၏ စိတ်ကို ကြည်လင်လန်းဆန်းစေပါသည်။ အညာဒေသလမ်းတ လျှောက်ဖြတ်လျှောက်မိလျှင် ထနောင်းပင်က ထနောင်းပန်းကလေးများကလည်း အူနေအောင် ပွင့်ဖူးနေကြသည်။ ဆူးယစ်ပင်က ဆူးယစ်ပန်းကလေးများကလည်း ဆူးတွေကြားက အလှဆုံး ဖူးပွင့်နေကြသည်။ နန်းလုံးကြိုင်ပင်က နန်းလုံးကြိုင်ပန်းကလေးများကလည်း အူခဲနေအောင် ပွင့်ကြသည်။ သူ့ထက်ငါအလှခြင်းပြိုင်၍ ပွင့်ဖူးနေကြသည်ကို ငေးကြည့်နေမိပေမဲ့ မွှေးရနံ့က ဘယ်ပန်းကမွှေးနေသလဲဆိုတာကို မသိနိုင်ပေ။ မိုးယံထက်က ပင်မြင့်စံပန်းကလေးတွေမို့ အမှတ်တမဲ့ဘဲ မြင်မိနေခဲ့မည်ထင်ပါသည်။ နန်းလုံးကြိုင်ပင်သည် မွှေးသောလှသော ပန်းကလေး များပွင့်ဖူးတက်သလို ဆေးဖက်ဝင်ကြောင်း လေ့လာသိရှိရသည်။ နန်းလုံးကြိုင်ပင်၏ အခေါက်သည် ခါး၏ ပူ၏ စပ်၏။ အဆိပ်ကိုပယ်တက်၏။ အစေးသည်ချို၏။ ခွန်အားကိုဖြစ်စေ၏။ နန်းလုံးကြိုင် အခေါက်ကို ရေနှင့်ပြုတ်၍ ငုံပေးပါက သွားနာ၊ သွားဖုံးနာ၊ ပြည်တည်၊ သွေးယိုစီးခြင်းကိုပျောက်၏။ နန်းလုံးကြိုင်အရွက်ကို ပြုတ်၍ ရေချိုးပေးက ခန္တာကိုယ်အစက်အပျောက်ထွက်ခြင်း၊ အဖုအပိန့်၊ အင်ပြင်ပျောက်၏။ ဆူးစူးလျှင် နန်းလုံးကြိုင်အစေးကိုယူ၍ ဆူးစူးသော အပေါက်တွင် ထည့်ပေးက ဆူးထွက်လာ၏။ နန်းလုံးကြိုင်ပန်းရနံ့ကို ရှူပေးပါက ညအိပ်မပျော်သူများအိပ်ပျော်စေကြောင်း လေ့လာသိရှိရသည်။
DOCA(မန္တလေး)
