
ကယ်လ်ဆီယမ်ဓာတ်မြင့်မားစွာပါဝင်သောကြောင့် ပဲစောင်းလျားသီးကို မြန်မာ့ထမင်းဝိုင်းများတွင် ဟင်းချိုထဲထည့်စားခြင်း၊ အတို့အမြှုပ် အဖြစ်စားသုံးခြင်းများဖြင့် တွေ့ရလေ့ရှိသည်။ ပဲစောင်းလျားသီးနုနုလေးများကို ရေနွေးဖျော၊ ပါးပါးလှီးပြီး သံပုရာသီး၊ ပုဇွန်ခြောက်လေးနှင့်သုပ်စားခြင်းကလည်း မြန်မာ့သရေစာအသုပ် တစ်မျိုးဖြစ်သည်။ ထမင်းဝိုင်းတွင် ငါးပိရည်နှင့် အသီးအရွက်တို့စရာပါဝင်ခြင်း သရေစာ စားချိန်တွင် အသီးအရွက်တစ်မျိုးမျိုးကို သုပ်စားခြင်းမှာနေ့စဉ် အစားအသောက်များထဲတွင် အသီးအရွက်ကို အမြဲပါဝင်နေစေဖို့ ရည်ရွယ်ခဲ့သော ချစ်စရာမြန်မာ့ဓလေ့ဖြစ်ပါသည်။ ပဲစောင်းလျားသီးတွင် ဗီတာမင်Cနှင့် ဗီတာမင်A ကြွယ်ဝစွာပါဝင်သောကြောင့် အရေးအကြောင်း ဖြစ်ခြင်းနှင့် အရွယ် မတိုင်ခင်အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါဝင်မှုများ သောကြောင့် အသားအရေကိုတင်းရင်းစေပြီးနုပျိုစေပါသည်။ ပဲစောင်း လျားသီး (၁၀၀)ဂရမ်တွင် ကယ်လိုရီ(၄၉)ပါဝင်သောကြောင့် ဝိတ်ချချင်သူများအတွက်အထူး သင့်လျော်ပါသည်။ ဗီတာမင် C ပါဝင်မှုများသောကြောင့် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး သွေးကြောများ၏ကျုံ့ဆန့်နိုင်စွမ်းကို ကောင်းစေကာ ကင်ဆာရောဂါတချို့မှလည်း ကာကွယ် ပေးနိုင်ပါသည်။ ပဲစောင်းလျားသီးတွင် သံဓာတ်၊ မဂ္ဂနိစ်၊ ကယ်လ်ဆီယမ်၊ ဖော့စဖရပ်စ်၊ ဗီတာမင်A၊ ဗီတာမင်B၊ ဗီတာမင်E စသည့် သတ္ထုဓာတ်များလည်းအများအပြားပါဝင်နေပါသည်။ ဖောလိတ်ဓာတ်ကြွယ်ဝသောကြောင့် အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်တွင်စားသုံး ပေးသင့် ပါသည်။ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်ပြီး အရိုးများကိုသန်မာစေပြီး နေမကောင်းဖြစ် နေသူများ၊ အားနည်းနေသူများအတွက် ခွန်အားတိုး စေပါသည်။ အစာလည်းဆေး ဆေးလည်း အစာဆိုသလို အစားအသောက်များကို ဉာဏ်ရှိသလို အသုံးချစားသုံးရင်း မိမိကျန်းမာရေးကို စောင့်ရှောက်သင့်ပါသည်။
DOCA(မန္တလေး)