လူနေမှုဘဝ အစဉ်တည်တံ့စေဖို့ ရေရှည်တည်တံ့သော စားသုံးမှုနှင့် ထုတ်လုပ်မှုပုံစံများဆီသို့ တွဲလက်ညီစွာ အသွင်ကူးပြောင်းကြပါစို့

Powered by Drupal
Thu, 10/16/2025 - 12:18 -- consumer_admin

နိဒါန်း

     ကမ္ဘာပေါ်တွင် မှီတင်းနေထိုင်လျက်ရှိကြသော လူသားအားလုံးသည် အသားအရောင်၊ ကိုးကွယ်သည့်ဘာသာ၊ ရေးသားပြောဆိုကြသည့် ဘာသာစကား၊ နေထိုင်သည့်နေရာဒေသ၊ နေထိုင်မှု ပုံစံနှင့် ဓလေ့ထုံးစံများ မတူကွဲပြားလျက်ရှိသော်လည်း တူညီသောအရာတစ်ခုမှာ လူသားတိုင်း နေ့စဉ် ဘဝကို မွေးဖွားချိန်မှစ၍ သေဆုံးချိန်အထိ နေထိုင်ဖြတ်သန်းနေရခြင်းပင်ဖြစ်သည်။ လူသားတို့ မွေးဖွားလာသည့်နေ့ရက်နှင့် သေဆုံးသည့်နေ့ရက်တို့အကြား ရှင်သန်နေထိုင်နေရသည့် အချိန်ကာလ ကိုပင် လူတို့၏ နေ့စဉ်လူနေမှုဘဝဟု သတ်မှတ်ရမည်ဖြစ်ပါသည်။ လူတို့သည် နေ့စဉ်လူနေမှုဘဝ တွင် အခြေခံလိုအပ်ချက်များဖြစ်သော စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်ကြရလျက်ရှိပါသည်။ ထိုသို့ နေ့စဉ်ဖြတ်သန်းနေထိုင်ကြစဉ်ကာလအတွင်း အေးချမ်းသာယာစွာ နေထိုင်နိုင်ရန်အတွက် လိုက်နာရမည့် ကျင့်ဝတ်များ၊ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း နေထိုင်ကျင့်ကြံကြရန် အရေးကြီးလှပေသည်။ လူသားတို့အနေဖြင့် လိုက်နာကျင့်ကြံရမည့် ကျင့်ဝတ်စည်းကမ်းများကို ဖောက်ဖျက်မှုများ များပြားလာမည်ဆိုပါက သာယာအေးချမ်းသော လူဘောင်အဖွဲ့အစည်းမှာလည်း ထိခိုက်ပျက်စီးလာမည်ဖြစ်သကဲ့သို့ မိမိတို့နေထိုင်ရာကမ္ဘာကြီးသည်လည်း နာမကျန်းဖြစ်လာပေလိမ့် မည်။

      ယခုအခါ ကမ္ဘာကြီးပေါ်တွင် နေထိုင်လျက်ရှိကြသော လူသားတို့၏ အပြုအမူဆိုးများကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကို နိုင်ငံအများအပြား၌ ရင်နေဆိုင်နေကြရပြီဖြစ်သည်။ ထိုသို့ သော ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် လူတို့၏ နေ့စဉ်လူနေမှုဘဝနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများကို ခြိမ်းခြောက်မှုများရှိလာပြီး ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်းကဲ့သို့သော  ဂေဟစနစ်ပျက်စီးဆုံးရှုံးခြင်းများပါ ဖြစ်ပေါ်လာလျက်ရှိပါသည်။

      ထို့ကြောင့် လူသားများအနေဖြင့် မိမိတို့၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းရာတွင် သဘာဝသယံဇာတအရင်းအမြစ်များ ထုတ်ယူမှုနှင့် အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းများသုံးစွဲမှု တို့ကို လျှော့ချခြင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ သုံးစွဲမှုမှ ဖြစ်ပေါ်လာသည့် စွန့်ပစ်ပစ္စည်းနှင့် ညစ်ညမ်းမှုများကို လျှော့ချခြင်းတို့ဖြင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေပြီး သယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့စေမည့် စားသုံးမှုပုံစံများနှင့် ထုတ်လုပ်မှုအလေ့အကျင့်ကောင်းများ ကို ကျင့်သုံးပြီး အနာဂတ်မျိုးဆက်များ၏ လိုအပ်ချက်များကို ထိခိုက်မှုမရှိစေရေး ဆောင်ရွက်သွားရန် လိုအပ်လာပါသည်။ ဆိုလိုသည်မှာ မိမိတို့၏ နေထိုင်စားသောက်မှုပုံစံ၊ ခရီးသွားလာမှုပုံစံ၊ စွမ်းအင် သုံးစွဲမှုပုံစံနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲမှုပုံစံ စသည့် အခြေခံလူနေမှုပုံစံများကို ရေရှည်တည်တံ့သော စားသုံးမှုပုံစံနှင့် ထုတ်လုပ်မှုပုံစံဖြစ်စေရေး ပြုပြင်ပြောင်းလဲရန် ဖြစ်ပါသည်။ အဆိုပါ ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ စားသုံးသူကာကွယ်ရေးအသင်းအဖွဲ့များ၊ စားသုံးသူပြည်သူများ နှင့် စီးပွားရေးလုပ်ငန်းရှင်တို့က တွဲလက်ညီစွာ ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါသည်။

ရေရှည်တည်တံ့သော စားသုံးမှုနှင့်ထုတ်လုပ်မှုဆိုသည်မှာ

      ရေရှည်တည်တံ့သော စားသုံးမှုနှင့် ထုတ်လုပ်မှုဆိုသည်မှာ “လူသားတို့၏ အခြေခံလိုအပ်ချက် များ ဖြည့်ဆည်းရာတွင် သဘာဝသယံဇာတအရင်းအမြစ်များ ထုတ်ယူမှုနှင့် အဆိပ်အတောက်ဖြစ်စေ သောပစ္စည်းများ သုံးစွဲမှုတို့ကို လျှော့ချခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် စွန့်ပစ်ပစ္စည်းနှင့် ညစ်ညမ်းမှုများကို လျှော့ချခြင်းတို့ကို ဆောင်ရွက်ပြီး ပတ်ဝန်း ကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေသော၊ သယံဇာတအရင်းအမြစ်များကို ရေရှည်တည်တံ့စေသော စားသုံးမှုပုံစံများနှင့် ထုတ်လုပ်မှုအလေ့အကျင့်ကောင်းများ ကျင့်သုံး၍ အနာဂတ်မျိုးဆက်များ၏ လိုအပ်ချက်များကို ထိခိုက်မှုမရှိစေရန် ဆောင်ရွက်ခြင်း” ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

ရေရှည်တည်တံ့သော စားသုံးမှုနှင့် ထုတ်လုပ်မှုပုံစံများ

     ရေရှည်တည်တံ့သော စားသုံးမှုပုံစံများစွာရှိသည့်အနက် စားသုံးသူများအနေဖြင့် သိရှိလိုက်နာ ဆောင်ရွက်သင့်သည့် အောက်ဖော်ပြပါအချက်အချို့ကို လေ့လာတင်ပြလိုက်ရပါသည်-  

(၁)     သန့်ရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေနှင့် အစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးခြင်း (ဥပမာ- သောက်ရေသန့်သောက်သုံးခြင်း၊ သန့်ရှင်းလတ် ဆတ်သော အစားအစာများ ရွေးချယ်စားသုံးခြင်း)၊

(၂)      စားသောက်ကုန်များ လေလွင့်ဆုံးရှုံးမှုမရှိစေရေး စီမံဆောင်ရွက်ခြင်း (ဥပမာ- စား၍ ကုန်နိုင်သော ပမာဏကိုသာ ချက်ပြုတ်စားသုံးခြင်း၊ သောက်သုံးရေများ အလေအလွင့် မရှိအောင် သုံးစွဲခြင်း)၊

(၃)     တစ်ခါသုံးပလတ်စတစ်အိတ်များနှင့် ပလတ်စတစ်ဖြင့် ထုတ်လုပ်ထားသော တစ်ခါသုံး ခွက်များ၊ ပန်းကန်များနှင့် ပရိဘောဂပစ္စည်းများ အသုံးပြုခြင်းမှ ရှောင်ရှားခြင်း (ဥပမာ- ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သည့် လက်ဆွဲအိတ် များကို အသုံးပြုခြင်းနှင့် ဆွေးမြေ့ပျက်စီးလွယ်သော တစ်ခါသုံးပစ္စည်းများဖြင့် အစားထိုးအသုံးပြုခြင်း)၊

(၄)     ကုန်ပစ္စည်းများ ထုပ်ပိုးရာတွင် အထပ်ထပ်ထုပ်ပိုးမှုပုံစံ အသုံးပြုခြင်းကို ရှောင်ရှားခြင်း (ဥပမာ- ပစ္စည်းတစ်ခုကို မလိုအပ်ဘဲ အထပ်ထပ်ထုပ်ပိုးခြင်း)၊

(၅)     အပင်အခြေခံ ထုတ်ကုန်များဖြစ်သည့် အလှကုန်၊ ဆေးဝါး၊ စားသောက်ကုန်နှင့် လူသုံး ကုန်ပစ္စည်းများအား အသုံးပြုခြင်း (ဥပမာ- သဘာဝအပင်ထွက်ပစ္စည်းများဖြင့် စီမံ ဖော်စပ်ထုတ်လုပ်ထားသည့် အလှကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ စားသောက်ကုန်များ၊ ဝါချည်ဖြင့် ပြုလုပ်ထားသော အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းများ၊ ဝါးဖြင့် ရက်လုပ်ထားသော အသုံးအဆောင်များနှင့် သစ်သားဖြင့် ဖန်တီးပြုလုပ်ထားသော ပရိဘောဂပစ္စည်းများ)၊

(၆)     ကျင့်ဝတ်နှင့်အညီ ထုတ်လုပ်ထားသော ကုန်စည် (Ethical Products) များ ဝယ်ယူ သုံးစွဲခြင်း (ဥပမာ-တိရစ္ဆာန်များ/ တိရစ္ဆာန်ထုတ်ကုန်များဖြင့် စမ်းသပ်ထုတ်လုပ်ထား သော အလှကုန်ပစ္စည်းများနှင့် လူ့အသုံးအဆောင်ပစ္စည်းများအား ဝယ်ယူသုံးစွဲမှုမှ ရှောင်ရှားခြင်း)၊

(၇)     ပြန်လည်ပြင်ဆင်အသုံးပြုနိုင်သည့် ပစ္စည်းများအား ပြုပြင်၍ ပြန်လည်အသုံးပြုခြင်း (ဥပမာ- အီလက်ထရောနစ်ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများကို ပြင်ဆင်အသုံးပြုခြင်း၊ တစ်ပတ်နွမ်းပစ္စည်း အရောင်းဆိုင်များမှ/သို့ ဝယ်ယူ/ရောင်းချခြင်း)၊

(၈)     မလိုအပ်သော အီလက်ထရောနစ်ပစ္စည်းများ ဝယ်ယူသုံးစွဲမှုကို လျှော့ချခြင်းနှင့် စနစ် တကျစွန့်ပစ်ခြင်း၊ (ဥပမာ-မိုဘိုင်းဖုန်းများကို လိုအပ်သည်ထက် ပိုမိုဝယ်ယူမှုမပြုခြင်း၊ သတ်မှတ်ထားသည့်အတိုင်း စွန့်ပစ်ခြင်း)၊

(၉)     စွမ်းအင်အသုံးပြုမှု ပမာဏနည်းသော အီလက်ထရောနစ်ပစ္စည်းများကို ရွေးချယ်ဝယ် ယူသုံးစွဲခြင်း (ဥပမာ- ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် အသုံးပြုနိုင်သော အီလက် ထရောနစ်ပစ္စည်းများနှင့် စွမ်းအင်အသုံးပြုမှု လျှော့ချနိုင်သော လျှပ်စစ်ပစ္စည်းများ ရွေးချယ်အသုံးပြုခြင်း)၊

(၁၀)   ကာဗွန်ထုတ်လွှတ်မှုနည်းသော သယ်ယူပို့ဆောင်ရေးစနစ် ပြောင်းလဲကျင့်သုံးခြင်း၊ (ဥပမာ- လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များ အသုံးပြုခြင်း၊ စက်ဘီးစီးနင်းခြင်းနှင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုခြင်း)။

ထို့အတူ ရေရှည်တည်တံ့သော ထုတ်လုပ်မှုပုံစံများစွာရှိသည့်အနက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် သိရှိလိုက်နာ ဆောင်ရွက်သင့်သည့် အောက်ဖော်ပြပါအချက်အချို့ကို လေ့လာတင်ပြလိုက် ရပါသည်-

(၁)     ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်စေရေး စီမံထားရှိခြင်း၊

(၂)      ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများ ထည့်သွင်းအသုံးပြုခြင်း၊

(၃)     ထုတ်ကုန်ပစ္စည်းနှင့်သက်ဆိုင်သည့် ပြန်လည်အသုံးပြု၍ရနိုင်သော စွန့်ပစ်ပစ္စည်းများ ကို ပြန်လည်သိမ်းဆည်းသည့် အစီအစဉ်များ ဆောင်ရွက်ခြင်း၊

(၄)     ထုတ်ကုန်ပစ္စည်းအသစ်နှင့် အဟောင်းလဲလှယ်ပေးသည့် အစီအစဉ်များ ဆောင်ရွက် ခြင်း (ဥပမာ-မိမိတို့၏ ထုတ်ကုန်ပစ္စည်း အသစ်များကို Model နိမ့် ထုတ်ကုန်ပစ္စည်းနှင့် အလဲအထပ်ပြုလုပ်ပေးခြင်း)၊

(၅)     ကောင်းမွန်သော ထုတ်လုပ်မှုအလေ့အကျင့်ကောင်း (Good Manufacturing Practice) များ ကျင့်သုံးခြင်း၊

(၆)     ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် အသုံးပြုနိုင်သော ထုတ်ကုန်ပစ္စည်းများ၊ စွမ်းအင် အသုံးပြုမှုလျှော့ချနိုင်သော ထုတ်ကုန်ပစ္စည်းများကို ပိုမိုထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင် ရေး စီမံဆောင်ရွက်ခြင်း၊

(၇)     ထုတ်လုပ်ဖြန့်ဖြူးရောင်းချမည့် ထုတ်ကုန်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးနိုင်မှုများကို လျှော့ချနိုင်ရေး စီစဉ်ဆောင် ရွက်ခြင်း၊

(၈)     လူတိုင်းလက်လှမ်း မီတတ်နိုင်သော၊ ဘေးကင်းလုံခြုံမှုရှိသော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း။

သို့ဖြစ်ရာ စားသုံးသူများအနေဖြင့် ရေရှည်တည်တံ့၍ ကျန်းမာရေးနှင့်ညီညွတ်သော ရွေးချယ်မှု များ ပြုလုပ်နိုင်ရေး၊ ထိခိုက်လွယ်သော စားသုံးသူများ (ကလေးသူငယ်များ၊ အသက် အရွယ်ကြီးရင့်သူ များ၊ စာပေတတ်မြောက်မှု အားနည်းသူများ၊ စိတ်ကျန်းမာရေးချို့ယွင်းသူများစသည်) နှင့် ဝင်ငွေနည်း သော စားသုံးသူများအပါအဝင် စားသုံးသူအားလုံးကို ကာကွယ်ပေးနိုင်ရေး၊ အနာဂတ်မျိုးဆက်များ၏ လိုအပ်ချက်များကို ထိခိုက်မှုမရှိစေရေး၊ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော စားသုံးမှုနှင့် ထုတ် လုပ်မှုပုံစံများသို့ မျှတစွာ အသွင်ကူးပြောင်းနိုင်ရေးတို့အတွက် သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်း နှင့် အသင်းအဖွဲ့များပူးပေါင်း၍ လိုအပ်သည့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

       ထို့အတူ ထုတ်ပြန်ထားသည့် မူဝါဒစည်းကမ်းသတ်မှတ်ချက်များ၊ လိုက်နာရမည့် ကျင့်ဝတ် များ ထိရောက်အောင်မြင်မှုရရှိစေရေးအတွက် စားသုံးသူပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သော ပုဂ္ဂလိကအသင်းအဖွဲ့များက အစိုးရဌာနအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တွဲလက် ညီစွာ ဖော်ဆောင်သွားရမည်ဖြစ်ပါသည်။ ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း မည်သူမျှ နောက်ချန်မထားရေးမူကို လက်ကိုင်ထား၍ မျှတသော အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် များဖြစ်စေရေး အထူးအလေးထားဆောင်ရွက်သင့်ပါသည်။

သို့မှသာ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (၁၂) ဖြစ်သည့် ရေရှည်တည်တံ့သော စားသုံးမှုနှင့် ထုတ် လုပ်မှုပုံစံများ ဖြစ်ပေါ်စေရေးနှင့်  စားသုံးသူအခွင့်အရေး (၈) ချက်အနက် တစ်ခုဖြစ်သော ပစ္စုပ္ပန်တွင် သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရရှိစေရေးဟူသော အချက်များကို ရရှိနိုင်မည်ဖြစ်ပါသည်။

နိဂုံး

     နိဂုံးချုပ်အားဖြင့် လူသားတို့၏ နေ့စဉ်လူနေမှုဘဝတွင် မရှိမဖြစ်လိုအပ်သော အခြေခံလိုအပ် ချက်များဖြည့်ဆည်းရာတွင် လက်ရှိအသုံးပြုလျက်ရှိသော အရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှု အနည်း ဆုံးဖြစ်စေရေးနှင့် ဂေဟစနစ်ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက် ရောက်မှုအနည်းဆုံးဖြစ်စေရေး၊ အနာဂတ်မျိုးဆက်သစ်များ ကောင်းမွန်သာယာသော လူနေမှုအဆင့် အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်မှုရရှိစေရေးတို့အတွက် အစိုးရ၊ ပြည်သူနှင့် စီးပွားရေးလုပ်ငန်း ရှင်တို့အားလုံး တွဲလက်ညီစွာ ကူးပြောင်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားတင်ပြလိုက်ရပေသည်။

DOCA(Consumer)