
ကင်ပွန်းချဉ်ပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင်ပေါက်ရောက်ပြီး အမြဲစိမ်းသစ်တောများ၌ အများဆုံး တွေ့ရသည့် သဘာဝအလျောက် ပေါက်ရောက်သော ချုံပင်မျိုးဖြစ်သည်။ ကင်ပွန်း ချဉ်ရွက်ကို အင်္ဂလိပ်လို Soap Pod ဟုခေါ်ပြီး မျိုးရင်းအမည် Mimosaceae နှင့် ရုက္ခဗေဒအမည် Acacia Concinna ဖြစ်သည်။
ကင်ပွန်းချဉ်ရွက်စားသောက်မှုပုံစံအမျိုးမျိုး
ကင်ပွန်းချဉ်ရွက်ကို ဗယာကြော်၊ တိုဟူးတို့နှင့် ရောချက်ပြီးလျှင် ငရုတ်သီးထောင်းနှင့် တွဲဖက်စားရသောအရသာသည် အသားဟင်းနှင့် မလဲနိုင်အောင် စားကောင်းလှသည်။ ကင်ပွန်း ချဉ်ရွက်ကို ပုစွန်ခြောက်၊ ငရုတ်သီးတို့နှင့်ရောထောင်းပြီး စားတော်ပဲပြုတ်နှင့်လည်း တွဲဖက်စား သုံးကြသည်။ ကင်ပွန်းချဉ်ရွက်ကို ချဉ်ရည်ကျဲကျဲချက်၍ဖြစ်စေ၊ ငါး၊ ပုစွန်ခြောက်တို့ နှင့်ကြော်၍ ဖြစ်စေ၊တခြားအသား၊ ငါးများနှင့်ရော၍ဖြစ်စေ ချက်ပြုတ်စားသောက်လေ့ရှိကြသည်။
ကင်ပွန်းသီး၊ ကင်ပွန်းပွင့်နှင့် ကင်ပွန်းရွက်၏အာနိသင်များ
မြန်မာ့ဆေးကျမ်းများအရ ကင်ပွန်းပွင့်သည် ချိုအေးပြီး လေ၊ သလိပ်၊ သည်းခြေကိုနိုင်သည်။ ကင်ပွန်းချဉ်ရွက်သည်ပူချဉ်ပြီး အပူကြောင့်ဖြစ်သော အခိုးအကင်းကို ငြိမ်းစေသည်။ ကင်ပွန်းသီး သည် ခါးအေးပြီး အစာကိုကြေညက်စေ၍ ဝမ်းကိုသက်စေသည်ဟု ဖော်ပြထားသည်။ ကင်ပွန်း သီး၏ အာနိသင်မှာ လေအောင့်ရောဂါ၊ သွေးနှင့်ဆိုင်သောရောဂါ၊ အစာအိမ်ရောဂါနှင့်ဝမ်းချုပ် ခြင်းတို့ကို သက်သာပျောက်ကင်း စေသည်။ တရော်နှင့်ကင်ပွန်းသီးပြုတ်ရည်ဖြင့် ခေါင်းလျှော်ခြင်း သည် ဆံပင်ကိုသန်စွမ်းစေခြင်း၊ ဦးခေါင်းကိုအေးမြစေခြင်း၊ ဗောက်များကင်းစင်စေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေနိုင်သည်။
ကင်ပွန်းပွင့်သည် အဝါရောင်ရှိပြီး ပန်းခိုင်အဖျားတွင် စုပြုံ၍ဖူးပွင့်ကြသည်။ အပွင့်ပြုတ်ရည် ကိုသောက်သုံးခြင်းဖြင့် လေရောဂါ၊ သည်းခြေ ရောဂါတို့ကိုပျောက်ကင်းစေနိုင်ပြီး ချွဲ၊ သလိပ်တို့ကို ကြေစေနိုင်သည်။ ကင်ပွန်းချဉ်ရွက်သည် လူအများ နှစ်သက်စွာစားသုံးကြသောဟင်းလျာအဖြစ် လည်းကောင်း၊ ဆေးများဖော်စပ်ရာတွင် ရောစပ်အသုံးပြုခြင်းဖြင့် လည်းကောင်း၊ အသားအရေ ကျန်းမာရေးအတွက်လည်းကောင်း အထောက်အကူပြုလျက်ရှိသည်။
ကင်ပွန်းချဉ်နှင့်ပျောက်ကင်းနိုင်သောရောဂါများ
ကင်ပွန်းချဉ်ပင်၏ အရွက်၊အသီး၊ အပွင့်အားလုံးသည် ဆေးဖက်ဝင်သည်။ အဓိကပါဝင်သော အာဟာရဓာတ်မှာ ရေငွေ့ဓာတ်ဖြစ်ပြီး ပူ၍ချဉ်သောအရသာရှိသည်။ အပူကြောင့်ဖြစ်တတ်သော အခိုးအကင်းကိုငြိမ်းစေနိုင်သဖြင့် ဆောင်းရာသီတွင်စားသုံးသင့်သည်။ ကျိုချက်၍ သောက်သုံးပါက ဆီးရောဂါအမျိုးမျိုးသက်သာပျောက်ကင်းစေပြီး ငါးခူ၊ ငါးကြင်းတို့ဖြင့်ရော၍ချက်ပြုတ်ပါက လေ ချဉ်တက်ခြင်းရောဂါအတွက်ကောင်းခြင်း၊ ငါးစင်ရိုင်း သို့မဟုတ် ငါးတန်နှင့်ရောချက်ပါက သည်းခြေ ရောဂါကိုသက်သာပျောက်ကင်းနိုင်ခြင်း၊ ငါးခုံးမနှင့်ရောချက်ပါက အိပ်မပျော်၊ စားမဝင်ရောဂါ အတွက်ကောင်းခြင်း၊ အမျိုးသမီးများ ကလေးမွေးဖွားရာတွင် လွယ်ကူစေရန် ကင်ပွန်းချဉ်ရွက် ပြုတ်ရည်ကို သောက်သုံးနိုင်ခြင်း စသည့်အကျိုးအာနိသင်များရရှိနိုင်သည်။
ကင်ပွန်းချဉ်ရွက်မှပေးသည့်အာဟာရများ
ကင်ပွန်းချဉ်ရွက်တွင် ဗီတာမင် - C၊ ဗီတာမင်- A၊ ဗီတာမင် - D၊ ဗီတာမင် - K၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ စသည့်အာဟာရဓာတ်များပါဝင်သည်။
ကျန်းမာရေးအကျိုးကျေးဇူးများ
ကင်ပွန်းချဉ်ရွက်ကိုရေနွေးဖြော၍ သောက်သုံးပေးပါက ဝမ်းဗိုက်လေပွ ခြင်းကို ပျောက်ကင်း စေသည်။ အသည်းရောင်အသားဝါရောဂါနှင့်သည်းခြေရောဂါတို့အတွက် အရွက်နုလေး များကို ငရုတ်ကောင်းရည်တွင်စိမ်၍ ဆား၊ မန်ကျည်းသီး၊ ငရုတ်သီးတို့နှင့်ရောထောင်းပြီး တိုက် ကျွေးပါက သက်သာစေသည်။ အရွက်နုများကို ညဉ့်သိပ်စိမ်ပြီးသောက် သော်အဖျဉ်းရောဂါပျောက်ကင်း စေပြီး အရွက်နုများကိုကြိတ်၍ အသည်းရောင်သောနေရာ၌ လိမ်းကျံပေးပါက သက်သာစေသည်။
အစာစားချင်စိတ်တိုးစေနိုင်
ကင်ပွန်းချဉ်ရွက်၏အရသာမှာ ခံတွင်းရှင်းသောကြောင့် အစားပျက် နေသူများအတွက် ခံတွင်းလိုက်စေမည့် အရွက်တစ်မျိုးဖြစ်ပြီး ပုတတ်စာနှင့်ချက်ထားသည့် ကင်ပွန်းချဉ်ရွက်ဟင်းမှာ စားရသူအတွက် ခံတွင်းတွေ့စေသည်။
ဆီးချိုကျစေနိုင်
အချဉ်အရသာစူးစူးနှင့် ကင်ပွန်းချဉ်ရွက်က သွေးတွင်းသကြားဓာတ် ကိုထိန်းညှိပေးပြီး သွေးချိုရုတ်တရက်မြင့်တက်ခြင်းမဖြစ်စေရန် ကာကွယ်ပေးသည်။ အမျှင်ဓာတ်ပါဝင်မှုကြောင့်လည်း သွေးတွင်းသကြား ဓာတ်ကိုထိန်းညှိပေးရာတွင် အထောက်အကူပြုသည်။
ကိုယ်တွင်းအဆိပ်အတောက်များဖယ်ရှားပေးနိုင်
ကင်ပွန်းချဉ်ရွက်စားပေးခြင်းဖြင့် ကိုယ်တွင်းရှိအဆိပ်အတောက်များကို ထိရောက်စွာ ဖယ် ရှားပေးနိုင်ပြီး အသားအရေကိုကြည်လင်စေကာ သွေးသန့်စေရန်လည်း အထောက်အကူပြုသည်။
ဝမ်းမှန်စေနိုင်
အမျှင်ဓာတ်ကြွယ်ဝသည့် ကင်ပွန်းချဉ်ရွက်က အူများ၏လုပ်ဆောင် မှုကိုကောင်းမွန်စေပြီး အူနံရံများကို အာဟာရစုပ်ယူမှုကောင်းစေရန်ထောက်ပံ့ပေးကာ ဝမ်းမှန်စေရန်လည်း အထောက် အကူပြုသည်။
သွေးတိုးကျစေနိုင်
ကင်ပွန်းချဉ်ရွက်တွင် ပိုတက်ဆီယမ်ပါဝင်နေသောကြောင့် သွေးပေါင် ချိန်ကိုထိန်းညှိပေးပြီး သွေးတိုးကျစေရန်လည်း အထောက်အကူပြုနိုင်သည်။
အနာကျက်စေနိုင်
ကင်ပွန်းချဉ်ရွက်တွင် ဗီတာမင် - C ကြွယ်ဝသောကြောင့် အရေပြား ကိုကျန်းမာစေခြင်း၊ အနာပိုးမဝင်စေရန် ကာကွယ်ပေးခြင်းနှင့် အနာကျက်စေရန်အထောက်အကူပေးခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိနိုင်သည်။
အဖောအရောင်သက်သာစေနိုင်
ကင်ပွန်းချဉ်ရွက်အနုကို ညက်အောင်ထောင်းပြီး သကြားအနည်း ငယ်ထည့်ကာ ရေကျက် အေးနှင့် နေ့စဉ်သောက်သုံးပေးပါက အဖျဉ်းရောဂါကို သက်သာစေနိုင်ပြီးကိုယ်ဖော ကိုယ်ရောင် ရောဂါများကို ပျောက်ကင်းစေနိုင်သည်။
ကင်ပွန်းချဉ်ရွက်မစားသင့်သူများ
ကင်ပွန်းချဉ်ရွက်ကို နို့တိုက်မိခင်များ၊ ကိုယ်ဝန်ဆောင်များ၊ သွေးပေါင် ကျတတ်သူများ၊ ရောဂါအခံရှိသူများ၊ ရောဂါအခြေအနေတစ်ရပ်ရပ် ကြောင့် ဆေးသောက်နေရသူများနှင့် ကလေး ငယ်များအလွန်အကျွံစားသုံးမှုကိုရှောင်ကြဉ်သင့်သည်။
ကင်ပွန်းသီးမှပေးသည့်ကောင်းကျိုးများ
ကင်ပွန်းသီးသည်လေအောင့်ရောဂါ၊သွေးနှင့်ဆိုင်သောရောဂါ၊ အဖြူကွက်ပေါ်သောရောဂါ အစာအိမ်ရောဂါနှင့်ဝမ်းချုပ်ခြင်းကိုပျောက်ကင်းစေသည်။ အသီးနှင့်အရွက်ပြုတ်ရည်ကို ဝမ်းပျော့ ဆေးရည်အဖြစ် အသုံးပြုနိုင်သည်။ ကင်ပွန်းသီးကိုကြိတ်၍ အရေပြားရောဂါကို လိမ်းပေးလျှင် ပျောက်ကင်းပြီးကင်ပွန်းသီးများကိုမြွေဆိပ်ကုဆေးဖော်စပ်ရာတွင်လည်းအသုံးပြုကြသည်။စိန်နှင့်သံပရာစားမိသူအား ကင်ပွန်းသီးကိုကျိုပြီး လက်ဖက်ရည်ပန်းကန်တစ်လုံးခန့်တိုက်ပေးခြင်းဖြင့် စား ထားသောစိန်နှင့်သံပရာများကို ပြန်အန်ထွက်စေသည့် အစွမ်းအာနိသင်ရှိသည်။
အချုပ်ဆိုရသော် ကင်ပွန်းချဉ်ရွက်ကို လူတိုင်းစားသုံးသင့်ပြီး အထူးသဖြင့်အစာလည်းဆေး ဆေးလည်းအစာဆိုသကဲ့သို့ကျန်းမာရေးအားနည်းသူများ၊ ခံတွင်းမကောင်းသူများ၊ အိပ်မပျော်သူ များစားပေးသင့်သည်။ ကင်ပွန်းချဉ်ရွက်ကိုကျို၍ ညစဉ်အိပ်ရာဝင်သောက်ပေးပါက စားဝင်အိပ်ပျော်ပြီး သက်ရှည်ကျန်းမာစေကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
Source: ဒေါက်တာလပြည့်ခင်
DOCA(ပြည်ထောင်စုနယ်မြေ)