
ကသာမြို့သည် ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိပြီး မြစ်ကြောင်းတစ်လျှောက် မြို့နယ်အစအဆုံး ၄၅ မိုင်ရှည်လျားသည်။ ကသာမြို့နယ်ရှိ ကျေးရွာများမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ တံငါးလုပ်ငန်း များနှင့် အသက်မွေးဝမ်းကျောင်းပြုကြပါသည်။ စိုက်ပျိုးရေးအနေနှင့် ကြံသီးနှံနှင့် ပဲမျိုးစုံသီးနှံများကို အဓိကစိုက်ပျိုးကြသည်။ မြစ်ဝှမ်းတစ်လျှောက်တွင် မြေနုကျွန်းများ ပေါများသောကြောင့် ရာသီပေါ် သီးနှံများ စိုက်ပျိုးကြပြီး ကသာမြို့ပေါ်ရှိ အဝယ်ဒိုင်များသို့ ရောင်းချခြင်း၊ မနက်ဈေး၊ နေ့လည်ဈေး၊ ညနေဈေးများတွင် ရောင်းချကြပြီး မန္တလေး၊ မြစ်ကြီးနား စသည့်မြို့ကြီးများနှင့် နီးစပ်ရာမြို့များသို့ ကား၊ ဆိုင်ကယ်၊ သုံးဘီးများဖြင့် တင်ပို့ရောင်းချလျက်ရှိကာ ကသာမြို့သည် တစ်နေကုန် သက်ဝင် လှုပ်ရှားစည်ကားလျက်ရှိပါသည်။
ကသာမြို့နယ် ဒေသထွက်ကုန်အမျိုးမျိုးရှိရာမှ ထင်ထင်ရှားရှား ထုတ်ကုန်တစ်ခုကိုပြပါ ဆိုလျှင် ငါးလူးငါးဆားနယ်(ဒေသအခေါ်) ငါးလူးငါးပိကောင်ထုတ်ကုန်ကိုပြရမည်ဖြစ်ပါသည်။ ဧရာဝတီမြစ်ငါးတစ်မျိုးဖြစ်သည့် ငါးလူးငါးသည် အကြီးဆုံးအရွယ်မှာ လူကြီးလက်သုံးလုံးခန့် တစ်ဆယ်သားအရွယ်ခန့်ရှိသည်။ အသားများပြီး ချိုသော အရသာရှိသည်။ အရိုးများသော်လည်း နုသည်။ တော်သလင်းလ မြစ်ရေကျချိန် ငါးအရွယ်တော်ဖြစ်ချိန်တွင် မြစ်ကျိုးအင်းများ ဖော်ခြင်း၊ မြစ်ကြောင်းတစ်လျှောက် ပိုက်ကွန်၊ ငါးဖမ်းကိရိယာများနှင့် ဖမ်းဆီးကြသည်။ ငါးလူးငါးများမှာ တော်သလင်းလတွင် အလွန်ပေါများသည့်အတွက် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများမှ တံငါလုပ်ငန်းလုပ်ကိုင်သူများ ဝင်ငွေကောင်းသောလဖြစ်သည်။ ကသာမြို့ပေါ်ရှိ ငါးအဝယ်ဒိုင်များမှာ လည်း ငါးချေးဖောက်ဆေးကြောခြင်း၊ ဆားနယ်ခြင်း၊ ခြင်းတောင်းကြီးများနှင့်ဖိသိပ်ခြင်း စသည့် လုပ်ငန်းများတွင် လုပ်သားများ အသုံးပြုရသည့်အတွက် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကြသည်။ ကားဂိတ်တင်ပို့ခြင်း၊ ကုန်ကားများ၊ လိုင်းကားများမှ သယ်သူပို့ဆောင်ကြသောကြောင့် အဆင့်ဆင့် အလုပ်အကိုင်များ ရကြသည်။
မြို့ပေါ်ရှိငါးအဝယ်ဒိုင်များမှာ နယ်မှလာသည့် ငါးလူးများကို မြို့ပေါ်စည်ပင်ဈေးများတွင် လတ်လတ်ဆတ်ဆတ် ရောင်းကြသလို၊ ငါးကိုဗိုက်ခွဲ /ချေးဖောက်/ဆေးကြောသန့်ရှင်းပြီး ငါးတစ် ပိဿာအား ဆားကြမ်းအစိတ်သား ရောနယ်ပြီး ငါးဆားနယ် ပြုလုပ်၍ရောင်းကြသည်။ ငါးဆားနယ် လုပ်ခြင်းဖြင့် အင်းဆက်ပိုးမကျခြင်း၊ ငါးအသားပျက်စီးမှုမရှိခြင်း၊ ကြာရှည်ထားခံစားသုံး၍ရခြင်း စသည့် ကောင်းကျိုးများရှိသည်။ နယ်အဝေးသို့ တင်ပို့ရောင်းချရာတွင် လမ်းခရီးကြန့်ကြာမှုများ ရှိသော်လည်း ပျက်စီးမှုမရှိကြောင်း တွေ့ရသည်။
ကသာမြို့ပေါ်တွင် ဧရာဝတီမြစ်ကြီးကိုအကြောင်းပြုပြီး ငါးအဝယ်ဒိုင်(၁၂)ခုရှိသည်။ ငါးအ ဝယ်ဒိုင်အားလုံး လုပ်ငန်းပုံမှန်လည်ပတ်လျက်ရှိသည်။ နယ်မှလာသည့် ငါးစိမ်းမျိုးစုံဝယ်ယူပြီး အစိမ်း၊ ငါးဆားနယ်၊ငါးခြောက်မျိုးစုံပြုလုပ်ကာ အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချကြသည်။ စက်တင် ဘာလတွင် ကသာမြို့၏ အဓိကထုတ်ကုန်ဖြစ်သည့် ငါးလူးငါးဆားနယ်များကို ထုတ်လုပ်တင်ပို့ ရောင်းချကြသည်။ နယ်မှလာသည့် ငါးပိဿာချိန်မှာ နေ့စဉ်ပုံမှန်ပျမ်းမျှ ရှစ်ရာမှ တစ်ထောင်ကြားရှိ သည်။ ငါးလူးငါးဆားနယ်သည် ဒေသခံများ နှစ်ခြိုက်စွာ ဝယ်ယူစားသုံးကြသည့် ဈေးကွက်ခိုင်မာ သော ဒေသထုတ်ကုန်တစ်မျိုးဖြစ်သည်။
စက်တင်ဘာလ ပထမအပတ်တွင် ငါးလူးအစိမ်း အလတ်အရွယ်တစ်ပိဿာ ၁၄၀၀၀ ကျပ်ဖြင့် ငါးအဝယ်ဒိုင်များမှ ဝယ်ယူကြပြီး ငါးဆားနယ်ပြုလုပ်ရောင်းပါက တစ်ပိဿာ ၃၂၀၀၀ ကျပ်ရောင်းချ ကြောင်းသိရသည်။ “ငါးလူးပေါ်ချိန်နေ့စဉ် ပိဿာချိန် ၄၀၀ နှင့် ၅၀၀ ကြား အရောင်းအဝယ်ရှိပါတယ်။ ပျမ်းမျှအနေနှင့်ပြောတာပါ နယ်စုံက လာရောင်းကြတာ လက်ရှိဒိုင်ဖြတ်ဈေးက တစ်ပိဿာ ၁၂၀၀၀ ကျပ်ပေးပါတယ်။ တံငါသည်တစ်ယောက်ကို ခန့်မှန်း ပိဿာ ၂၀ နဲ့ ၃၀ ကြားရတာတွေ့ရတယ်။ နှစ်သိန်းနှင့်သုံးသိန်းကြားဝင်ငွေရနေကြပါတယ်၊ တံငါလုပ်သားတွေက ရာသီပေါ်ရောင်းကြတယ် အဝယ်ဒိုင်တွေက လနှင့်ချီပြီးတာရှည်ခံအောင် ငါးဆားနယ်လုပ်ရောင်းကြတယ်။ တစ်နှစ်ပတ်လုံး မပြတ်လပ်အောင် ရောင်းနိုင်ဖို့ စီစဉ်ထားကြတယ်။ ငါးပေါ်ချိန်ဈေးချိုပေမယ့် ငါးရှားလာပြီဆို တက်ဈေးနှင့်ရောင်းကြတယ်။ ငါးလူးငါးဆားနယ်က ကသာမြို့နယ်ရဲ့ ထုတ်ကုန်တစ်မျိုးလို့ပြောရ မယ်ဗျ ။ ကသာမြို့မှာ ငါးပွဲရုံ ၊ ငါးအဝယ်ဒိုင်တွေ အများကြီးရှိတယ်။ ၁၀ ခုကျော်မယ် သည်ကာလ ကတော့ ငါးလူးငါးတွေလှိုင်လှိုင်ပေါ်တဲ့အတွက် ငါးဆားနယ်လုပ်ငန်းနှင့်ပဲ လုံးပမ်းနေကြတယ်” လို့ ဧရာငါးအဝယ်ဒိုင်လုပ်ငန်းရှင်တစ်ဦးပြောကြားချက်အရ သိရပါသည်။
ကသာမြို့နယ်တွင်း မြစ်ကျိုးအင်းပေါင်း(၉၀)ကျော်ရှိပါသည်။ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရှည်လျားသော ရေနယ်နမိတ်ရှိသည့်အတွက် တော်သလင်းလမှ တန်ဆောင်မုန်းလအထိ သုံးလ အတွင်း ငါးများလှိုင်လှိုင်ပေါ်သည်။ ပေါ်သမျှငါးများသည် ကသာမြို့ ငါးအဝယ်ဒိုင်များမှတစ်ဆင့် မြို့နယ်စုံသို့ ဖြန့်ခွဲတင်ပို့ရောင်းချကြသည်။ ငါးသားပေါက်ချိန် မေလ၊ ဇွန်လများတွင် ငါးရှားပါးလေ့ ရှိပြီး စက်တင်ဘာလမှဒီဇင်ဘာလအထိ မြစ်ငါးများ ပေါပေါများများရရှိသော လများဖြစ်သည်။ ကသာ ငါးလူးငါးဆားနယ်သည် ဒေသခံအလုပ်သမားများ၊ တံငါးလုပ်သားများ၊ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိနေသော ဒေသထုတ်ကုန် တစ်မျိုးဖြစ်ပါသည်။
မြို့တစ်မြို့၏ ဒေသထုတ်ကုန်သည် ၎င်းမြို့၏ ဂုဏ်သတင်းပင်ဖြစ်သည်။ မြို့နယ်တိုင်းတွင် ဒေသထုတ်ကုန်များ ရှိကြသည့်အတွက် ခရီးသွားများက အဆိုပါ ဒေသထုတ်ကုန်များကို အမှတ်တရ အဖြစ်လည်းကောင်း၊ လက်ဆောင်အဖြစ်လည်းကောင်း ဝယ်ယူကြသည်။ ဒေသထုတ်ကုန်တစ်ခု နာမည်ကြီးပါက သီးသန့်ခရီးစဉ်အဖြစ် သွားရောက်ဝယ်ယူခြင်း၊ လေ့လာခြင်းများ ရှိကြသည်။ ထို့ကြောင့်လည်း ဒေသခံများဝင်ငွေရကြပြီး မြို့နယ်သည်လည်း စည်ပင်သာယာကာ လူနေမှုအဆင့်အတန်း မြှင့်မားလာမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်မှ ဒေသထုတ်ကုန် OROPနှင့် ပတ်သက်၍ တွန်းအားပေး ဆောင်ရွက်နေခြင်းဖြစ်သည်။ ဒေသထုတ်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ အနေ ဖြင့် မိမိထုတ်ကုန်အား လူသိများလာစေရန် ဆွဲဆောင်မှုရှိသော ကုန်အမှတ်တံဆိပ်များ ပြုလုပ်ခြင်း၊ စားသုံးသူစိတ်ဝင်စားမည့် ထုပ်ပိုးမှုများပြုလုပ်ခြင်း၊ ကုန်အညွှန်းအမှတ်အသားများ ဥပဒေနှင့်ကိုက် ညီမှုရှိစေရန် စားသုံးသူရေးရာဦးစီးဌာနတွင် တင်ပြခြင်း၊ ကုန်စည်ပြပွဲ/ပြိုင်ပွဲများတွင်ထည့်သွင်း ပြသယှဉ်ပြိုင်ပြီး ပြည်ပပို့ကုန်တင်ပို့နိုင်သည့် နိုင်ငံခြား ဝင်ငွေရှာဖွေပေးနိုင်သော ထုတ်ကုန်ဖြစ်ရန် စီမံသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
DOCA(စစ်ကိုင်း)