မင်းကွတ်သီးကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

Powered by Drupal
Fri, 10/03/2025 - 11:18 -- consumer_admin

    အခွံ ညိုညို အရောင်လေး ရှိပြီး နွှာလိုက်ရင် အထဲမှာ အဖြူ အမြွှာလေး ရှိတဲ့ မင်းကွတ်သီးကို အားလုံး ရင်းနှီးပြီးသား ဖြစ်မှာပါ။ မင်းကွတ်သီးဟာ ချိုချိုချဉ်ချဉ် အရသာ ရှိတာကြောင့်တော်တော်များများက အအီပြေ စေတဲ့ အသီးအဖြစ် စားကြပါတယ်။

                မင်းကွတ်သီးမှာ ကယ်လိုရီ ပါဝင်မှုက အရမ်းကိုနည်းပါးပါတယ်။ မင်းကွတ်သီး (၁၀၀)ဂရမ်မှာမှ (၆၃) ကယ်လိုရီပဲ ပါဝင်တာပါ။ ခန္ဓာကိုယ် အလေးချိန် လျော့ကျဖို့ ကြိုးစားနေတယ် ဆိုရင်တော့ မင်းကွတ်သီးလေး စားသုံးပေးနိုင်ပါတယ်။ မင်းကွတ်သီးမှာ ဗီတာမင် စီ ပါဝင်ခြင်းဟာ အအေးမိ ဖျားနာခြင်းလိုမျိုး ပြင်ပကနေ ပိုးမွှားတွေ ဝင်ရောက်ခြင်းကြောင့် ဖျားနာတာမျိုး မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဗီတာမင် စီ ပါဝင်တဲ့ အသီးအနှံတွေ စားသုံးခြင်းဟာ ရောဂါတွေကို တားဆီးပေးနိုင်ပြီး ခန္ဓာကိုယ်ထဲမှာ ဆဲလ်အသစ်တွေပေါ်ပေါက် လာစေဖို့အတွက် အထောက်အကူပြုပါတယ်။ မင်းကွတ်သီး ပုံမှန်လေး စားပေးမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ကောင်းမွန်စေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ရင်ဘတ်အောင့်ခြင်း၊ နှလုံးနာကျင်ခြင်း၊ ကိုလက်စထရောမြင့်မားခြင်းလိုမျိုး သွေးလည်ပတ်မှုနဲ့ ဆိုင်တဲ့ရောဂါတွေ မဖြစ်စေဖို့အတွက် အထောက်အကူပြုပါတယ်။ မျက်လုံးတဝိုက် သွေးလည်ပတ်မှုလည်း ကောင်းမွန်စေတာကြောင့် အမြင်အာရုံ လည်းတိုးတက်ကောင်းမွန် စေပါတယ်။ မင်းကွတ်သီးမှာ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်တာက နှလုံးနဲ့ ဆက်စပ်တဲ့ရောဂါအပြင် ကင်ဆာရောဂါဖြစ်ပွားမှုကိုပါ လျှော့ကျစေပါတယ်။ ဒီလိုမျိုး ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်ခြင်းဟာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ free radicalsတွေ ခန္ဓာကိုယ်ထဲကနေလျှော့နည်းသွားအောင် အကျိုးပြု ပါတယ်။ မင်းကွတ်သီး စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက် အထူးသင့်တော်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဓမ္မတာပုံမှန်ဖြစ်ဖို့ ကူညီပေးနိုင်တာကြောင့်ပါ။ မင်းကွတ်သီးဟာ ရာသီမလာခင်မှာ ဖြစ်တတ် တဲ့ ဗိုက်အောင့်ခြင်း၊ စိတ်တိုလွယ်ခြင်းစတဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ဆီးချိုရောဂါဟာ ကမ္ဘာတစ်ဝန်းမှာ နှလုံးရောဂါပြီးနောက် အဖြစ်အများဆုံးရောဂါပါ။ မင်းကွတ်သီးဟာ သွေးတွင်းသကြား ဓါတ်ကို ထိန်းညှိပေးတာကြောင့် ဆီးချို အရမ်းတက်တာမျိုး မရှိနိုင်ပါဘူး။ မင်းကွတ်သီးမှာ ဘက်တီးရီးယားတွေကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိတွေ အများကြီးပါဝင်ပါတယ်။ မင်းကွတ်သီးရဲ့ အကျိုးကျေးဇူးလေးတွေ သိရပြီဆိုတော့ ရာသီစာ အသီးအနှံတစ်မျိုးအဖြစ် စားပေးဖို့မမေ့ပါနဲ့နော်။

DOCA (ဧရာဝတီ)