ပန်းဂေါ်ဖီ (ပန်းမုံလာ) စိုက်ပျိုးနည်း

Powered by Drupal
Fri, 10/03/2025 - 11:11 -- consumer_admin

   ပန်းဂေါ်ဖီသည် ဂေါ်ဖီထုပ်ကဲ့သို့ အအေးကြိုက်သော်လည်း ဂေါ်ဖီထုပ်ထက် အပူဒဏ်ခံနိုင်သည်။ အေးပြီး အစိုဓာတ်အမြဲရရန်လိုသည်။ ရာသီဥတုခြောက်သွေ့နေလျှင် အပွင့်ဖြစ်မလာနိုင်ပါ။ ထို့ကြောင့် ပန်းဂေါ်ဖီစိုက်လျှင် မြေအမျိုးအစားထက် ရာသီဥတုကပိုအရေးကြီးသည်။ ပန်းဂေါ်ဖီကို တောင်ပေါ် ဒေသတွင် ဧပြီ၊ မေ၊ စက်တင်ဘာ၊ အောက်တိုဘာလ တို့တွင်စိုက်ပျိုးကြပါသည်။ မြေပြန့်ဒေသတွင် စက်တင်ဘာ၊ အောက်တိုဘာလ တို့၌ စိုက်ပျိုးကြပါသည်။

ပန်းဂေါ်ဖီပွင့်များကို ပျိုးထောင်ရာတွင် (၁၀Ž၂.၅) ပေ ရှိသော ပေါင်ကို  မြေစိုင်ခဲကလေးများရ သည်အထိ ပြုပြင်ပေးပါ။ မြေများစွာညက်လျှင် ရေလောင်းသောအခါ ကျပ်သိပ်သွား နိုင်သောကြောင့် လေဝင်လေထွက် မကောင်းပဲ အညှောင့်ပေါက်မှု နည်းလာနိုင်ပါသည်။ ပျိုးပေါင်ပေါ်တွင် မျိုးစေ့ကြဲရန် (၂) လက်မခြားမြောင်းဆွဲပြီး မျိုးစေ့ကိုညီညာစွာချ၍ အပေါ်မှ နွားချေးဆွေးမှုန့်ပါးပါးဖုံးအုပ်ပြီး ယင်းပေါ်၌ စင်းပြီးကောက်ရိုးခြောက်များ ပါးပါး ဖုံးအုပ်ကာ ရေရွှဲရွှဲလောင်းပေးရပါမည်။ တောင်ပေါ်ဒေသတွင် အပင်ပေါက်မစုံမီ တစ်တောင်အမြှင့်မှ သက်ကယ် ကောက်ရိုး မိုးပေးရမည်။ (၃-၄)ရက် ကြာလျှင် အညှောင့်    ပေါက်လာမည်။ (၁၂) ရက်ကြာလျှင် တန်းကြားကို မြေဆွပေါင်းရှင်း၊ (၂၀) ရက်ရလျှင် ယူရီးယားမြေသြဇာကို တစ်ပေါင်လျှင် (၅) အောင်စနှုန်းဖြင့် ရေဖျော်ပြီး ရေဝသည့်တိုင် လောင်းပေးရမည်။ တစ်ဧကလျှင် မျိုးစေ့ (၁၀၀-၁၅၀) ဂရမ် လိုအပ်ပါသည်။ ပန်းဂေါ်ဖီစိုက်ပျိုး ရာတွင် ပျိုးဘောင်ပြုလုပ်စဉ်ကတည်းက စိုက်ခင်းကို ထယ်(၂)စပ်၊ ထွန် (၃) စပ်ဝင်၍ မြေပြုပြင်ပေးရမည်။ မိုးများသောဒေသများတွင် မြေချဉ်ငံဓာတ် ၆.၅ အထိထိန်းထားနိုင်ရန် ထုံးထည့်ပေးရန်လိုအပ်ပါသည်။ ပျိုးသက်(၃၅-၄၀)ရက်ရောက်လျှင် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။ ညနေ(၃)နာရီ နောက်ပိုင်းမှ ပြောင်းရွှေ့စိုက်ပျိုးခြင်း ပြုလုပ် သင့်ပါသည်။ စိုက်ကျင်းထဲသို့ ရေလောင်းထည့်၍ ရေခံပြီး ရွေ့စိုက်ပါ။ ရွေ့စိုက်ပြီး (၁၀-၁၅)ရက်လျှင် အပင်ခါးဆွခြင်းကို ပြုလုပ်ပေးရမည်။  မြေသြဇာကျွေးရာတွင် စုစုပေါင်း ၃ ကြိမ်ကျွေးသင့်ပါသည်။ ပထမအကြိမ်ကို ရွေ့ပြောင်း စိုက်ပျိုးပြီး (၇-၁၀) ရက်ခန့်အကြာ၊ ဒုတိယအကြိမ်ကို ပထမအကြိမ်ထည့်ပြီး (၁၀)ရက်ခန့်အကြာ၊ တတိယအကြိမ်ကို ရွေ့စိုက်ပြီး (၁)လခန့်အကြာတွင်ကျွေးပေးရပါမည်။ ရေကို တစ်ပတ် (သို့မဟုတ်) နှစ်ပတ်လျှင် တစ်ကြိမ်ကျ သွင်းပေးရန်လိုအပ်ပါသည်။ အပွင့်ကောင်းစွာပွင့်နေချိန်တွင် နေရောင်ခြည်တိုက်ရိုက် ထိတွေ့ပါက ပန်းပွင့် အရောင်ပြောင်းလဲသွားတတ်ပြီး စားသုံးရာတွင်လည်း အသားကြမ်း၍ အရသာ ခါးသက်လာ တတ်ပါသည်။ သက်တမ်းကိုလိုက်၍ ရွေ့စိုက်ပြီး (၂-၂.၅) လအကြာတွင် ပန်းပွင့်ကိုစတင်ခုတ်နိုင်ပါသည်။ အဝေးသို့တင်ပို့ပါက အရွက်ကို(၂-၃)ရွက်ချန်၍ နှုတ်ရပါသည်။ တစ်ဧကလျှင် ဂေါ်ဖီပန်းပွင့် မျိုးကိုလိုက်၍ တန်ချိန် (၅-၈) တန်ထွက်နိုင်ပါသည်။

  DOCA (ဧရာဝတီ)