
လူသားများကျန်းမာရေးအတွက် အထောက်ကူပြုဓါတ်စာတမျိုးဖြစ်သော တန်ဖိုးကြီးမားသော ဆေးဖက်ဝင်သော ငှက်သိုက်အခေါ် ငှက်အန်ဖတ် ကို ဇီဝဇိုးငှက်၊ မိုးစာငှက်၊ပြီးလဲငှက်တို့မှ ရရှိနိုင်တယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ ငှက်သိုက်ကို အများအားဖြင့် ဇီဝဇိုးငှက်ကနေ ပဲရလေ့ရှိပါတယ်။ ဇီဝဇိုးငှက်များရဲ့ အန်ဖတ်ကနေဖြစ်ပေါ်လာသော ငှက်သိုက်ကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစု တွေပေါ်မှာရှိတဲ့ ကျောက်လိုက်ဂူတွေထဲကနေ ရှာဖွေရရှိပါသည်။ ဇီဝဇိုးငှက်များဟာ တခြားငှက်တွေလို သစ်ရွက်၊အမှိုက်စတာတွေနဲ့ အသိုက်မလုပ်ဘဲ အားစေးတစ်မျိုးကိုအန်ထုတ်ပြီး အသိုက်ပြုလုပ်ပါတယ်။ ဈေးကွက်ထဲမှာ သန့်စင်ပြီးငှက်သိုက် တစ်ကျပ်သားကို ၅၀၀၀၀ကျပ်နှုန်းဖြင့် ရောင်းချနေသည်ကို တွေ့ရှိ ရပါသည်။
ငှက်သိုက်ဟာ ပရိုတင်းဓါတ်ကြွယ်ဝပြီး အာဟာရဓါတ်များစွာပါဝင်ပါသည်။ ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေကာ အအေးမိလွယ်ခြင်း၊ ဖျားနာလွယ်ခြင်းမှ ကာကွယ်ပေးပါသည်။ အရေပြားကိုလည်း အထောက်အကူပေးပါတယ်။ အသားအရေကိုကြည်လင်ဝင်းပစေပြီး အိုမင်းခြင်းကို နှောင့်နှေးစေပါသည်။ မောပန်းနွမ်းနယ်ခြင်းကို ပြေပျောက်စေကာ စိတ်ဖိအားကိုလည်း လျော့စေပါ သည်။ အလုပ်ပင်ပန်း စိတ်ပင်ပန်းလို့ကုန်ဆုံးသွားသော ခွန်အားများကိုလည်းပြန်လည်ပြည့်ဖြိုးစေပါသည်။ အစာစားချင်စိတ်ပျောက်နေပါက အစာစားချင်စိတ်ကိုပြန်လည်ဖြစ်စေပါသည်။ ရင်ဘတ်ထဲမှာပူနေတာ မျိုးတွေဆိုရင်လည်း ငှက်သိုက်သောက်ပေးခြင်းဖြင့် ရင်ကိုအေးမြစေပါသည်။ ခွဲစိတ်ပြီး လူနာများ ဖျားနာနေသော လူနာများကိုလည်း မြန်မြန်နလန်ထူစေပါသည်။ ငှက်သိုက်ထဲမှာပါတဲ့ Sialic acid ဟာအာရုံကြောကောင်းဖို့နဲ့ ဦးနှောက်ကြည်လင်ပြီး မှတ်ဉာဏ်ကောင်းဖို့ အထောက်အကူပေးပါသည်။ တရုတ်ရိုးရာဆေးကျမ်းတွေမှာ ငှက်သိုက်ဟာ သွေးနဲ့အသက်ရှုလမ်းကြောင်းကို သန့်ရှင်းစင်ကြယ်စေနိုင် တယ်လို့ ရေးသားထားတဲ့အတွက် တရုတ်လူမျိုးအတော်များများဟာ ငှက်သိုက်ကို အထူးနှစ်ခြိုက်စွာ သောက်သုံးလေ့ရှိပါသည်။ အချုပ်အားဖြင့်ဆိုရသော် ငှက်သိုက်ကိုပုံမှန်စားသုံးပေးခြင်းဖြင့် ကုန်ဆုံး သွားသောအင်အားများပြန်လည်ပြည့်ဖြိုးနိုင်ခြင်း၊ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေခြင်း၊ ကိုယ်ခံအား ကောင်းကာကျန်းမာကြံ့ခိုင်စေခြင်း၊ အသားအရေတင်းရင်းဝင်းပစေကာ အရွယ်တင်နုပျိုစေခြင်းစတဲ့ အကျိုးကျေးဇူးများစွာရရှိနိုင်ပါသည်။
DOCA (ဧရာဝတီ)