
အုန်းသီးနဲ့ အုန်းရည်ဆိုတာက ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေနဲ့ ရိုးရာမုန့်တွေထဲမှာ ပါဝင်နေတာကြောင့် လူတိုင်းနီးပါးကတော့ ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ အုန်းရည်ဟာ အနည်းငယ် ချိုတဲ့အရသာရှိပြီး လူကိုလည်း လန်းဆန်းစေပါတယ်။ တစ်ချို့က သရေစာ (သောက်စရာ) အနေနဲ့ သောက်သုံး ကြသလို တစ်ချို့ကတော့ အုန်းရည်ရဲ့ ကောင်းကျိုးတွေကိုသိလို့ ကျန်းမာရေးအတွက် သောက်သုံးကြတာ ဖြစ်ပါတယ်။
အုန်းရည်မှာဆိုရင် ရေဓာတ် ၉၄ ရာခိုင်နှုန်းနဲ့ အဆီ အနည်းငယ်ပါဝင်ပါတယ်။ အခြားပါဝင်တဲ့ ဓာတ်တွေက ကယ်လိုရီ ၊ သကြားဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင် စီ၊ ကယ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ၊ ပိုတက်စီယမ် ၊ ဖော့စဖောရပ်စတဲ့ဓာတ်တွေ ဖြစ်ပါတယ်။ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်း အားကစားလုပ်တဲ့သူတွေနဲ့ လေ့ကျင့်ခန်းပြုလုပ်တဲ့သူတွေအတွက် အုန်းရည်ဟာ သင့်တော်တဲ့ သောက်စရာ တစ်မျိုးဖြစ်ပါတယ်။ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့အတွက် အသင့်သောက်သုံးနိုင်တဲ့ အချိူရည်တွေ အစား အုန်းရည်ကို ဦးစားပေးရွေးချယ်သင့်ပါတယ်။ အချိုရည်တွေဟာဆိုရင် အနံ့အရသာများကို ပြုပြင် ပြောင်းလဲထားသလို သကြားဓာတ်တွေလည်း ပါဝင်တာကြောင့် ရေရှည်မှာကျန်းမာရေးကို ထိခိုက်နိုင် ပါတယ်။ အုန်းရည်ကတော့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်သလို ခန္ဓာကိုယ်အတွက်အရေးပါတဲ့ ပိုတက် စီယမ်နဲ့ ဆိုဒီယမ်ဓာတ်တွေလည်း ပါဝင်တာကြောင့် ရွေးချယ်သောက်သုံးသင့်ပါတယ်။ ကယ်လိုရီနဲ့ ကာဗို ဟိုက်ဒြိတ် ပါဝင်မှုလည်းနည်းတာကြောင့် ကျန်းမာရေးကို အထောက်အကူပြု စေပါတယ်။ အုန်းရည်သောက်သုံးပေးခြင်းဟာ ဆီးလမ်းကြောင်းကို သန့်စင်ပေးနိုင်သလို ကျောက်တည်တာမျိုးတွေနဲ့ ဆီးလမ်းကြောင်းပိုးဝင်တာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အုန်းရည်မှာ ပါဝင်တဲ့ ပိုတက်စီယမ် ဓာတ်ဟာ ကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဆီးအဖြစ်နဲ့ ဖယ်ရှားပေး နိုင်ပါတယ်။ ဒါ့ကြောင့် ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ကျောက်ကပ်ရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူ ပြုပေးနိုင် ပါတယ်။ အုန်းရည်မှာ အမိုင်နိုအက်စစ်နဲ့ အမျှင်ဓာတ်တွေပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ် ပါဝင်မှုကို ထိန်းညှိပေးနိုင်ပြီး ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေး နိုင်ပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။ ဆီးချိုသမားတွေ သောက်သုံးဖို့ သင့်တော်ပါတယ်။ အုန်းရည်သောက်သုံးခြင်းဖြင့် နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပြုတဲ့အပြင် လေဖြတ်တာ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အုန်းရည်မှာပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ဟာဆိုရင် ခန္ဓာကိုယ်ထဲမှာ မလိုအပ်ဘဲ ပိုလျှံနေတဲ့ ဆိုဒီယမ်ဓာတ်တွေကို ဆီးထဲကနေတဆင့် ပါသွားအောင်ဖယ်ရှားပေးနိုင်ပါတယ်။ ပိုတက်စီယမ်ဓာတ် ပါဝင်နေခြင်းဟာ သွေးဖိအားကို ကျဆင်းစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပြီး နှလုံးကျန်းမာရေး ကိုလည်း အထောက်အကူပြုတာ ဖြစ်ပါတယ်။
DOCA (ဧရာဝတီ)