ကျောက်ဖရုံသီးစားသုံးခြင်း၏အကျိုးကျေးဇူးနှင့်စိုက်ပျိုးပုံနည်းစနစ်များ

Powered by Drupal
Wed, 09/24/2025 - 13:30 -- consumer_admin

   ကျောက်ဖရုံသီးကို ဒေသမျိုးတွင် အလုံးလတ်(၁-၂)ပေနှင့် အလုံးကြီး(၂)ပေအထက် အရှည်မျိုးဟူ၍ရှိသည်။ အလုံးလတ်မျိုးများကို စီးပွားဖြစ် မြေလွှတ်စိုက်ကြသည်။ အလုံးကြီးမျိုးများကို အချို့‌ဒေသများတွင် စင်တင်စိုက်ပျိုးကြပြီးဧရာဝတီတိုင်းမှ  ပန်းတနော်၊ ဟသာ်တအလုံးကြီးမျိုးများသည် ထင်ရှားသည်။ မျိုးအားလုံးသည် အပြင်ခွံတွင်ဖရောင်းပါဝင်မှုများ၍ အဖြူရောင်ပိုတောက်သည်။ စိုက်ပျိုးချိန်မှာ မိုးနှောင်းတွင်မြေလွှတ်စိုက်ပျိုးကြပြီး စင်တင်ပါက တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ အချို့ဒေသများတွင် သစ်ပင်ကြီးများနှင့် တဲများအပေါ်တွင်တင်၍ နှစ်ပတ်လည်စိုက်ပျိုးတတ်ကြပြီး အလုံးလတ်မျိုးများကို ယိုလုပ်ငန်းအတွက် စီးပွားဖြစ် မြေလွှတ်၍စိုက်ပျိုးကြသည်။ စင်တင်စနစ်၊ မြေလွှတ်စနစ်ကို ဘောင်ဆွဲ၍ တိုက်ရိုက် အစေ့ချစိုက်ပျိုးကြသည်။ သဘာဝမြေသြဇာ၊ နွားချေးတို့ကိုရောနှော၍ စိုက်ဘောင်ကိုဆွပြီး သမအောင်မွှေထည့်ပေးရမည်။ စင်တင်စနစ်တွင်(၃)ပေအကျယ်၊ (၁)ပေအမြင့်ဘောင်ဆွဲ၍ စိုက်ပျိုးရမည်။ စိုက်ဘောင်ကြီးလေသီးနှံပို၍ဖြစ်ထွန်းလေဖြစ်ပါသည်။ တိုက်ရိုက်အစေ့ချ စိုက်ခြင်းဖြစ်၍ အပင်ငယ်စဥ်တွင်သတိထားပြီး ပေါင်းရှင်းပေးရမည်။ အစေ့ကို အညှောက်ဖောက် ပြီးမှချ၍ အပင်ငယ်စဥ်တွင်ရေကိုမပြတ်အောင်လောင်းပေးရမည်။ အပင်ကြီးထွားလာစဥ်တွင် ရေငတ်ဒဏ်ကိုအသင့်အတင့်ခံနိုင်ပြီး အသီးစတင်သီးချိန်တွင်  လိုအပ်ပါက ရေသွင်းပေးရန် လိုအပ် သည်။  အစေ့ချပြီး ရက်ပေါင်း(၁၀၀)ကျော်တွင် စတင်၍ခူးယူစားသုံးနိုင်သည်။ မျိုးစေ့ထုတ် ယူလိုပါက ပန်းပွင့်ပြီး(၆၅)ရက်ကျော်မှ ခူးဆွတ်သင့်သည်။ ကျောက်ဖရုံသီးသည်တာရှည် အထားခံသဖြင့် အလုံးလိုက်အရိပ်ထဲတွင် နှစ်ပတ်လည်ထားသင့်သည်။ ကျောက်ဖရုံတွင် မျိုး‌စေ့ကို အလုံးလိုက်သဘာဝအတိုင်း သိုလှောင်ထားခြင်းဖြင့် အပင်ပေါက်ရာခိုင်နှုန်းပိုမိုကောင်းမွန်သည်။

      ကျောက်ဖရုံသီးသည် ကယ်လိုရီပါဝင်မှုနည်းပါးပြီး ဆီးချိုသမားများအတွက် အကောင်းဆုံးစားစရာများထဲတွင် ပါဝင်ပါသည်။ ကိုယ်အလေးချိန် လျှော့ချရာတွင်ကျောက်ဖရုံသီးကို စားသုံးပေးခြင်းအားဖြင့် အထောက်အကူပြုပေးနိုင်သည်ဟု သိရှိရပါသည်။ ကျောက်ဖရုံသီးသည် ကျောက်ကပ်ဝေဒနာရှင်များအတွက်လည်း အထူးသင့်တော်ပါသည်။ ခန္ဓာကိုယ်အပူကိုငြိမ်းစေပြီး အဆိပ်အတောက်ကိုပြေစေသော အသီးအနှံတစ်မျိုးလည်း ဖြစ်ပါသည်။  ထို့ပြင်ကျောက်ဖရုံသီးသည် အခြားရောဂါဝေဒနာများကို သက်သာပျောက်ကင်းစေနိုင်သောကြောင့် စားသုံးပေးသင့်သော အသီးအနှံတစ်မျိုးဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)