
ဆလပ်ရွက်ကို ဒေသမရွေးစိုက်ပျိုးနိုင်သည်။ ဆလပ်အမျိုးအစား(၄)မျိုးရှိ၍ မြန်မာနိုင်ငံတွင် အထုပ်မျိုးနှင့်ရွက်ပြန့်မျိုးဟူ၍(၂)မျိုးရှိသည်။ ရွက်ပြန့်မျိုးကို အစိုက်များပြီး အနီရောင်နှင့် အစိမ်း ရောင်ဟူ၍နှစ်မျိုးရှိပါသည်။ ရွက်နီ၊ ရွက်စိမ်းဒေသမျိုးများကိုသာ အစိုက်များသည်။ အထုပ်မျိုး များတွင် နိုင်ငံခြားမျိုးများကို စိုက်ပျိုးကြသည်။ (၁)ဧကလျှင် မျိုးစေ့(၁၀၀)ဂရမ်လိုအပ်ပါသည်။ မစိုက်ခင် မျိုးပေါက်မပေါက် စစ်ဆေးပြီးမှ စိုက်ပျိုးသင့်သည်။ ပျိုးဘောင်ပေါ်တွင် (၄)လက်မခြား မြောင်းများဆွဲ၍ မျိုးစေ့ကို ကြွက်မြီးတန်းချပါ။ အပေါ်မှ သဘာဝမြေဆွေးခပ်ပါးပါးအစေ့မြုပ်ရုံမျှ အုပ်ပေးပါ။ ကောက်ရိုးကိုဘောင်ပေါ်မှ ပါးပါးအုပ်၍မိုးရွာပါက အမိုးအကာပြုလုပ်ပေးထားရမည်။ ဆလပ်စေ့များကို မပျိုးမီ နေပူပြပြီးမှစိုက်ပါ။ သို့မှသာ အပင်ပေါက်ကောင်းမွန်သည်။ ဆလပ်ကို တိုက်ရိုက်အစေ့ချ၍သော်လည်းကောင်း၊ ပျိုးထောင်၍သော်လည်းကောင်း စိုက်ပျိုးကြသည်။ ပျိုးထောင်ရာတွင် မြေညက်သည်အထိ ထယ်ထိုးထွန်မွှေပေးရမည်။ ပေါင်းမြက်၊အမှိုက်များကို ကောက်ယူဖယ်ရှားပေးရပါမည်။ ဆလပ်စိုက်ပျိုးသည့်မြေသည်၊ မြေဆီထက်သန်ရပါမည်။
စိုက်ဘောင်ကို(၃)ပေအကျယ်၊ (၆)လက်မအမြင့်ဖော်၍ တစ်ဘောင်နှင့် တစ်ဘောင်ကြား (၁)ပေ/(၁)ပေခွဲခန့်ရှိသင့်သည်။ စိုက်ဘောင်ကို မြေညက်အောင်ဆွ၍ မျက်နှာြပင်ညှိထား ပေးရပါမည်။ ပေါင်းကိုမြေပြင်စဥ်ကပင်ကောက်ထုတ်သင့်ပါသည်။ ရွှေ့စိုက်ပြီး အပင်ငယ်စဥ်တွင် ပေါင်းနုတ်ပါက အမြစ်လှန်ပျက်စီးတတ်သည်။ အကြိမ်ကြိမ် ထယ်ထိုးထွန်မွှေခြင်းဖြင့် မြေပြင်ချိန် တစ်လခန့်ယူ၍ စိုက်ပျိုးခြင်းသည် အကောင်းဆုံးဖြစ်သည်။ ရေအဆက်မပြတ်လို သောသီးနှံ ဖြစ်သည်။ နေ့စဥ်ရေလောင်းပေးရန်လိုအပ်သည်။ လောင်းရေဖြင့် မလုံလောက်ပါက ဘောင်များကြား မှရေသွင်းတပြိုင်နက်ပြုလုပ်ပါ။ ဆလပ်ရွက်ကို(၁)လသားတွင် စတင်နုတ်ယူရောင်းချနိုင်ပါသည်။ ဆလပ်ထုပ်ကိုလက်နှင့်နှိပ်ကြည့်၍ စျေးကွက်ဝင်သောအရွယ်တွင် စတင်နုတ်ယူနိုင်သည်။ အထုပ်ကို မျိုးအလိုက်(၆၀-၇၀)ရက်တွင် နှုတ်ယူနိုင်သည်။ ထိုထက်သက်တမ်းငယ်သော မျိုးများလည်းရှိသည်။
ဆလပ်ရွက်သည် ဘက်တီးရီးယားပိုးမွှားများကို ကောင်းစွာတိုက်ဖျက်ပေးနိုင်ပါသည်။ ဆလပ်ရွက်သည် သွေးတွင်းရှိအကျိုးမပြုသောကိုလက်စထရောကို ကျဆင်းစေနိုင်သောကြောင့် သွေးတွင်းအဆီများခြင်းကို လျော့ချပေးနိုင်သကဲ့သို့ ရုတ်တရက်နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းများ မဖြစ်စေရန် ကာကွယ်ပေးနိုင်ပါသည်။ ဆလပ်ရွက်ကိုရှေးယခင်ကာလများထဲက ညဘက် ကောင်းကောင်းအိပ်ပျော်စေရန်အတွက် စားသုံးပေးကြပါသည်။ ဆလပ်ရွက်၏အဆီအနှစ်သည် အာရုံကြောများကို ပြေပျောက်စေနိုင်ပြီး ညဘက်များတွင်ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ရန် အထောက်အကူပြုပေးပါသည်။ ထို့ကြောင့် ညဘက်ကောင်းမွန်စွာအိပ်မပျော်သောသူများ စားသုံး ပေးသင့်ပါသည်။ ဆလပ်ရွက်ကိုစားသုံးပေးခြင်းဖြင့် စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း၊ အသားအရေကိုလှပစေခြင်း၊ ဝမ်းမှန်စေခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ပါသည်။
DOCA(ပဲခူး)