ပန်းနာရင်ကြပ်ရောဂါအပါအဝင်အခြားသောရောဂါများအတွက် လွန်စွာဆေးဖက်ဝင်သောကျီးအာသီး

Powered by Drupal
Wed, 09/17/2025 - 15:26 -- consumer_admin

   ကျီးအာသီးပင်သည် နွယ်ပင်ကြီးမျိုးဖြစ်သည်။ ပင်စည်သန်မာ၍ အောက်ပိုင်း၌သစ်မာ ဖြစ်သည်။ အကိုင်းဖြာသည်။ မြောင်းပါသည်။ ရင့်သောပင်စည်သည် မွဲခြောက်ခြောက် အရောင် ဖြစ်ပြီး ကြမ်းသောအပျောက်အစက်များရှိသည်။ နွယ်နှာမောင်းသုံးခုဖြစ်သည်။ ရွက်လွှဲတစ်ရွက်ခြင်း ထွက်သည်။ ရွက်ပြားချော၍ ကြီးသည်။ ရွက်ရင်းနှလုံးပုံရှိပြီး အဝိုက်ညီသည်။ ရွက်ထိပ်ချွန်၍ ရွက်နားများမှာ ခွေးသွားစိပ်ကျဲကျဲပုံရှိပြီး ရွက်ညှာအလွန်ရှည်ကာ အလယ်တွင်မြောင်းပါရှိသည်။ ပန်းခိုင်ပေါ်တွင် အဖြူရောင်ပန်းပွင့်လေးများပွင့်ပြီး တန်ခူးလမှ နယုန်လအတွင်းပွင့်သည်။ အစေ့များမှာအခွံမာသီးဖြစ်သည်။ အမြစ်သည် မြေတွင်းသို့နက်ရှိုင်းစွာသွား၍ မြစ်ဥပေါင်းများစွာနှင့် ဆက်စပ်လျက်ရှိသည်။ အအေးပိုင်းဒေသမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။ ကျီးအာသီးကိုကြိတ်၍ အုန်းဆီနှင့်ရောကျိုပြီး ခပ်နွေးနွေးထည့်ပေးပါက နားကိုက်နာနှင့် နှာခေါင်း တွင်ဖြစ်သော အနာများကိုပျောက်ကင်းစေသည်။ နှာပုပ်ရောဂါတွင် နှာခေါင်းထဲသို့ ယင်းဆီကို အစက်လိုက်ထည့်ပေးရသည်။

          ကျီးအာသီးအခြောက်ကိုချေ၍ ဆေးလိပ်၊ဆေးတံတွင် ထည့်၍သောက်ပါကပန်းနာ၊ ရင်ကြပ် ရောဂါကိုပျောက်ကင်းစေနိုင်ပါသည်။ အသီးကိုလည်ချောင်းရောဂါ၊ အစာမကြေရောဂါ၊ ချောင်းဆိုး ရောဂါ၊ နာတာရှည်ရောဂါ၊ အစာအိမ်နှင့်ပတ်သတ်သောရောဂါများအတွက်လည်း အသုံးပြုနိုင် ပါသည်။ ကျီးအာမြစ်ကိုသွေး၍ လျှာတွင်ပွတ်ပေးလျှင် တစ်ခဏချင်းပင် သလိပ်ကိုကြေစေသည်။ အမြစ်သက်သက်အမှုန့်ကို ထိပ်ကပ်နာရောဂါအတွက်ရှူလျှင် သက်သာစေနိုင်သည်။ အမြစ်ဥကို ပြုတ်၍ ပျားရည်နှင့်သောက်ပါက ဆီးအောင့်နာပျောက်စေသည်။ ဤသို့ဖြင့် ကျီးအာသီးလေးသည် ကျန်းမာရေးအတွက်များစွာအထောက်အကူပြုကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)