ပိုးစာသီးနှင့်ကျန်းမာရေး

Powered by Drupal
Tue, 09/09/2025 - 16:17 -- consumer_admin

        ပိုးစာသီးဆိုသည်မှာ ပိုးစာပင်ကရရှိလာသော အသီးတစ်မျိုးဖြစ်ပါသည်။  ပိုးစာပင်ဆိုသည်မှာ လူများဝတ်ဆင်လေ့ရှိသည့် ပိုးထည်များကို ရက်လုပ်ရန်အတွက် ပိုးချည်မျှင်များကို ထုတ်ပေးသော ပိုးကောင်လေးများ၏ အစာပင်ဖြစ်သောကြောင့် “ပိုးစာပင်”ဟုခေါ်ကြခြင်းဖြစ်သည်။ ပိုးကောင် လေးများမှာ ပိုးစာပင်၏အရွက်ကိုပဲ စားကြပါသည်။ အစားကိုတော့ လူများစားသုံး၍ရပါသည်။ ပိုးစာသီးသည် စတော်ဘယ်ရီ၊ ဘလူးဘယ်ရီမျိုးနွယ်ဝင်ဖြစ်ပြီး ပိုးစာသီးကိုတော့ “Mulberry”ဟု ခေါ်ဆိုကြပါသည်။ ပိုးစာသီးကို လက်နှင့်ဖျစ်ညှစ်လျှင် သွေးကဲ့သို့အရောင်များထွက်သောကြောင့် တစ်ချို့သောဒေသများတွင် “သွေးသီး”ဟုခေါ်ဆိုကြပါသည်။  ပိုးစာသီးပင်ကို ကမ္ဘာ့မြောက်ပိုင်း သမဇုံများတွင် အများဆုံးတွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် မန္တလေးတိုင်းရှိ ပြင်ဦးလွင်ဒေသနှင့်် ကချင်ပြည်နယ် မြစ်ကြီးနားဘက်တွင် တစ်နိုင်တစ်ပိုင် ခြံစိုက်ပျိုးကြပါသည်။ ရှမ်းပြည်နယ်ဘက် တွင်လည်း ပိုးစာပင်များပေါက်ရောက်လေ့ရှိပါသည်။

        ပိုးစာသီးသည် မမှည့်သေးသောအချိန်တွင် အသီးနီနီလေးများသည် ချိုချဉ်အရသာရှိပြီး မှည့်သောအသီးမည်းမည်းလေးများသည် ချိုချိုအီအီအရသာရှိပြီး အရည်ရွှမ်းပါသည်။ ဥရောပနိုင်ငံ များတွင် ပိုးစာသီးကိုစားသုံးသူများပြားပြီး  ကျန်းမာရေးအတွက် အလွန်အထောက်အကူ ပြုသောကြောင့် လူအတော်များများစားသုံးကြပါသည်။ ပိုးစာသီးကို ပုံမှန်စားသုံးခြင်းဖြင့် သွေးအတွင်းရှိ မကောင်းသော အဆီများကို လျှော့ချပေးခြင်းကြောင့် သွေးတွင်းအဆီများခြင်း၊ နှလုံးအဆီပိတ်ခြင်းနှင့် လေဖြတ်ခြင်း များကိုလည်း လျော့ကျစေပါသည်။ အမျှင်ဓာတ်များစွာပါဝင်သောကြောင့်လည်း  ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ သံဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် သွေးနီဥထုတ်လုပ်ခြင်းကို ပိုမို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်လှည့်ပတ်မှုကို ပိုမိုမြန်ဆန်စေခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ပေးလျက်ရှိကြောင်း ‌ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)