ဖလံတောင်ဝှေးအကျိုးကျေးဇူးများ

Powered by Drupal
Fri, 09/05/2025 - 18:22 -- consumer_admin

     ဖလံတောင်ဝှေးသည် ကျန်းမာရေးအတွက် အလွန်ကောင်းပြီးအစာလည်းဆေး ဆေးလည်း အစာဆို သလို စားသုံးလျှက်ရှိသော  အသီးအရွက်တစ်မျိုးဖြစ်ပါသည်။ အချို့ ဒေသများတွင် ကလန်တောင်ဝှေးဟု ခေါ်ဆိုကြပါသည်။ ယခုလို မိုးတွင်းကာလတွင် တွေ့ရသော ရာသီစာတစ်မျိုးဖြစ်ပြီး အိမ်ရှင်မများကပေါ်ဦးပေါ် ဖျားဝယ်ကာ အရသာရှိရှိ ကြော်ချက်စားကြပါသည်။

     ဖလံတောင်ဝှေးကို ဆေးဖက်ဝင်အောင် နည်းအမျိုးမျိုး ချက်လို့ရပါသည်။ နှမ်းဆီ စစ်စစ်ဖြင့်ကြော် စားပါက ချောင်းဆိုးရောဂါနှင့် နှလုံးအားနည်း၍နှလုံးတုန် ရောဂါတို့ကို သက်သာစေနိုင်ခြင်း၊ အမဲသားနှင့်ချက်စားပါက ဆီးရွှင်၍ ကျောက်ကပ်ကို ကျန်းမာစေခြင်း၊ ရေ ကြက်သားနှင့်ချက်စား ပါက ဆီးကျောက် တည်၊  ဆီးပူ၊  ဆီးအောင့်၊  ဆီးအားနည်း၊ ဆီးကျန်၊ ဆီးဝါခြင်း တို့ကိုပျောက်ကင်းစေနိုင်ပါ တယ်ဟု သိရပါသည်။ ထို့အပြင် အထိုင်များ သူများ ခါးနာတတ် သူများနှင့် ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးသူများသည် ဖလံ တောင်ဝှေး၏ ပင်စည်၊ အမြစ်၊ အရွက်၊ အပွင့်၊ အမြစ်ဥ တို့ကို ငရုတ်ကောင်းနှစ်စေ့ ထည့်၍ ဆူပွက်နေအောင် ကျိုချက်ပြုတ်ကာ သောက်သုံးခြင်းဖြင့်သက်သာစေပါသည်။ နာလန်ထစ လူနာများအတွက်လည်း ဖလံတောင်ဝှေးပင်ကို အခြောက်မှုန့်ပြု၍ ပျားရည်၊ ထောပတ်နှင့် ရောစပ်၍ ညအိပ်ရာဝင် ခါနီးတိုင်းလက်ဖက်ရည်ဇွန်း တစ်ဇွန်း မှန်မှန်စားသုံးပေးခြင်းဖြင့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် သိသိသာသာ ခွန်အားပြည့်စေပါတယ်သည်ဟု လေ့လာ သိရှိရပါသည်။

    ရှေးလူကြီးများကလည်း ဖလံတောင်ဝှေးပင်ရဲ့ အမြစ်ကို ထောင်းထု၍ နှာစေး၊ ချောင်းဆိုး၊ အဖျား၊  အစာမကြေ၊ လေနာ၊  အရေပြားရောဂါ၊ မြွေကိုက်ခြင်းတို့အတွက် ဆေးမြီးတို အဖြစ်ကုသလေ့ရှိပါသည်။ အမျှင်ဓာတ် ကြွယ်ဝသောကြောင့် မကြာခဏ ကြော်စားခြင်းဖြင့် ဝမ်းချုပ်ခြင်းကိုမဖြစ်စေတော့ပေ။ နားပြည်ယိုခြင်းနှင့် နားကိုက်ခြင်း တို့အတွက်လည်း ဖလံတောင်ဝှေးအပင်၏ အပါ်ယံကိုခွာ၍ ခပ်နွမ်းနွမ်းဖြစ်သွားအောင် မီးကင်၍ အအေးခံပြီးအရည်ညှစ်ယူကာ ထိုအရည်ကို လေးစက်လောက်တနေ့လျှင် ၅ ကြိမ် လောက်ထည့်ပေးခြင်းဖြင့် နားပြည်ယိုခြင်းနှင့် နားကိုက်ခြင်းတို့ကိုလည်း သက်သာပျောက် ကင်းစေပါသည် ဟုလည်းသိရပါသည်။ ဖလံတောင်ဝှေးသည် ကျန်မာရေးအတွက်အထူး သင့်တော်သော အစားအစာတစ်မျိုးဖြစ်ပါသည်။

 

DOCA (ဧရာဝတီ)