ကျန်းမာရေးနှင့်အလှအပအတွက် အသုံးဝင်သောရှောက်သီး

Powered by Drupal
Mon, 09/01/2025 - 14:02 -- consumer_admin

  ရှောက်သီးသည် ဗီတာမင်စီအလွန်ကြွယ်ဝသောအသီးဖြစ်သည့်အပြင် ဗီတာမင်စီ၊ ကယ်စီယမ်၊ ဖော့စဖရပ်၊ မဂ္ဂနီစီယမ် စ‌သောသတ္တုဓာတ်များနှင့် အမျှင်ဓာတ်များစွာလည်းပါဝင်ကာ ဓာတ်ဆိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်ပါသည်။ ရှောက်ရည် ၁၀၀ ဂရမ်တွင် ဗီတာမင်စီ၆၀ ဂရမ်ပါဝင်သောအတွက်ကြောင့် အသီးများထဲတွင် ဗီတာမင်စီအများဆုံးပါဝင်သော အမျိုးအစား ဟုဆိုရပေမည်။ ရှောက်သီးကို ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက အလှအပအတွက်လည်း အသုံးချနိုင်ပါသည်။ ရှောက်သီးသည် သဘာဝပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး အရေပြားနှင့် ပတ်သတ် သောရောဂါများကို ကုသပေးနိုင်ပါသည်။ ဗီတာမင်စီကြွယ်ဝလွန်းသောကြောင့် အရေပြားကို ပွတ်လိမ်းပေးပါက အမာရွတ်၊ အစက်အပြောက်များမှေးမှိန်ကာ အသားအရေသန့်ရှင်းမှုကို ရရှိစေနိုင်ပါသည်။ ရှောက်ရည်သည် ဘက်တီးရီးယားပိုးမွှားများကို ဖယ်ရှားပေးနိုင်သောကြောင့် ဝက်ခြံပျောက်ကင်းစေပြီး မျက်နှာပေါ်ရှိအဆီများကိုလည်း သက်သာစေနိုင်ပါသည်။ တံတောင်ဆစ်၊ ဒူးခေါင်းများ ညိုမဲနေသောနေရာများကို ပွတ်တိုက်လိမ်းပေးပါက ပြန်လည်၍ဖြူဝင်းလာ စေနိုင်ပါသည်။ ထို့အပြင် လက်သည်းနီခနခန ဆိုးတတ်သောသူများအနေဖြင့် လက်သည်းများ ပျက်ဆီးပါကလည်း ရှောက်ရည်နှင့်သံလွင်ဆီရောစပ်ထားသော အရည်ထဲတွင် လက်သည်းကို နှစ်ပေးထားခြင်းအားဖြင့်လည်း လက်သည်းများပျက်စီးခြင်းမှ သက်သာစေနိုင်ပါသည်။

          ခံတွင်းနှင့်လည်ချောင်းတစ်လျှောက်လုံးအတွက်လည်း ရှောက်သီးသည် အသုံးဝင်လှပါသည်။ သွားကိုက်သောနေရာတွင် ရှောက်ရည်နှင့်သုတ်လိမ်းပေးပါက နာကျင်မှုကို သက်သာစေနိုင်သည့် အပြင် သွားဖုံးပြည်ယိုခြင်း၊ သွေးထွက်ခြင်းစသော သွားရောဂါများကိုပျောက်ကင်းစေနိုင်ပြီး ခံတွင်း အနံ့ဆိုးခြင်းကိုလည်း ပျောက်ကင်းစေနိုင်ပါသည်။ အာသီးရောင်ခြင်း ၊ လည်ချောင်းနာခြင်း စသောလည်ချောင်းအတွင်းဖြစ်တတ်သော ရောဂါအမျိုးမျိုးတို့ အတွက်ရှောက်ရည်နှင့် ရေကိုဆတူ ရောပြီး မကြာခနအာခေါင်ကျင်းပေးခြင်းအားဖြင့် လည်ချောင်းနာခြင်းကို သက်သာစေပါသည်။ ထို့ကြောင့်ရှောက်သီးသည် ကျန်းမာရေးအတွက်သော်လည်းကောင်း အလှအပရေးရာအတွက် သော်လည်းကောင်းများစွာအသုံးဝင်လှသော အသီးတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)