သပြုသီးသည်မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများတွင် သဘာဝအတိုင်း ပေါက်ရောက်သောအသီး ဖြစ်သည်။ သပြုသီးတွင် ဗီတာမင်C၊ သတ္တုဓာတ်များနှင့် သဘာဝအက်စစ်ဓာတ်များစွာ ပါဝင်နေကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အသားအရေကို တောက်ပစေပါသည်။ သပြုသီး၏အရသာသည် မရမ်းသီး၊ သရက်သီး၊ မန်ကျည်းသီးကဲ့သို့မစူးဘဲ အချဉ်ပြေပြေအရသာရှိသည်။ မွန်၊ရခိုင်၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် အများဆုံးစားသုံးကြသည်။ သပြုသီးကို မိုးဦးကျစတွင်တွေ့ရှိရပါသည်။ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်သပြုသီးတစ်လုံးကို၃၀၀ကျပ်၊ ၄၀၀ကျပ်နှုန်းဖြင့်ရောင်းချ နေပါသည်။
သပြုသီးကိုပြုတ်ပြီး ငါးပိရည်နှင့် တို့စားပါက နှလုံးအားကောင်းလာပြီးဆီးရွှင်စေပါသည်။ ဆီး ကျောက်တည်သူများအတွက် သပြုသီးအရွက်ကိုပြုတ်ပြီး သုံးခွက်တစ်ခွက်တင်ပြုတ်သောက်ပါက ကျောက်တဖြည်းဖြည်း ကြွေကျပြီးသက်သာပျောက်ကင်းစေပါသည်။ သပြုသီးအခေါက်ကို ကျောက်ပျဉ်မှာ သွေးလိမ်းပါက ဝမ်းကိုက် ၊ လိပ်ခေါင်းရောဂါများအတွက် ကောင်းကျိုးပြုသည်ဟု သိရပါသည်။ လေးဖက်နာ သမားများအတွက် သပြုသီးနှင့်ဆားကိုအချိုးတူပြုတ်ပြီး အငွေ့ခံကာချွေးအောင်းပေးရပါသည်။ တစ်ကိုယ်လုံး မှာရှိတဲ့အပူအပုပ်၊ချွေးတွေထွက်လာပါက ရေချိုးပေးရပါသည်။ အစားရှောင်စရာမလိုအောင် သက်သာလာပြီး ခြေဆစ်လက်ဆစ်တွေလည်း မကိုက်တော့ကြောင်း သိရှိရပါသည်။ ထို့ကြောင့် သပြုသီးကိုစားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက်အထောက်အကူများစွာဖြစ်ပါသည်။
( DOCA ဧရာဝတီ)