မက်ခါသီးပင်သည် နှစ်ရှည်ပင်တစ်မျိုးဖြစ်သည်။ အပင်မျိုးစေ့မှာ အရိုင်းနှင့် အယဉ်ဟူ၍ (၂) မျိုးရှိပြီး အစိမ်းရင့်ရောင်ရှည်မျောမျောအရွက်များ၊ ပင်စည်နှင့် အကိုင်းအခက်တို့တွင် ဆူးများပါရှိပါ သည်။ အပင်၏သက်တမ်းသည် ခန့်မှန်းခြေ ၁၀နှစ်မှ ၁၅ နှစ်ကျော်အထိရှိပြီး အပင်၏ အမြင့်မှာ မြေအနေ အထားပေါ်မူတည်ပြီး ၇ ပေမှ ၁၅ ပေ အထိမြင့်ပါသည်။ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့ တွင်အရွက်နုလေးများ စတင်ထွက်ရှိပြီး ဧပြီ၊ မေတွင် အရွက်များရင့်လာပြီး အပွင့်များပွင့်လာသည်။ ဇွန်လတွင်အသီးများစသီးလာသည်။ အချို့အပင်များသည် မိုးရေအနည်းအများအပေါ်မူတည်ပြီး မိုး အစောဆုံးထိတွေ့သော အပင်များသည် မေလနှင့်ပင် အသီးများသီးပါသည်။ ဇွန်၊ ဇူလိုင်လတွင် အသီးများရင့်မှည့်လာပြီး ဩဂုတ်လကုန်စက်တင်ဘာလဆန်းပိုင်းတွင် တစ်ကြော့ပြန်သီးရန်အတွက် အပွင့်များပွင့်လာသည်။
ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်သည့်မက်ခါသီး၏အရသာသည် စားသုံးသည် နှင့်တပြိုင်နက်လျှာပေါ်တွင်ခပ်ထုံထုံလေးနှင့် မွှေးကြိုင်ပြီး အနံ့ကလည်းလူကိုလန်းဆန်းစေပါသည်။ မက်ခါသီး၏အာနိသင်သည် ကျန်းမာရေးအတွက်အလွန် အထောက်အကူပြုပါသည်။ မက်ခါသီး အစာခြေစနစ်ကိုကောင်းမွန်စေသောကြောင့် ဝမ်းမှန်ပြီး လေပွခြင်း၊ဗိုက်အောင့်ခြင်းတို့ကို သက်သာ စေသကဲ့သို့ ဝမ်းတွင်းအပူအပုပ်များကိုလည်းကင်းစင်စေပါသည်။ မက်ခါသီးသည် ခန္ဓာကိုယ်ကို အထောက်အပံ့ပေးနိုင်သည့်ပိုတက်ဆီယမ်၊ copper manganese phosphorus ဇင့် နှင့် selenium ဓါတ်တို့ ကြွယ်ဝစွာပါဝင်ပါသည်။ သွေးအားနည်းရောဂါမဖြစ်ပွားခြင်းကို လည်းကာကွယ်ပေးသည့် အပြင်ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ပမာဏကိုမြှင့်တင်ပေးနိုင်သည့် သတ္တုဓာတ်လည်းများစွာပါဝင် ပါသည်။ မက်ခါသီးကိုစားသုံးခြင်းဖြင့် သွေးတိုး၊ ဆီးချို၊ အမြင်အာရုံ မျက်စိပြဿနာနှင့် အရိုးများ သန်မာစေပြီး အရိုးပွခြင်း၊ အရိုးပါးခြင်းစသည့်ရောဂါများကိုလည်း ကင်းဝေးစေပါသည်။
မက်ခါသီးသည် ကယားလူမျိုးတို့၏ မရှိမဖြစ်အသုံးပြုကြသည့် ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးဖြစ်ပါသည်။ မက်ခါသီးကို ကယားပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များနှင့် ကျေးရွာများ တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ အလေ့ကျပေါက်သောအပင်ကိုအရိုင်းပင်ဟုခေါ်ပြီး တစ်ပိုင် တစ်နိုင်စိုက်ပျိုးသောအပင်ကို အယဉ်ပင်ဟု သတ်မှတ်ကြသည်။မက်ခါသီးအယဉ်နှင့်အရိုင်းကွာခြားချက် မှာ အယဉ်သည် အနံ့အနည်းငယ်သာရှိပြီး အရိုင်းသီးသည် အနံ့ပိုပြင်းပါသည်။ မက်ခါသီး အစိုကို ငရုတ်သီးနှင့် ထောင်းစားကြသလို အသား/ငါးများ ချက်ပြုတ်ရာတွင်လည်း အညှီနံကင်းအောင် ထည့်၍ချက်ပြုစားသောက်ကြပါသည်။ကယားပြည်နယ်အတွင်းရှိ ဒေသခံများသည် ရင့်မှည့်လာသော မက်ခါသီးများကို ခူးယူပြီး အခြောက်လှန်းကာ အစေ့ထုတ်ပြီးသားကို နို့ဆီဗူးဖြင့် အယဉ် (၁)ဗူးလျှင်ကျပ်(၉၀၀၀) ခန့်၊ အရိုင်းတစ်ဗူးလျှင် ကျပ် (၈၀၀၀)ဖြင့် သီရိမင်္ဂလာဈေးကြီးအတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ကယား)