ချင်း(ဂျင်း)သည် တစ်နှစ်ခံပင်ပျော့ပင်မျိုးဖြစ်ပြီး ချင်း(ဂျင်း)တက်လို့ခေါ်သည်။Ginger Roots မှာကာဗွန်ဟိုက်ဒရိတ် ၁၇.၇၇ %၊ သကြား၁.၇%အမျှင်ဓာတ်၂%ပရိုတင်း၁.၈၂ %နှင့်ကဆီ၀.၇၅% ပါဝင်ပါသည်။ချင်း(ဂျင်း)ကို ဟင်းခတ်အမွှေးအကြိုင်၊ တိုင်းရင်းဆေး၊ချင်း(ဂျင်း)သုတ်အဖြစ် အသုံးပြု ကြသည်။သဘာဝချင်း(ဂျင်း)တက်သည် အောက်ခြေမှသည် အပေါ်သို့ ကြီးထွားမှုဖြစ်ပေါ်သည်။ ချင်း(ဂျင်း)ကို မြန်မာနိုင်ငံအနှံ့စိုက်ပျိုးကြပြီး မျိုးအနေဖြင့် ရှမ်းချင်း နှင့် ချင်းဖြူ(ပြည်ပမျိုး)တို့ရှိပါ သည်။ဒေသအခေါ် ချင်းဖြူမျိုးသည် အနံ့မွှေး၊ အမျှင်နည်း၊ ရှမ်းချင်းထက် ပိုမိုနူးညံ့သည်။ပို၍ ဆတ်သည်။ဆေးဖက်ဝင်သည်။ မျိုးထားမည့် ချင်းကို သက်တမ်း(၇)လမှ (၈)လရှိပြီး ရင့်ချိန် အပင် ရွက်များချသည့်အခါ ဖော်ရပါမည်။စိုက်မည့်ချင်းတက်များသည် တစ်လက်မခွဲ၊ နှစ်လက်မအရွယ်၊ အလေးချိန်(၃)ကျပ်သားခန့် ရှိရမည်။အောက်ဆုံးချင်းတက်များသည် ပို၍ရင့်သဖြင့် မျိုးထားရန် အကောင်းဆုံးဖြစ်သည်။
ချင်းမျိုးကို တိုက်ရိုက်ဖဲ့ပြီးစိုက်ပျိုးခြင်းနှင့် မျိုးညှောင့်ဖောက်ပြီး စိုက်ပျိုးခြင်း(၂)မျိုးရှိပြီး ချင်း ကို တိုက်ရိုက်စိုက်ပျိုးမည်ဆိုပါက မျက်စေ့ (၁) စေ့မှ (၂)စေ့ပါဝင်ပြီး (၂)ကျပ်သားခန့်ရှိချင်းတက်ကို အတက်ဖဲ့ပြီး (၂)နာရီခန့် လေသလပ်ခံပြီး အစေးခြောက်ပါက ချင်းမျက်စေ့အား အပေါ်ဖက်ထားပြီး မြေတွင် တိုက်ရိုက်ချ၍လည်း စိုက်ပျိုးနိုင်သည်။ချင်းမျိုးကို မျိုးညှောက်ဖောက်ပြီး စိုက်ပျိုးမည် ဆိုပါက ဧပြီလတွင် မျိုးညှောင့်ဖောက်လျင်အကောင်းဆုံးဖြစ်ပြီး အရိပ်အောက်တွင် မြေကြီးပေါ်၌ သဲပါးပါးခင်း၍ မြေဆွေး သို့မဟုတ် နှုန်းမြေပါးပါးဖြင့်ဖုံး၍ အစိုဓာတ်မပြတ်စေရန် လိုအပ်လျှင် ရေ လောင်းပေးပြီး (၁၀)ရက်ခန့်ကြာလျှင် မျက်စေ့အဖုများမှ အစိမ်းနုရောင်အညှောင့်လေးများ ထွက် လာပြီး မျက်စေ့များ၏ ပတ်ပတ်လည်လက်မဝက်ခန့်ချန်၍ ချွန်ထက်သောဓားထက်ထက်ဖြင့် လှီး ဖြတ်ပါ။ ၎င်းချင်းမျိုးများကို အစေးခြောက်သွားစေရန် (၂)နာရီခန့် လေသလပ်ခံ၍ အစေးများ ခြောက်သွားပါက ဘောင်စနစ်ဖြင့်လည်းကောင်း၊ ခြင်းစနစ်ဖြင့်လည်းကောင်း၊ ဝါးပေါက်ခြင်း ဘောင် ခတ်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးနိုင်သည်။
ချင်းကို အကောင်းဆုံးစိုက်ပျိုးချိန်မှာ မေလဖြစ်ပြီး ဇွန်၊ဇူလိုင်လများတွင် စိုက်ပျိုးပါက ပျိုးထောင်ပြီး ပျိုးသက်ရပျိုးပင်နှင့် စိုက်သင့်ကြောင်း၊ တစ်ကျင်းလျှင် ပျိုးပင် (၂-၃)ပင်စိုက်ရန် လိုကြောင်း၊ချင်းကို နောက်ကျစိုက်လျင် ဖြစ်ထွန်းသော်လည်း မျိုးစေ့နှုန်းပိုကုန်ကြောင်း၊ ချင်း စိုက် ပျိုးချိန်ကာလမှာ (၇-၈)လကြာတွင် ရိတ်သိမ်းနိုင်ကြောင်း မိုးညှင်းချင်း စိုက်ပျိုးသူတောင်သူတစ်ဦးမှ ပြောပြပါသည်။မိုးညှင်းဒေသတွင် ချင်းကို ရှမ်းချင်းနှင့် ချင်းဖြူ(၂)မျိုးစလုံး စိုက်ပျိုးကြပြီး အခင်း ကွက်များ၊ အိမ်ခြံဝန်းများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ချင်းကို ထယ်ထိုးထွန်မွှေပြီး စိုက်ဘောင်ပြုလုပ်၍ မြေထဲသို့ (၁.၅-၂)လက်မ မြှုပ်၍ စိုက်တန်းတစ်ခုနှင့်တစ်ခု (၁၀)လက်မခွာပြီး တစ်ပင်နှင့်တစ်ပင်(၁၀)လက်မခြားပြီး သုံးပွင့်ဆိုင်စိုက်ကြပါသည်။အစိုဓာတ်ထိန်းအောင် ကောက်ရိုး ဖုံးပြီး သွင်းအားစုအနေဖြင့် သဘာဝမြေဆွေး၊ နောက်ချေးမြေဩဇာများကိုသာ အဓိက အသုံးပြု ကြပါသည်။ မျိုးထည့်သည့်နှုန်းမှာ တစ်ဧက(၂၅၀-၃၀၀)ပိဿာ ဝန်းကျင်သုံးစွဲကြပြီး တိုက်ရိုက်ဖဲ့ပြီး စိုက်ပျိုးခြင်း စနစ်ဖြင့်သာ စိုက်ကြပါသည်။ မိုးညှင်းမြို့နယ်တွင် ချင်းကို ဧက(၂၀၀) စိုက်ပျိုးထား ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။
ချင်းကို စိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ် (၁၂)သိန်းကျော်ကုန်ကျပြီး တစ်ဧကလျှင် (၃၀၀၀) ပိဿာ ထွက်ရှိကြောင်း၊ ထွက်ရှိလာသည့် ချင်းများကို ဒေသတွင်း စျေးကွက်သို့ စိုက်ပျိုးသူ များမှ တိုက်ရိုက်ရောင်းချခြင်း၊ ကုန်သည်နှင့် ချင်းအသုံးပြုလုပ်ငန်းများက ဝယ်ယူကြပြီး ဖားကန့်၊ တနိုင်း၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်းနှင့် မန္တလေးစျေးကွက်သို့ တင်ပို့ရောင်းချနေကြပါသည်။ လက်ကားစျေးကွက်တွင် ရှမ်းချင်း(၁)ပိဿာ ၇၀၀ဝိ/-၊ ချင်းဖြူ(၁)ပိဿာ ၈၀၀ဝိ/-၊ လက်လီ စျေးကွက်တွင် ချင်း(၂)မျိုးစလုံး(၁၀၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ချင်း စိုက်ပျိုးသည့် တောင်သူများအနေဖြင့် စိုက်ပျိုးသည့်ချင်းအမျိုးအစားအလိုက် တစ်ဧကလျှင် အကျိုးအမြတ်(၉ သိန်း - ၁၂ သိန်း)ရရှိကြောင်း ချင်းစိုက်ပျိုးသူတောင်သူများထံမှ သိရှိရပါသည်။
ချင်းစိုက်ပျိုးခြင်းသည် တောင်သူများအတွက် အကျိုးအမြတ်ရရှိပြီး ယခုနှစ်တွင် ယခင်နှစ် ထက်စျေးနှုန်း ပိုမိုရသောကြောင့် ဝင်ငွေတိုးလျက်ရှိကြောင်း၊ မိုးညှင်းမြိုန့ယ်အတွင်း ချင်းစျေးကွက် ရောင်းဝယ်ဖောက်ကားမှုအရ ချင်းကို ဖော်ပြီးပြီးချင်း အစိမ်းလိုက် ရောင်းရခြင်းဖြစ်သောကြောင့် ချင်းအထွက်အနေဖြင့် တစ်ပြိုင်တည်းနီးပါးထွက်ရှိလာပြီး စျေးကွက်လိုအပ်ချက်ထက်ပိုလျှံမှုဖြစ်ပေါ် နေသောကြောင့် စျေးနှုန်းနိမ့်ဖြင့် ရောင်းချရကြောင်း သိရပါသည်။ မိုးညှင်းချင်းစျေးကွက်တွင် ဖြစ်ပေါ်နေသော အခြေအနေများကြောင့် ချင်းစိုက်တောင်သူများ အနေဖြင့် (၂-၃)နှစ် ကြာမှ ဖော်၍ ပထမနှစ် ထွက်ရှိသောချင်းကို နောက်နှစ်ထွက်သောအတက်မှ တွယ်ကပ်နေရာ နှစ်ထပ်အဖြစ် ရောင်းချသင့်ကြောင်းနှင့် ထိုသို့ ရောင်းချခြင်းကြောင့် စျေးကွက်တွင် ချင်းအထွက်ပိုလျှံမှုကို ထိန်းနိုင် ပြီး နှစ်ထပ်ချင်းဖြစ်သောကြောင့် အထွက်နှုန်းပိုမိုရရှိနိုင်ကြောင်း၊ ချင်းကိုဖော်ပြီးပြီးချင်း အစိမ်းလိုက် ရောင်းချခြင်းထက် ခြောက်သွေ့သွားလျှင် အလေးချိန်မလျော့အောင် အောက်မှာ သဲခံပြီး အရိပ် အောက်တွင် ထားသိုခြင်းဖြင့် စျေးကွက် ပိုလျှံမှုကို ထိန်းသင့်ကြောင်း၊ ချင်းစိုက်တောင်သူများ အနေ ဖြင့် ချင်းစိုက်ပျိုးသူတောင်သူများအစုအဖွဲ့များ ဖွဲ့စည်း၍ တိုက်ရိုက်တင်ပို့ရောင်းချပါက တောင်သူ များအတွက် အကျိုးအမြတ်ပို ခံစားရမည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
DOCA(ကချင်)