မြန်မာ့ထောပတ်သီး တောင်သူပူးပေါင်းကာ စျေးကွက်အဖြေရှာ

Powered by Drupal
Tue, 08/19/2025 - 11:12 -- consumer_admin

       မြန်မာနိုင်ငံ၏သင့်တင့်မျှတသော ရာသီဥတုနှင့်ရှမ်းပြည်နယ်၏ ရေခံမြေကောင်းမွန်မှုကြောင့် နှစ်ရှည်သီးနှံများတွင် မြန်မာထောပတ်သီးသည် စျေးကွက်ဝေစုတစထက်တစတိုးတက်လာသည်။ ထောပတ်တောင်သူများသည်လည်း အပင်သက်တမ်း (၅) နှစ်မှစ၍ ဝင်ငွေရရှိနိုင်‌ငွေရရှိနိုင်သော သီးနှံဖြစ်ပါသည်။ ထောပတ်သီးကို စံရှိန်မီအရည်သွေးပြည့်ဝစေဖို့၊ပြည်ပပို့ကုန်အဖြစ်ရေရှည်စျေး ကွက်ခိုင်မာစေဖို့၊ စျေးကွက်ဝေစုဖြန့်ကျက်နိုင်ဖို့အတွက် မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးရေး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း MAVO နှင့်မြန်မာ့ကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့ ပူးပေါင်း၍ ၁၉-၇-၂၀၂၅ ရက်နေ့တွင် ကမ္ဘောဇကုန်သွယ်မှုမြှင့်တင်ရေးခန်းမ ၊ တောင်ကြီးမြို့ တွင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရပါသည်။

   ဆွေးနွေးပွဲတွင် အပင်အတွက်လိုအပ်သော အစာအကြောင်းအပင်အတွက် လိုအပ်သော အာဟာရများအကြောင်းကို အစာနှင့်အာဟာရအကြောင်းခွဲခြား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့အပြင် သွင်းအားစုတခုတွင်ပါဝင်သည့် အချိုးအစားများ၊ ဓာတ်ဂုဏ်သတ္တိများနှင့် အကျိုးပြုပုံများ ဆွေးနွေးသည်မှာ တောင်သူများ မှတ်သားလိုက်နာဖွယ်ဖြစ်ပါသည်။ထို့အတွက် တောင်သူများ ကုန်ကျမှုနည်းနည်းနှင့် အကျိုးရှိအောင် စိစစ်ခန့်ခွဲနိုင်မည်ဖြစ်ပေသည်။ ထို့နောက်ထောပတ်သီး အထွက်နှုန်းကောင်းစေရန်နှင့် အပင်ကျန်းမာ၍ ခူးဆွတ်သက်တမ်းကြာမြင့်စေရန် ကိုင်းကူး ဆက်စပ် ခြင်းလုပ်ဆောင်ရာတွင် ဆောင်ရန်၊ရှောင်ရန်များ၊ ထောပတ်သီးထုတ်လုပ်တင်ပို့ရာတွင် ပျက်စီး ဆုံးရှုံမှု၊ မလိုလားအပ်သည့် အလေအလွင့်များနည်းပါးစေရေး၊ တောင်သူ အကျိုးစီးပွားကို ရှေးရှု့၍ အရည်အသွေးမြင့်သီးနှံများတင်ပို့ရာတွင် မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး တောင်သူများနှင့် တင်ပို့ရောင်းချသူများပူးပေါင်း၍ Golden Land ကုမ္ပဏီတည်ထောင်၍ စျေးကွက်ချဲ့ထွင်ရေး ရည်မှန်းချက်အရ မလေးရှားနိုင်ငံ၊ စင်္ကပူနိုင်ငံနှင့်ရုရှားနိုင်ငံများသို့ တင်ပို့နိုင်ရေး၊ ထုတ်ကုန် အရည်အသွေးနှင့် စျေးကွက်လိုအပ်ချက် ပြည့်မီရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ယခု လာမည့်  အောက်တိုဘာလတွင်လည်း စီးပွားဖက်တရုတ်နိုင်ငံနှင့် GACC စည်းမျဉ်းစည်းကမ်း၊ ကန့်သတ်ချက်များအရ ပို့ကုန်များစစ်ဆေးမှုခံယူ၍ MOU ရေးထိုး၍ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

        ထို့အပြင် ပို့ကုန်လိုအပ်ချက်ပြည့်မှီစေရေးအတွက် တစ်ဧကအထွက်နှုန်း ၃တန်မှ ၅တန်အထိ တိုးမြှင့်ထုတ်လုပ်နိုင်ရေး MAVO နှင့် Golden Land ကုမ္ပဏီတို့ ပူးပေါင်း၍ နည်းပညာများ၊ သွင်းအား စုအသုံးပြုပုံများနှင့် အရည်အသွေးမြင့်ထောပတ်သီးမျိုးကောင်းမျိုးသန့်(၆)မျိုးကိုလည်း တောင်သူ စိတ်ကြိုက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါသည်။

   ၂၀၂၃-၂၀၂၄ခုနှစ်တွင် မြန်မာထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်း MAVO မှခန့်မှန်းတွက်ချက်မှုအရ ဒေသမျိုးရောရာ စိုက်ဧက၇၅၀၀ခန့်နှင့် အထွက်တန် ၁၅၀၀၀ခန့်၊ Hass မျိုး စိုက်ဧက ၁၅၀၀၀ခန့်နှင့် အထွက်တန် ၁၂၀၀ခန့် ဘာကေးနိုယာနှင့်အခြားစျေးကွက်ဝင် မျိုးစုစိုက် ဧက ၇၀၀ နှင့် အထွက်တန် ၁၄၀၀ ခန့် စုစုပေါင်း ၂၃၈၀၀ ထိ ဧကစိုက်ပျိုး၍ ၂၂၆၀၀ တန်ခန့်ကို ထုတ်လုပ်နိုင်ကြောင်း သိရှိရပါသည်။ ယခုနှစ်ပိုင်းအတွင်း စိုက်ဧက တိုးတက်များပြားလာရာ  Hass မျိုးအထွက်တန်ချိန် ၂ သောင်းခန့်နှင့် ဒေသမျိုးအထွက်တန်ချိန် ၁၅၀၀၀ ခန့် ထွက်ရှိနိုင်ကြောင်း ခန့်မှန်းသိရှိရပါသည်။

   ထောပတ်သီးကို မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်တောင်ပိုင်း (တောင်ကြီး၊ ရွာငံ၊ ပင်လောင်း၊ ဟိုပုံး)၊ ရှမ်းပြည်နယ်မြောက်ပိုင်း( လာရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို)၊ မန္တလေးတိုင်း (ပြင်ဦးလွင်၊ မိုးကုတ်)၊ ချင်းပြည်နယ် စစ်ကိုင်းတိုင်းနာဂတောင်တန်း၊ ကချင်ပြည်နယ် တို့တွင် စိုက်ပျိုးထွက်ရှိပါသည်။ သို့သော် ယခုထောပတ်သီးရာသီတွင် ရှမ်းမြောက်ဒေသ လာရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုတို့တွင် ‌ဒေသအခြေနေကြောင့် ထောပတ်သီး ထုတ်လုပ် တင်ပို့ နိုင်မှုလျော့ကျနိုင်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်ကြပါသည်။

   မြန်မာနိုင်ငံထောပတ်သီးမျိုးရင်းများဖြစ်သော အမရာနှင့် ဇီးကွက်မျိုးများ စိုက်ပျိုးကြပြီး ယင်းမျိုးရင်းများကို ကိုင်းကူးကိုင်းဆက်ခြင်းဖြင့် အရည်အသွေးကိုမြင့်တင်၍ Hassမျိုး ၊ည၊ ဘာကေး နီးယားမျိုးများကို အပင်ပေါက်စိုက်ခြင်း၊  ကိုင်းကူးကိုင်းဆက်ခြင်း၊နည်းပညာများဖြင့် အရည်အသွေး မြင့်  စိုက်ဧကများ  တိုးပွားလာပါသည်။

   ထောပတ်သီးစျေးကွက်မှာ ခြံပြတ်ဝယ်ယူခြင်းနှင့် အလေးချိန်ဖြင့် ဝယ်ယူခြင်း ၂ မျိုးရှိပါသည်။ ရွာပွဲစားများမှ ကြိုတင်ငွေဖြင့် ခြံပြတ်ဝယ်ယူ၍ Hass မျိုးတွင် Premium၊  Grade A  ၊ Grade B ရောရာဟူ၍ အဆင့်သတ်မှတ်ရောင်းဝယ်ကြပါသည်။ ဒေသသီးကိုလည်း ခြံပြတ်ဝယ်ယူ၍ ပြည်တွင်း စျေးကွက် သို့တင်သွင်း၍ ပိုလျံသည်ကို ၊ ထောပတ်ဆီထုတ်ရန် ပယ်သီး အဖြစ်ရောင်းချရပါသည်။

   စျေးနှုန်းမှာ ထောပတ်သီးပေါ်စ ဩဂုတ်လနှင့် စက်တင်ဘာလခန့်တွင် စျေးသင့်တင့်၍ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် စျေးနှုန်းမြင့်တက်လာပါသည်။ ထောပတ်သီးသည် Sea Level နိမ့်သည့် ဟိုပုံးဒေသတွင် အထွက်စော၍  Sea Level မြင့်သည့် ဘော်ဆိုင်းဒေသသည် အထွက် နောက်ကျ၍ စျေးကွက်ကောင်းရကြောင်းသိရပါသည်။

   ထောပတ်သီးကို ပြည်တွင်း၊ ပြည်ပစျေးကွက်အပြင် တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်ရန် အတွက် ထောပတ်သီးအအေးခန်းထုတ်ပိုးသန့်စင်စက်ရုံနှင့် တန်ဖိုးမြှင့် ထောပတ်သီး အဆီ ထုတ်လုပ်ခြင်းများကို ရှမ်းတောင်တွင် ဟိုပုံး၊ အေးသာယာနှင့် ဟဲဟိုး၊ ပင်းတယ‌ဒေသများတွင် စက်ရုံ ၃ ရုံခန့် လည်ပတ် လျက်ရှိကြောင်း သိရပါသည်။ ထောပတ်သီးဒေသမျိုးများမှာ 1 kg လျှင် ၃လုံး၊ ၄လုံးခန့် အလေးချိန်စီး၍ ကိုင်းကူးကိုင်းဆက်မျိုး Hass သည် 1 Kg လျှင် ၅ လုံးမှ ၈ လုံးခန့်ရှိကြောင်း သိရပါသည်။

   မြန်မာ့ထောပတ်သည် အရည်အသွေးကောင်းမွန်ပြီး၊ ထုတ်လုပ်မှုနည်းစဉ်များတိုးတက် လာခြင်း ၊ စျေးကွက်လိုအပ်ချက်ပြည့်မီစေရန် တောင်သူအချင်းချင်း အကျိုးတူပူးပေါင်း ဆောင်ရွက် လိုခြင်း စရိုက်လက္ခဏာများတွေ့ရှိနေပြီးဖြစ်သည့်အတွက် မြန်မာ့ထောပတ်သီး တောင်သူများ စုပေါင်းကာ စျေးကွက်တိုးချဲ့ရှာဖွေနိုင်တော့မည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ရှမ်း)