မယားကြီးပင်

Powered by Drupal
Fri, 08/15/2025 - 15:36 -- consumer_admin

   မယားကြီးပင်ကို မုရားကြီးပင်(သို့မဟုတ်) မျက်နှာကြီးပင် ဟု ခေါ်ဆိုကြသည်။ အလေ့ကျပေါက် အမြဲစိမ်းချုံနွယ်ပင် အမျိုးအစားဖြစ်သည်။ ယခင်က နေရာဒေသတော်တော် များများတွင် တွေ့ရှိနိုင်ပေမဲ့ ယခုအခါ ရှမ်းပြည်နယ်နှင့်ပြင်ဦးလွင် ဒေသများတွင် သာ စိုက်ပျိုးလေ့ရှိကြသည်။ ငယ်ငယ်က မိမိတို့အိမ်တွင် မယားကြီးပင်ကို မျက်နှာကြီးပင်ဟု ခေါ်ဆိုကြသည်။ ၎င်းမျက်နှာကြီးပန်းပွင့်ကလေးများကို ခူးကာ အပွင့်၏ အညှာကို ခုပ်၍ ပျားရည်သဖွယ် ချိုမြိန်သော အရသာ ရှိပါသည်။ ၎င်းမယားကြီးပင်သည်အစိမ်းရောင်လှံစွပ်ပုံ အရွက်များရှိသည်။ ၎င်းအရွက်များကြားမှ ပန်းခိုင်များထွက်၍ပွင့်တက်ပါသည်။ အပွင့်အဖြူနှင့် အနီ နှစ်မျိုးရှိသည်။ သီတင်းကျွတ် နှင့် တန်ဆောင်မုန်းလများတွင် ပန်းပွင့်ပါသည်။ မြန်မာဆေးကျမ်းများအရ မယားကြီးရွက်သည် ဖန်၊ခါး ၊အေးသော အရသာရှိ၍ လေကို ပွားစေသည်။ မယားကြီးရွက်ကို (၃)ခွက်(၁)ခွက်တင် ကျိုသောက်က ဆီးအောင့်ရောဂါ၊ သွေးအန်သွေးကျရောဂါ ပျောက်၏။ ဝမ်းကိုက်ရောဂါကိုလည်း ပျောက်၏။ သွေးဝမ်း၊ ဒူလာ၊ မီးယပ် သွေးကျန်ရောဂါများ ပျောက်ကင်းနိုင်၏။ မယားကြီးအမြစ်ကို ပိုးမွှားသတ်ဆေးအဖြစ် ဖော်စပ်အသုံးပြုကြကြောင်း လေ့လာသိရှိရသည်။ မယားကြီးပင်သည် ဆေးဖက်လည်းဝင် ပန်းလည်းလှ အရိပ်လည်းရ၍ ရှေးလူကြီးများက မိမိတို့ အိမ်ခြံဝင်းများတွင် အမြတ်တနိုးစိုက်ပျိုးလေ့ရှိကြသည်။ ယခု အခြားသောပန်းအလှပင်များ စုံလင်စွာ ပေါ်ထွက်စိုက်ပျိုးကြ၍ မယားကြီးပင်ကို စိုက်ပျိုးသူနည်းပါးလှသည်။ နောင်လာနောင်သားများ ဆေးဖက်ဝင်အပင်ကို သိရှိစေရန်အတွက် ဆက်လက်စိုက်ပျိုးသင့်ပေသည်။ မယားကြီးရွက်သည် အဆုတ်ကင်ဆာသမားများအတွက် အထူးကောင်းမွန်သောဆေး ပင်ပန်းပင် ဖြစ်ကြောင်း လေ့လာသိရှိရသည်။

DOCA(မန္တလေး)