မြန်မာ့ရိုးရာ  ဒေသထွက်ကုန် တရော်ကင်ပွန်းခေါင်းလျော်ရည်

Powered by Drupal
Tue, 08/05/2025 - 19:58 -- consumer_admin

     ရှေးခေတ်အခါက ဒွတ္တပေါင်မင်းကြီးသည် စစ်တိုက်ထွက်ပြီး ပြန်လာရာတွင် ပန်ထွာ မင်းသမီး၏ တိုင်းပြည်သို့ တစ်ညဝင်အိပ်ခဲ့ရာ ပန်ထွာမင်းသမီးသည် မင်းကြီးအား ဘုန်းကံ နိမ့်စေ ရန် မီးနေသည်ထမီနှင့်ရက်လုပ်ထားသည့် မျက်နှာသုတ်ပုဝါကို မျက်နှာသုတ်ရန် ဆက်သခဲ့ရာ  မင်းကြီးသည် ဆက်သခဲ့သည့် မျက်နှာသုတ်ပုဝါကို သုတ်လိုက်သည့်အခါ ဘုန်းကံနိမ့်ပြီး နဖူးမှ မှည့် ရှင်မှာ ကွယ်ပျောက်သွားခဲ့ပါသည်။ မင်းကြီးသည် အပြန်လမ်းတွင်  မိုးရွာသည့်အတွက် တရော်ပင် အောက်သို့ မိုးဝင်ခိုခဲ့ရာ တရော်အရည်များသည် မင်းကြီး၏ ဦးခေါင်းထက်သို့ စီးကျလာသဖြင့် မှဲ့ရှင်ပြန်ပေါ်သလို ဓါးလှံလက်နက်များလည်းအရောင်ထွက်ခဲ့ကြောင်း အစရှိသည့် မြန်မာ့သမိုင်း အစဉ်အလာတို့ကို လေ့လာဖတ်ရှုခဲ့ရပါသည်။

တရော်ကင်ပွန်းဂုဏ်သတ္တိ

    တရော်ကင်ပွန်းသည် ဘုန်းတန်ခိုးတိုးစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ ကျက်သရေ မင်္ဂလာအဖြာဖြာနှင့်ပြည့်စုံခြင်းတို့ ဖြစ်ပေါ်စေသဖြင့် မြန်မာ့ရိုးရာ အစဉ်အလာဖြစ်သည့် သင်္ကြန် တွင်းနှစ်သစ်တွင်  ဘုရားရေသပ္ပာယ်ခြင်း သင်္ကြန်ကာလဘိုးဘွားများအား ခေါင်းလျော်၍ ကုသိုလ် ယူခြင်း၊  မွေးကင်းစ ကလေးငယ်များ ဦးခေါင်းဆေးမင်္ဂလာပြုလုပ်ခြင်း၊ အိမ်သန့်ရှင်းဆေးကြော ခြင်း အစရှိသဖြင့် ရှေးအစဉ်အလာကတည်းကပင် အသုံးပြုခဲ့ကြပါသည်။

တရော်ပင်ပေါက်ရောက်သည့် နိုင်ငံများနှင့် အသုံးဝင်ပုံ

          တရော်ပင်သည် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘော ဒီးယား၊  အိန္ဒိယ၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့တွင် ပေါက်ရောက်သည်။ အမြင့်ပေမှာ ငါးမီတာကျော်ခန့်ရှိပြီး အပင်လတ်အမျိုးအစားလည်းဖြစ်သည်။ ဇူလိုင်လမှ ဩဂုတ်လ အထိ ပန်းပွင့်၍ ဩဂုတ်လမှ ဒီဇင်ဘာလအထိ အသီးသီးသည်။ တရော်ပင်ကို အသီး၊ အရွက်နှင့် အခေါက်၊ အမြစ်တို့ကို အဓိကထားသုံးစွဲလေ့ရှိကြသည်။ တရော်ပင်တွင် ကာဘိုဟိုက်ဒရိတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်ဘီ-၃၊ အမျှင်ဓါတ်၊ ပိုတက် စီယမ်၊ ကယ်လ်စီယမ်၊ ဖော့စရပ်၊ ဆိုဒီယမ်၊ သံဓါတ်၊ ဖက်တီးအက်ဆစ်အစရှိသဖြင့် အဟာရဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုဓါတ်များ ပါဝင် လျက်ရှိသည်။ တရော်အခေါက်ကို အယားဖြေဆေး အဖြစ်အသုံးပြုကြသည့်အပြင် တရော် အရွက်သည် အရေပြားရောဂါများအတွက် အလွန်ကောင်းသည်။ ထို့အပြင် သကြားကိုဖြူဖွေး အောင် ချွတ်ရာတွင်လည်း တရော်အခေါက်ကို အသုံးပြုကြသည်။ ခေါင်းလျှော်ရည် ပြုလုပ်သည့် အခါတွင်လည်း တရော်အခေါက်ကို ကင်ပွန်းသီးနှင့်ရော၍ အသုံးပြုကြသည်။

ကင်ပွန်းသီးပင်၏ အသုံးဝင်ပုံ

    ကင်ပွန်းသီးပင်သည် သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည်။ ကင်ပွန်းပင်သည် အမြင့် ပေ မီတာ ၂၀ အထိ မြင့်တက်နိုင်ပြီး မိုးရေချိန် စင်တီမီတာ ၁၅၀ မှ ၂၀၀ ထိရရှိသည့် ဒေသများတွင် ရွှံ့စေးမြေများပေါ်၌ ပေါက်ရောက်လေ့ရှိသည်။  ကင်ပွန်းသီးသည် ချေးများ ပြောင်စင်စေသည့် သတ္တိရှိသဖြင့် အဝတ်လျော်ခြင်း၊ လက်ဝတ်ရတနာများအရောင်တင်ခြင်းတို့တွင် အသုံးပြုနိုင်သည်။ ထို့အပြင် ဆံသားကို ကျန်းမာသန်စွမ်းစေသဖြင့် ခေါင်းလျော်ရည်ထဲတွင်ထည့်၍ အသုံးပြုလေ့ ရှိကြသည်။ ကင်ပွန်းသီးကို ရှေးယခင်ကထဲကပင် သဘာဝဆံသား ထိန်းသိမ်းသည့် ထုတ်ကုန် များတွင် ထည့်သွင်းအသုံးပြုလေ့ရှိကြသည်။  ကင်ပွန်းသီးသည် ဦးရေကို အေးမြစေပြီး သဘာဝ ပစ္စည်းစစ်စစ်ဖြစ်သဖြင့် ဆံသားခြောက်သွေးမှုမှလည်း ကာကွယ်ပေးသည်။ ကင်ပွန်းသီးသည် အရေပြားနှင့် ဆက်စပ်သည့် ပြဿနာများတွင် အသုံးပြုပါက အလွန်ကောင်းသည်။ အရေပြားလေးဘက်နာနှင့် နှင်းခူများကို သက်သာစေသည်။ ကင်ပွန်းသီး၏ အရေးအပါဆုံး ဂုဏ်သတ္တိတစ်မျိုးမှာ အဆိပ်ပြေနိုင်သည့် အစွမ်းသတ္တိရှိခြင်းဖြစ်သည်။ ကင်ပွန်း သီးကို မြွေ၊ ကင်းမြီးကောက်၊ အခြားအဆိပ်ရှိသတ္တဝါများ အကိုက်ခံရသည့်အခါ မြွေဆိပ် ဖြေဆေး အဖြစ် အသုံးပြုလေ့ရှိကြသည်။  

   တရော်ကင်ပွန်းသည် ရှေးမြန်မာမင်းများလက်ထက်ကပင် အသုံးပြုခဲ့ကြသော မြန်မာ့ရိုးရာ ခေါင်းလျော်ရည်တစ်မျိုးပင်ဖြစ်သည်။ ယနေ့ခေတ်တွင် စက်မှုလက်မှုပညာများ ထွန်းကား လာသည် နှင့်အမျှ ဈေးကွက်တွင် ခေါင်းလျော်ရည်များမှာ တံဆိပ်အမျိုးမျိုးကို ပါကင်ဘူးလှလှလေးများဖြင့် ရောင်းချလာသည်ကို တွေ့ရှိရသည်။ သို့သော်လည်း အချို့စားသုံးသူများသည် သဘာဝဖြစ် ထုတ်ကုန်များကိုသာ  ဝယ်ယူသုံးစွဲကြသည့်အတွက် ဈေးကွက်တွင် ဒေသထွက် သဘာဝထုတ်ကုန် များသည်လည်း ဈေးကွက်ထိုးဖောက်နေရာယူလျက်ရှိသည်။

ဈေးနှုန်းဈေးကွက်

     ဈေးနှုန်းဈေးကွက်အဖြင့် ၂၅၀ မီလီပါ တရော်ကင်ပွန်းခေါင်းလျှော်ရည်  တစ်ဘူးလျှင် ကျပ်(၇၀၀ဝ မှ ၈၀၀ဝ)၊  ၅၀၀ မီလီပါ တရော်ကင်ပွန်းခေါင်းလျှော်ရည် တစ်ဘူးလျှင် ကျပ်(၁၁၀၀ဝ မှ ၁၁၅၀ဝ)၊ ပလတ်စတစ်ဖြင့် ထုပ်ပိုးထားသော တရော်ကင်ပွန်းခေါင်းလျော်ရည် တစ်ထုပ်လျှင် ကျပ်(၁၅၀ဝ မှ ၂၀၀ဝ)၊ ကင်ပွန်းသီးဆပ်ပြာတစ်တုံးလျှင် ကျပ်(၃၀၀ဝ)၊ ကင်ပွန်းသီးမှုန့် တစ်ထုပ် လျှင် ကျပ်(၄၀၀ဝ မှ ၅၀၀ဝ)ဖြင့် ဈေးကွက်တွင် အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ထိုးဖောက် ဝင်ရောက် လျက်ရှိကြောင်း သိရှိရပါသည်။

    ဒေသထွက်ကုန်များဖွံဖြိုးတိုးတက်ရေးသည် နိုင်ငံစီးပွားတိုးတက် ဖွံ့ဖြိုးရေးအတွက် အလွန် အထောက်အကူပြုသည်။ ယနေ့ခေတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ဦးတည်ချက်များဖြစ်သည့် စီးပွားရေးဦးတည်ချက်များထဲမှ တစ်ချက်အပါအဝင်ဖြစ်သော တိုးတက်ကောင်းမွန် လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍  MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးဟူသည့် ဦးတည်ချက်နှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။  ထို့အပြင် နိုင်ငံတော်မှလည်း MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်လာရေး၊ စီးပွားရေး အခွင့်အလမ်းများပွင့်လမ်းလာစေရေး လုပ်ငန်းရှင်တို့အား ချေးငွေများထုတ်ပေး၍ တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

      အချုပ်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံသည် သဘာဝထွက်ကုန်များ အများဆုံးထွက်ရှိသည့် နိုင်ငံဖြစ်သည့်အတွက်  လုပ်ငန်းရှင်တို့အနေဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် အခွင့်အလမ်းများ ပွင့်လန်းလျက်ရှိသည်။ ယခုကဲ့သို့ အခွင့်အလမ်းများရရှိသည့်အတွက်  စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့ဒေသတွင်း သဘာဝထွက်ကုန်များမှ တီထွင်ဖန်တီးနိုင်သည့် အခွင့်အရေးများ ရှိသည့်အတွက် မိမိတို့ထုတ်ကုန်အပေါ်  ဈေးနှုန်း ဈေးကွက်ပိုမိုရရှိရေး၊ ဈေးကွက်ထိုးဖောက် ဝင်ရောက်နိုင်ရေး၊ ဒေသတွင်းမှသည် ပြည်ပပို့ကုန် အဖြစ် တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်သင့် ပါကြောင်း  ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)