နဂါးမောက်သီးနှင့်ကျန်းမာရေး

Powered by Drupal
Fri, 07/25/2025 - 16:10 -- consumer_admin

  Pitay fruit အမည်ရှိပြီး Dragon fruit ဟုအများစုကခေါ်ကြသည်။ မြန်မာလို နဂါးမောက်သီးဟုခေါ်ကြသည်။ နဂါးမောက်သီး၏ မူရင်းဒေသမှာ အမေရိကန်တောင်ပိုင်းနှင့် အလယ်ပိုင်းဖြစ်သည်။ နဂါးမောက်သီးကို ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းဒေသရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ နဂါးမောက်အပင်များသည် အမြင့်ပေ ၂၀ခန့်အထိသာ မြင့်တက်တတ်သည်။ ပူအိုက်ပြီးမိုးရေချိန်များသော ဒေသတွင် ရှင်သန်ဖြစ်ထွန်းသည်။ အေးမြသည့် ဆောင်းရာသီတွင် အပင်သေတတ်ပြီး အပူချိန်မြင့်မားသော အပူပိုင်း‌ဒေသကို နှစ်သက်သည်။ နဂါးမောက်သီးမှာ မြန်မာနိုင်ငံအတွက် သစ်သီးပင်အသစ်တစ်မျိုးဖြစ်သည်။ ဈေးကွက်အလားအလာ ကောင်းသဖြင့် စီးပွားဖြစ်စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ အသီးပုံသဏ္ဍာန်နှင့် အသီးအခွံ အရောင်(အနီနှင့်ပန်းရောင်)မှာဆွဲဆောင်မှုရှိသဖြင့်အိမ်နှင့်စားသောက်ဆိုင်များ ပန်းခြံများတွင် အလှ ပင်အဖြစ် စိုက်ပျိုးနိုင်သည်။ ရာသီဥတုရေငတ်ဒဏ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်တစ်မျိုး ဖြစ်သည်။ ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ နေရောင်ခြည်ကောင်းစွာရရှိသော နေရာ ဒေသများတွင် ကောင်းစွာဖြစ်ထွန်းသည်။ ရေစီးစိမ့်မှုကောင်းသောမြေမျိုးတွင် ကောင်းစွာဖြစ် ထွန်းသည်။ အပင်အမျိုးအစားတွယ်တက်ပင်နှင့် မြေပေါ်တွားသွား၍ပေါက်သော ရေငတ်ဒဏ် ခံနိုင်သော ရှားစောင်းမျိုးနွယ်အပင်ဖြစ်သည်။  ပင်စည်သုံးမြှောင့်ပုံရှိသည်။ ပင်စည်အနားတွင် ဆူးငယ်များရှိသည်။ မျိုးအလိုက် ဆူးအတိုအရှည်နှင့် ဆူးအရေအတွက်ကွာခြားသည်။ ပင်မ ပင်စည်မှထွက်လာသော ပင်စည်အသစ်သည် သက်တမ်း နှစ်နှစ်သားရှိလာလျှင် ပန်းပွင့်သည်။ နေထွက်လျှင် ပန်းပွင့်ငုံသွားတတ်သည်။  ပွင့်ဖတ်သည်အစိမ်းရောင်သမ်းသော အဝါရောင်ရှိသည်။ ပွင့်ချပ်သည် နို့နှစ်ရောင်ရှိသည်။ အသီးအရောင်မှာ မျိုးအလိုက်အနီရောင်၊ ပန်းရောင်၊ အဝါရောင်သမ်းသော ပန်းရောင်စသည်ဖြင့် ရှိသည်။ အသီးလုံးပတ်လည်တွင် နဂါးအမောက်ကဲ့သို့ ကော့ပြန့်နေသောအဖတ်များရှိသည်။ အတွင်းသားအဖြူရောင်မျိုးနှင့် အနီရောင်မျိုးများကို စီးပွားဖြစ်စိုက်ပျိုးသည်။  အစေ့မှာ အမည်းရောင်ဖြစ်သည်။ နဂါးမောက်သီးကို ကျန်းမာဖွံ့ဖြိုးပြီး အသားအရေလှပနုပျိုလိုသူ ၊ နာတာရှည်ရောဂါများခံစားနေရသူ၊ လေးဘက်နာ၊ နှလုံးရောဂါခံစား နေရသူများ ၊ ကျောက်ကပ်ရောဂါရှိသူ၊ ဆီးကျောက်တည်သူ စသည့်ရောဂါရှိသူများ စားသုံးပေး သင့်ပါသည်။

DOCA(ပဲခူး)