ပဲပင်ပေါက်၏ ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Wed, 07/23/2025 - 14:22 -- consumer_admin

   ပဲပင်ပေါက်သည် အာဟာရဓာတ်ကြွယ်ဝပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုသော ဒြပ်ပေါင်း များစွာ ပါဝင်သည်။ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်မှုကြောင့် ခန္ဓာကိုယ်၏ ရောဂါတိုက်ဖျက်နိုင်စွမ်းကို မြှင့်တင်ပေးပြီး ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကူးစက်မှုမှ ကာကွယ်ပေးသည်။ ဓာတ်တိုးဆန့် ကျင်ပစ္စည်းများ (Antioxidants) ပါဝင်မှုက ဆဲလ်များပျက်စီးခြင်းကို လျော့ကျစေကာ ရောင်ရမ်းမှု ကို ထိန်းညှိပေးသည်။ အခြားအစားအစာများတွင် ရှားပါးသော အင်ဇိုင်းဓာတ်ပါဝင်ပြီး အစာခြေစနစ် ကို အားပေးသည်။ ၎င်းအင်ဇိုင်းက အူနံရံများမှ အာဟာရစုပ်ယူမှုကို မြှင့်တင်ပေးကာ အစာကြေ လွယ်စေသည်။ ပရိုတင်းဓာတ်မြင့်မားစွာပါဝင်မှုက ကြွက်သားတည်ဆောက်မှု၊ ဆဲလ်ပြန်လည်ပြုပြင် ရေးနှင့် ကိုယ်တွင်းအင်္ဂါများ လုပ်ဆောင်မှုကို ထောက်ပံ့ပေးသည်။ သံဓာတ်နှင့်ကော့ပါးဓာတ် တို့ပါဝင်မှုက သွေးနီဥဆဲလ်များ ဖြစ်ပေါ်မှုကို အားပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေသည်။ ထို့ကြောင့် သွေးအားနည်းခြင်း၊ မောပန်းလွယ်ခြင်းတို့ကို ကာကွယ်ပေးသည်။ ဗီတာမင်အေကြွယ်ဝမှု က မျက်စိအာရုံစူးစိုက်မှုကို မြှင့်တင်ပေးပြီး အသက်အရွယ်ကြောင့်ဖြစ်သော မျက်စိအတွင်းတိမ် (Cataracts)နှင့် အမြင်အာရုံချို့ယွင်းမှုများကို ကာကွယ်ပေးသည်။ ကယ်လိုရီနည်းပြီး အမျှင်ဓာတ် များပါဝင်မှုက အဆာခံနိုင်စေကာ အစာစားချင်စိတ်ကို ထိန်းညှိပေးသည်။ ထို့ကြောင့် ကိုယ်အလေး ချိန် လျှော့ချသူများအတွက် သင့်တော်သည်။

    စိုထိုင်းဆမြင့်မားသော ပေါက်ဖွားမှုပတ်ဝန်းကျင်တွင် အပင်ဖောက်ရခြင်းဖြစ်သဖြင့် Salmonella နှင့် E-coli ဘက်တီးရီးယားပိုးများ ပေါက်ဖွားနိုင်သည်။ ထို့ကြောင့် အစိမ်းစားပါက ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်းစသော ဆိုးကျိုးများ ဖြစ်စေနိုင်သည်။ ချက်ပြုတ်စားသုံးခြင်းကြောင့် ဘက်တီးရီးယားများနှင့် ဓာတုပစ္စည်းများ(ဥပမာ Sodium Hydrosulphide)ကို ဖယ်ရှားပြီးဖြစ်စေ သည်။ မိမိတို့အိမ်တွင် ကိုယ်တိုင်ပဲပင်ပေါက်ဖောက် စားသုံးလိုပါက ပဲတီစိမ်းကဲ့သို့ အစေ့သေးသော မျိုးကိုရွေးပါ။ ခြောက်သွေ့ပြီး လတ်ဆတ်သောပဲစေ့များကို အသုံးပြုပါ။ ၎င်းနောက် ဖန်ပုလင်းသန့် တွင် ပဲစေ့များထည့်ကာ ရေ (၈-၁၀)နာရီစိမ်ပါ။ ရေစစ်ပြီး ချည်သားအဝတ်စဖြင့် ပတ်ကာ နေရောင်တိုက်ရိုက်မကျသော နေရာတွင်ထားပါ။ တစ်နေ့လျှင် ရေ(၂-၃)ကြိမ် စိုရုံဖြန်းပေးပါ။ (၃-၇)ရက်အတွင်း ပဲပင်ပေါက်များ အရင့်အမာရရှိမည်ဖြစ်ပါသည်။ ပဲပင်ပေါက်ကို ပုံမှန်စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိနိုင်သော်လည်း ဘေးကင်းစေရန် သန့်ရှင်းသောပဲပင်ဖောက် နည်းနှင့် ချက်ပြုတ်နည်းများကို အသုံးပြုရန် အရေးကြီးပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)