ရွက်လှပင်အကြောင်းသိကောင်းစရာ

Powered by Drupal
Wed, 07/23/2025 - 11:39 -- consumer_admin
ရွက်လှပင်၏အင်္ဂလိပ်နာမည်မှာ Codiaeum variegatum ဖြစ်ပြီး အင်ဒိုနီးရှား၊ မလေးရှား၊ ဩစတေးလျတောများတွင် စတင်တွေ့ရှိခဲ့သော ခြုံနွယ်ပင်ဖြစ်ပါသည်။ အပင်သည်ပန်းပွင့်ကြောင့် မထင်ရှားဘဲ အရွက်၏လှပခြင်းကြောင့် ရွက်လှပန်းဟု မြန်မာနိုင်ငံတွင် လူသိများပါသည်။ ရွက်လှပင်သည်အပင်အမျိုးပေါင်း(၃၀၀) ကျော်ရှိပြီး မြန်မာနိုင်ငံတွင်ရွက်လှမျိုးကွဲပေါင်း (၇၀)ခန့် ရှိပါသည်။ ရွက်လှပင်သည် အပူပိုင်းဒေသများတွင်ပေါက်ရောက်ပြီး အမြဲစိမ်းပင်တစ်မျိုးဖြစ်ပါသည်။ ရွက်လှပင်သည် အရွက်ပုံစံအမျိုးမျိုး အရောင်အမျိုးမျိုးရှိပါသည်။ ရွက်လှပင်သည် မြေအမျိုးအစား မရွေးစိုက်ပျိုးနိုင်ပြီး ရာသီဉတုဒဏ်ကိုလည်းခံနိုင်ရည်ရှိပါသည်။ နေပူထဲတွင်စိုက်ပျိုးခြင်းထက် နေအနည်းငယ်ရိပ်သော နေရာတွင်စိုက်ပျိုးခြင်းဖြင့် အရွက်အရောင်ကိုမထိခိုက်စေဘဲ လှပစေနိုင် ပါသည်။ ရွက်လှပင်ကိုများသောအားဖြင့်ကိုင်းဖြတ်စိုက်ပျိုးကြပြီး အပင်မျိုးပွားရာတွင် ကိုင်းဖြတ် မျိုးပွားခြင်း(မြေထုပ်စည်း)ကိုပိုမိုအသုံးများလာကြပါသည်။ ရွက်လှမျိုးများမှာ ပုလဲမင်းသမီး၊ ဆာရစ်ချက်ဂတ်၊ ဆာမတ်အာသာ၊ လိမ္မော်မင်းသား၊ ဇာဘုရင်၊ ဒူရာဘင်္ဂါ မဟာရာဇာ၊ ဂရန်းဒေး၊ မကာသူရိ၊ဆန်းဆက်၊ အယ်လက်ဇန်းဒါး၊ မြွေဟောက်ပါးပျဉ်း၊ နေရီရီ၊ နားပန်းကြီး၊ မာလာကြီး၊ လိပ်ခုံး၊ ကြက်မြီးလိမ်စိမ်း၊ သရက်ရွက်၊ မောင်မမေ့၊ သော်တာပင်၊ နေသူရိန်၊ ပတ္တမြားကြိုးလိမ်၊ ဗာဂျာတွန့်၊ လစက်ရောင် စသည်ဖြင့် ရွက်လှမျိုးပေါင်းများစွာရှိကြောင်း စိုက်ပျိုးရေးနည်းလမ်း စာပေများမှ လေ့လာသိရှိရသည်။ DOCA(မန္တလေး)