ပဲနံ့သာရွက်ဆေးဖက်ဝင်ပုံ

Powered by Drupal
Tue, 07/22/2025 - 16:29 -- consumer_admin
ပဲနံ့သာရွက်ဆိုသည်မှာ ကျန်းမာရေးနှင့်ညီညွတ်သော အစိမ်းရောင်ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပါသည်။ ရှေးနှစ်ပေါင်းများစွာတည်းက ဆေးဖက်ဝင်သော အရာအဖြစ်အသုံးပြုခဲ့ကြ ပါသည်။ ယခုနောက်ပိုင်းတွင် ဆေးဖက်ဝင်မှုကြောင့် နေ့စဉ်ဟင်းလျာများထဲတွင် ထည့်သွင်းချက် ပြုတ်လာကြပါသည်။ ပဲနံ့သာရွက်ကို ဆီနည်းနည်းလေးဖြင့် ကြော်စားတာမျိုးများရှိသလို အခြား အသီးအနှံများနှင့်လည်း တွဲဖက်ကြော်စားခြင်းများလည်းရှိပါသည်။ အရသာသည် ခါးခါးသက်သက် ရှိပြီး ထမင်းနှင့်တွဲဖက်စားလျှင် သင့်တော်ပါသည်။ ပဲနံ့သာရွက်သည် ခပ်ထူထူလေးနှင့် အရွက်ဆိုင် ထွက်တတ်ပြီး အရိုးတံမာမာလေးရှိပါသည်။ အပွင့်ဝါလေးများပွင့်တတ်ပြီး ပဲတောင့်ရှည်သီးကာ အဆိုပါပဲတောင့်ရှည်များခြောက်သွားသည့်အခါ ပဲနံ့သာစေ့ကို ရရှိပါသည်။ ဥရောပ၊ အာရှနှင့် အာဖရိ ကတို့တွင် စိုက်ပျိုးပေါက်ရောက်ပြီး အိန္ဒိယနှင့်ယီမင်နိုင်ငံတို့တွင် စီးပွားဖြစ်စိုက်ပျိုးကြကြောင်းနှင့် ပဲနံ့သာရွက်တွင် ဗီတာမင်အေ၊ ဖောလစ်အက်ဆစ်၊ သီရာမင်း၊ ဗီတာမင် B6 ၊ ဗီတာမင် C ၊ ဗီတာမင် K ၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ကယ်လ်ဆီယမ်နှင့် ဖော့စ်ဖရိတ် စသည့်အဟာရဓာတ်များစွာ ပါဝင်ပါသည်။ ပဲနံ့သာရွက်သည် သွေးအတွင်းရှိ မကောင်းသည့် ကိုလက်စထရော ပမာဏကိုကျ ဆင်းစေပြီး အကျိုးပြုကိုလက်စထရော ပမာဏမြင့်တက်စေရန် အထောက်အကူပေးပါသည်။ အသည်း၊ အူလမ်းကြောင်း၊ အစာအိမ် စသည့်အစာချေစနစ်၏ အစိတ်အပိုင်းများကျန်းမာစေရန် ပဲနံ့သာရွက်ကို စားသုံးပေးနိုင်သလို အစာချေစနစ်ကျန်းမာရေးပြဿနာများဖြစ်သည့် လေထိုးလေ အောင့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်းများကိုလည်း သက်သာစေနိုင်ပါသည်။ ပဲနံ့သာရွက်သည် ပဲနံ့သာစေ့ကဲ့သို့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ရုတ်တရက်သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းမှလည်း ကာကွယ်ပေးပါသည်။ ပဲနံ့သာရွက်ကို စားပေးခြင်းဖြင့် နှလုံးကျန်းမာစေခြင်း၊ နာတာရှည်ရောဂါများမဖြစ်အောင် ကာကွယ်ပေးခြင်း၊ အရေပြားပေါ်ရှိ ဝက်ခြံနှင့်အမာရွတ်များကို သက်သာစေနိုင်ခြင်း၊ ဆံသားကို နက်မှောင်သန်စွမ်းစေခြင်းနှင့် ကျောက်ကပ်ကျန်းမာစေဖို့အတွက် လည်း အထောက်အကူပြုပါသည်။ ပဲနံ့သာရွက်သည် ကျန်းမာရေးအတွက် ကောင်းသည်ဆိုသော် လည်း ရောဂါအခံရှိသူများ၊ ဆေးသောက်နေရသူများအနေဖြင့် ဆရာဝန်များနှင့်တိုင်ပင်ပြီးမှသာ မှီဝဲစားသုံးသင့်ပါသည်။ ဆီးချိုဆေးများ၊ အဆီကျဆေးများ၊ သွေးပေါင်ကျဆေးများနှင့်အတူတွဲ သောက်သုံးခြင်းမျိုးများ မပြုလုပ်ရန်နှင့်ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များအနေဖြင့် အလွန်အကျွံ မစားသုံးသင့်ပါကြောင်း ပဲနံ့သာရွက်နှင့်ပတ်သက်သည့် ကောင်းကျိုးများနှင့်သတိထားရမည့်အချက် များအား ဖတ်ရှု့မှတ်သားရပါသည်။ DOCA(မန္တလေး)