
ရှမ်းနံနံပင်သည် ဟင်းခတ်အမွှေးအကြိုင် အပင်တစ်မျိုးဖြစ်ပါသည်။ ရှမ်းနံနံပင်အား စိုက်ပျိုးရာတွင် ရာသီဥတုအနေဖြင့် ပူနွေးစွတ်စိုသော ရာသီ ဥတုကို ကြိုက်နှစ်သက်ပါသည်။ ရှမ်းနံနံကို မြေအမျိုးအစားအမျိုးမျိုးတွင် စိုက်ပျို၍ ပိုမိုဖြစ်ထွန်းစေပါသည်။ ရှမ်းနံနံပင်အား စတင်မစိုက်ပျိုးမှီ အပင်များအတွက် အာဟာဓါတ် ကောင်းမွန်စွာရရှိစေရန် မြေပြုပြင် ထားသော မြေကြီးများထဲသို့ မြေဆွေးနှင့် ဓါတ်မြေဩဇာများ ထည့်ပေးရပါသည်။ အပင်များ စိုက်ပျိုးရာတွင် အစေ့တိုက်ရိုက်ချနည်းဖြင့်လည်းကောင်း၊ ပင်အဖျားများအား ဖြတ်တောက်ပြီး အမြစ် အပိုင်းများအား ပြန်လည်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးကြပါသည်။
ရှမ်းနံနံပင်သည် အရွက်ကိုစားသောက်ရသည့်အတွက် အရွက်ပြားများ ချောစေရန်အတွက် အရိပ်ကောင်းမွန်စွာရရှိရန် ဝါးခြမ်းအမိုးလေးများဖြင့် စနစ်တကျပြုလုပ်ပေးခြင်းဖြင့် အရွက်များကို ပိုမိုကြီးထွားစေပါသည်။ ရှမ်းနံနံပင်၏အနံ့သည် မွှေးကြိုင်စေသဖြင့် အသားဟင်းများ ချက်ပြုတ်ရာတွင် အရွက်များအား ထည့်ပေးခြင်းဖြင့် ဟင်းအညှီအနံ့များ ပျောက်ပြီး မွှေးကြိုင်စေပါသည်။ ရှမ်းနံနံပင်သည် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုရုံသာမက ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန် စေပါသည်။ အရွက်ပြားများအား စနစ်တကျစားသုံးပေးလျှင် ပန်းနာရင်ကြပ်ရောဂါ ပျောက်ကင်းပြီး အစာအိမ်အတွက်လည်း အစာကြေစနစ်ကို ကောင်းမွန်စေပါသည်။ ထို့အပြင် အဆစ်အမြစ်များ ရောင်ရမ်းပြီး နာကျင်ခဲ့လျှင် နံနံအရွက်ပြားများအား ရေနွေးပူပူတွင်ထည့်ပြီး သောက်လျှင် သက်သာ ပျောက်ကင်းစေပါသည်။
အပင်များအားစိုက်ပျိုးရာတွင် ပြာသိုလတွင် စတင်စိုက်ပျိုးပြီး ရက်(၃၀)ကြာလျှင် ပေါင်းမြတ် များကိုနှုတ်ပေးရသည်။ အဖူးများထွက်လာလျှင် ချိုးပေးရပါသည်။ သို့မှသာအရွက်များ ကြီးထွားနိုင်ပါသည်။ တစ်နှစ်ပတ်လုံးရောင်းချရသဖြင့် ပုံမှန်ဝင်ငွေရရှိပါသည်။ ခြံထွက်များမှ ရှမ်းနံနံပင်(၃)ပင်ပါ တစ်စည်းလျှင် (၃၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရပါသည်။
(DOCA ဧရာဝတီ)