
ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင် တစ်ခုမှ Inverter Battery အား အာမခံသက်တမ်း(၅)နှစ်ဖြင့် ဝယ်ယူအသုံးပြုနေသည်မှာ (၁)နှစ်ကျော်ကြာပြီဖြစ်ကြောင်း၊ ဝယ်ယူပြီး(၁)နှစ်အတွင်း အဆင်ပြေသော်လည်း နောက်ပိုင်းတွင် မကြာခဏ Error ဖြစ်ပြီး ဆိုင်ဘက်မှ လာရောက်ပြင်ဆင်ပေးသော်လည်း ကောင်းမွန်မှုမရှိပါသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System သို့ ဆက်သွယ်တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့် ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြားခံရသည့် အီလက်ထရောနစ်အရောင်းဆိုင်သို့ ဆက်သွယ်အကြောင်းကြားခဲ့ရာ ဆိုင်မှတာဝန်ရှိသူများသည် ၂၉-၅-၂၀၂၅ ရက်နေ့တွင် တိုင်ကြားသူနှင့် တွေ့ဆုံ၍ Inverter Battery များသည် Warranty ပေးသည့် ကာလအတွင်း Battery Error များဖြစ်ပေါ်သောကြောင့် ဝယ်ယူစဉ် Battery များ၏ တန်ဖိုးငွေကျပ် ၆,၁၂၀,၀၀၀/- မှ တိုင်ကြားသူ အသုံးပြုခဲ့သည့် ကာလအတွက် ငွေကြေးဖြတ်တောက်၍ ကျန်ငွေကျပ် ၅,၆၈၄,၀၀၀/- ကို တိုင်ကြားသူထံ ပြန်လည်ပေးအပ်ခဲ့မှုအပေါ် တိုင်ကြားသူမှ ကျေနပ်လက်ခံပါကြောင်း အကြောင်းပြန်ကြားလာပါသည်။ တိုင်ကြားသူမှလည်း ဌာနသို့ ဆက်သွယ်၍ အီလက်ထရောနစ်အရောင်းဆိုင်မှ ငွေကျပ် ၅,၆၈၄,၀၀၀/- ပေးအပ်မှုအပေါ် လက်ခံရရှိပါကြောင်းနှင့် ကျေနပ်မှုရှိသောကြောင့် တိုင်ကြားမှုအား ပိတ်သိမ်းလိုကြောင်း ပြောကြားလာသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။