
သမုန်းပင်သည် အပူပိုင်းအညာဒေသများတွင် သဘာဝအလျောက် အလေ့အကျပေါက်ရောက် တတ်သော ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံ၏အထက်အညာဒေသဖြစ်သော မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းတို့မှာ အဓိကပေါက်ရောက်လေ့ရှိကြသည်။ သမုန်းပင်သည် အပူ ဒဏ်ကိုခံနိုင်ပြီး ကျောက်စရစ်ဆန်သော မြေသားပေါ်တွင် ပေါက်ရောက်လေ့ရှိကြသည့် နှစ်ရှည်ခံ အပင်ဖြစ်၍ အမြင့် ၁၀ မှ ၁၈ မီတာခန့်အထိ ရှင်သန်ကြီးထွားလေ့ရှိကြသည်။ ရှေးယခင်သမားတော်များက သမုန်းပင်သည် ဆေးဘက်ဝင်မှုများပြီး ရောဂါကာကွယ်ပေးနိုင်သောကြောင့် သမားတော်များကပင်မုန်းရသည်အထိ အသုံးဝင်သောကြောင့် သမားမုန်းပင်ဟုခေါ်ကြပြီး နောက်ပိုင်းတွင် သမုန်းပင်ဟုပြောင်းလဲခေါ်ဆိုလာကြသည်။ အချို့ဒေသများတွင် သမုန်းပင်ကို သင်ပုန်းပင်ဟုလည်းခေါ်ဆိုလေ့ရှိကြသည်။ သမုန်းပင်၏အရွက်မှာငယ်စဉ်က သေးသွယ်ပြီး အပင်ကြီးလာချိန်တွင် ဘဲဥပုံစံသို့ ပြောင်းလဲသွားကြသည်။ အရွက်ထွက်သည့်အခါ ရွက်စွယ်ပုံ ထွက်လေ့ရှိပြီး ရွက်စုံမဟုတ်ဘဲ ပင်စည်၏ တစ်ဖက်တစ်ချက်တွင် ရွက်လွှဲ ပုံစံထွက်လေ့ရှိကြသည်။ သမုန်းပွင့်၏အရောင်မှာ စိမ်းနုရောင်ဖြစ်ပြီး အစုလိုက်ပွင်လေ့ရှိကြသည်။ အသီးမှာ လုံးဝန်းသော ပုံစံရှိသည်။ သမုန်းပင်၏ပင်စည်မှာ မီးခိုရင့်ရောင်ဖြစ်ပြီး လုံးပတ်ကြီးကြသည်။ သမုန်းပင်၏ အရွက်၊ အဖူး၊ အပွင်၊ အခေါက်၊ အဥနှင့် အမြစ် အစကနေအဆုံး တပင်လုံးနီးပါး ဆေးဖက်ဝင်သော အပင် ဖြစ်သောကြောင့် အညာဒေသတွင် နေထိုင်သူများသည် သမုန်းပင်သည် ဆေးဖက်ဝင်သော အပင် တစ်ပင်ဖြစ်ကြောင်းကို သိရှိကြသည်။ သမုန်းပင်သည် ပြာသိုလနှင့် တပို့တွဲတို့မှ စတင်၍ အညွှန့်များ ထွက်လာပြီး အပွင့်နှင့်အရွက်မှာ ရောနှောပြီး ပွင့်လေ့ရှိကြသည်။ နွေဦးရောက်ချိန်တွင် လှိုင်လှိုင် ပေါ်ပြီး တစ်ပင်လုံးနီးပါး အညွှန့်များပေါ်ထွက်လာ၍ စိမ်းစိုနေပြီး မြင်ရသူမှာ စိတ်ကြည်နူးဖွယ် အလွန်ကောင်းလှပါသည်။ သမုန်းပွင့်၊ အဖူး၊ အရွက်တို့မှာ ခါးသက်သောအရသာရှိပြီး ချွဲသလိပ်ကို ပျော်ဝင်စေပါသည်။ ထို့အပြင် ချောင်းဆိုခြင်း၊ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း၊ အစာမကြေခြင်း၊ အကြောတက်ညောင်းညာခြင်း၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါစသော အစာအိမ်နှင့်အူလမ်း ကြောင်းဆိုင်ရာရောဂါများလည်းပျောက်ကင်းကြောင်းလေ့လာသိရှိရပါသည်။ သမုန်းဥ၊ အခေါက်၊ အမြစ်တို့မှာ ပူရှိန်းရှိန်းရှိပြီး ရေအေးနဲ့သွေးလိမ်းခြင်းဖြင့် ဆီးပူခြင်း၊ ညောင်းညာကိုက်ခဲခြင်း၊ ခြေဖျားလက်ဖျားများဖောရောင်ခြင်း၊ ထုံကျင်ခြင်း၊ ကိုယ်လက်လေးလံခြင်း၊ ကြွက်သားများ နာကျင်ခြင်း ၊ မျက်စိအောင့်ခြင်း၊ နာခြင်း၊ ဝက်ခြံဖုများကိုလည်းပျောက်ကင်းစေနိုင်ကြောင်း လေ့လာသိရှိရပါသည်။ သမုန်းပင်သည် ဆေးဘက်ဝင်သည့်အပြင် စားသုံးရန်အတွက်လည်း ကောင်းမွန် သောဟင်းတစ်ခွက်လည်းဖြစ်သည်။ သမုန်းအရွက်၊ အဖူး၊ အပွင် တို့ကို ရေနွေးပူပူဖြင့်ပြုတ်ပြီး ကတ်ကြေးဖြင့်ညှပ်၍ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ဖြင့် ဆီချက်ပြုလုပ်ပြီး မြေပဲဆံထောင်း ၊ ပုဇွန်ခြောက်၊ ပဲမှုန့်အကျက်တို့ဖြင့် ရောနှောကာသမအောင် သုပ်စားလေ့ရှိကြသကဲ့သို့ ခရမ်းချည်သီးငပိချက်၊ ငပိရည်တို့ဖြင့် တို့စရာပြုလုပ်၍ စားသောက်လေ့ရှိကြပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက် တို့ကိုထောင်းပြီး ဟင်းခါးရည်ချက်ပြုတ်၍လည်း စားသောက်လေ့ရှိကြသည်။ ဒေသအလိုက်ပုံစံ အမျိုးမျိုးပြုလုပ်၍ စားသောက်လေ့ရှိကြသည်ကို လေ့လာသိရှိရပါသည်။ သမုန်းပင်၏ ပင်စည်မှာ သစ်မာဖြစ်သောကြောင့် ခုံဖိနပ်ပြုလုပ်ပြီးစီးလေ့ရှိကြောင်းလေ့လာသိရှိရသည်။ သမုန်းပွင့် ရာသီ ချိန်တွင် သမုန်းပွင့်ကိုပြုတ်ပြီး ဈေးထဲတွင် လက်ပုံများပုံ၍ ရောင်းလေ့ရှိကြသလို့ ပိဿာ၊ ကျပ်သား များလည်းရောင်းလေ့ရှိကြသည်။ သို့ဖြစ်ပါ၍ ဆေးဘက်ဝင်ပြီး ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုသော သမုန်းပင်၏အသုံးဝင်မှုများ လေ့လာသိရှိရသည်များကို မျှဝေလိုက်ရ ပါသည်။
DOCA(မန္တလေး)