မက္ကဒေးမီးယား(ခေါ်)သော့သီးအကြောင်း

Powered by Drupal
Fri, 07/11/2025 - 13:01 -- consumer_admin
မက္ကဒေးမီးယားအပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်ပြီး အခွံမာသီးအမျိုးအစားဖြစ်ပါသည်။ အတွင်းရှိ အစေ့ကိုလှော်စားလေ့ရှိသလို ကိတ်၊ ဘီစကစ်၊ ချောကလက်တွေထဲမှာလဲ ထည့်သွင်းပြီးထုတ် လုပ်ကြပါသည်။ မက္ကဒေးမီးယားအသီးကို ဩစတြေးရီးယားနိုင်ငံမှာ လွန်ခဲ့သောနှစ်ပေါင်း(၁၀၀)ကျော်ခန့်ထဲက စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံရှိ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ပြင်ဦးလွင်မြို့တို့တွင် စီးပွားဖြစ်စိုက်ပျိုးလာပြီ ဖြစ်ပါသည်။ ဖရုံစေ့ကဲ့သို့ဆိမ့်သောအရသာရှိပြီး အသီး၏သဘောသဘာဝအရ အလွန်မာသည့်အတွက် စားသုံးရလွယ်ကူစေရန် အသီး၏အလယ်၌ အက်ကွဲရာပေးထားပြီး အဆိုပါအက်ကွဲကြောင်းအတွင်းသို့ စတီးသော့ချောင်းလေးဖြင့် ကလန့်ပြီး ခွဲရသောကြောင့် သော့သီးဟု တင်စားခေါ်ဝေါ်ကြသည်။ မက္ကဒေးမီးယား(ခေါ်) သော့သီးကိုနေ့စဥ် စားသုံးပါက ကင်ဆာရောဂါကို ကာကွယ်စေနိုင်ခြင်း၊ အရွယ်တင်နုပျိုခြင်း၊ နှလုံးအား ကောင်းစေခြင်း၊ ဦးနှောက်ဖွံ့ဖြိုးတိုးတက်စေခြင်း၊ သွေးကြောတွင်း အဆီဓာတ်ကိုလျော့ကျစေခြင်း၊ အစာခြေစနစ် ကိုကောင်း မွန်စေခြင်း စသောအကျိုးကျေးဇူးများအပြင် ကစီဓာတ်၊ ပရိုတင်းဓာတ်၊ သတ္ထုဓာတ်၊ အိုမီဂါ(3)စသော ဗီတာမင်ဓာတ်များစွာပါဝင်သောကြောင့် စားသုံးသင့်သည့် အစေ့အဆံတစ်မျိုး ဖြစ်ပါသည်။ ကျန်းမာရေးအတွက် အထောက်အကူပြုအစားအစာဖြစ်သောကြောင့် နေ့စဉ်ပုံမှန် မက္ကဒေးမီးယားအဆံ (6) ဆံမှ (၁၀)ဆံထိ နေ့စဉ်ပုံမှန်စားသုံးသင့်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဝိတ်မတက်ချင်သူများ အတွက် မက္ကဒေးမီးယားဆံမှထုတ်လုပ်သော ဆီကိုစားသုံးသင့်ပြီး အလှအပဆိုင်ရာ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း အသုံးဝင်ပါသည်။ ဈေးကွက်တွင် မက္ကဒေးမီးယားအပင်ပေါက်တစ်ပင်လျှင် (၁၉၀၀၀)ဝန်းကျင်နှင့်မက္ကဒေးမီးယားအစေ(၂၅၀)ဂရမ်ပါတစ်ထုပ်လျှင်(၈၅၀၀)ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)