မုရိုးပင်

Powered by Drupal
Mon, 06/30/2025 - 10:55 -- consumer_admin

  မုရိုးပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင်ပေါက်ရောက်ပြီး မြစ်၊ ချောင်းကမ်းပါး၊ သောင်ပြင်များတွင် အဓိကတွေ့ရှိရသည်။ မုရိုးပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြင့်ပေ ၁၀ ပေမှ ၁၅ ပေအထိ မြင့်သည်။ ပင်စည်ရိုးတံမှာဖြောင့်၍ အစေးဖြူများရှိသည်။ အရွက်အလယ်ပိုင်းမှာကျယ်ပြန့်ပြီး အဖျားသို့ရှူးသွားသည်။ အရွက်၏အပင်မျက်နှာပြင်မှာ ပြောင်ချော၍ အောက်မျက်နှာပြင်သည် ငွေရောင်အမွှေးနုများဖြင့် ဖုံးအုပ်နေသည်။ အပွင့်မှာ အဖြူရောင် သို့မဟုတ် ပန်းရောင်ဖျော့ဖျော့ရှိပြီး အဆုပ်လိုက်ပွင့်သည်။ နတ်တော်နှင့်ပြာသိုလတို့တွင်ပွင့်သည်။ အသီးမှာအလျား ၃လက်မ မှ ၄ လက်မအထိရှည်လျားပြီးကောက်နေသည်။ အစေ့မှာကျောက်ကပ်ပုံဖြစ်ပြီး ပြာသိုလနှင့် တပို့တွဲလ တို့တွင် အသီးသီးသည်။ မုရိုးမြစ်ကိုကြိတ်ပြီး သိပ်ပေးလျှင် သွားကိုက်ပျောက်သည်။ ကင်းကိုက် သောဒဏ်ရာပေါ်တွင် မုရိုးစေး  သို့မဟုတ် မုရိုးမြစ်ကို သွေးလိမ်းပေးပါက အဆိပ်ပြေစေနိုင်သည်။ ဒူးနာ၊ ဒူးကိုက်၊ဒူးကွေ့ဆန့်မရဖြစ်ပါက မုရိုးစေးကို မုန်ညှင်းဆီနှင့်ချက်ပြီးလိမ်းပေးပါက သက်သာ စေနိုင်သည်။ မုရိုးပင်၏ အရွက်၊ အစေး၊ အမြစ်၊ အခေါက် အသီးသည် ကျန်းမာရေးအတွက် ဘက်စုံ အသုံးဝင်ကြောင်း စာပေများမှဖတ်ရှုလေ့လာသိရှိရပါသည်။

DOCA(မန္တလေး)