မှိုစိုက်ပျိုးခြင်းနှင့်အသုံးဝင်ပုံ

Powered by Drupal
Fri, 06/13/2025 - 10:46 -- consumer_admin

    မှိုကို (Fungus)ဟု အများဆုံးခေါ်ကြသော်လည်း ရိုးတံ၊ ထီးရွက်များပါရှိ၍ အရွယ်အစား ကြီးမားသော မှိုများကို (Mushroom) ဟုခေါ်ကြပါသည်။ မှိုမျိုးစိတ်ပေါင်း ၃၈၀၀၀ ကျော်ရှိပြီး အချို့မှိုများသည် မျက်စိဖြင့် မမြင်နိုင်လောက်အောင်သေးငယ်ပြီး အချို့မှာမူ အချင်းနှစ်ပေအထိ ကြီးမားပါသည်။

      မှိုကို ရှေးကျသော ရောမခေတ်၊ ဂရိခေတ်ကတည်းက စားသုံးခဲ့ကြပြီး စားကောင်းသောမှိုများ တွင် ကောက်ရိုးမှို၊ ငှက်ပျောမှို၊ လင်ဇီးမှိုတို့ ပါဝင်ပါသည်။  မြန်မာနိုင်ငံတွင် ကောက်ရိုးမှို၊ ငွေနှင်းမှို၊ လင်ဇီးမှို၊ ကြွက်နားရွက်မှို၊ ရှီတာကီမှို၊ ကြယ်သီးမှို စသည်တို့ကိုစိုက်ပျိုးကြပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း ဒေသကြီးများ၌ မှိုစိုက်ပျိုးရေး ခြံများစွာရှိပါသည်။ ရန်ကုန်တိုင်းတွင် (၉)မိုင် မှိုခြံနှင့် မှော်ဘီ ညောင်နှစ် ပင်မှိုခြံ၊ ပဲခူးတိုင်းတွင် (၁၀)မိုင်မှိုခြံနှင့် တောင်ငူကျောက်တိုင်မှိုခြံ၊ မန္တလေးတိုင်းတွင် ပြင်ဦးလွင်မှိုခြံ များ ရှိပါသည်။

    မှိုတွင် ပရိုတင်းဓာတ်၊ ဗီတာမင်ဓာတ်၊ ပိုတက်ဆီယမ်နှင့် အမျှင်ဓာတ်များစွာပါဝင်ပြီး ကိုလက် စထရောနှင့် ကယ်လိုရီနည်းပါသည်။ လင်ဇီးမှိုနှင့် ရှီတာကီမှိုများတွင် ပါဝင်သော ဇီဝဓာတ်များသည် ကိုယ်ခံအားစနစ်ကို အားကောင်းစေ၍ ပင်နီဆလင်ကဲ့သို့ ဆေးဝါးများထုတ်လုပ်ရာတွင် မှိုမျိုးစိတ် အချို့ကိုလည်း အသုံးပြုပါသည်။ မှိုမျှင်များသည် မြေကြီးအတွင်း အာဟာရစီးဆင်းမှုကို မြှင့်တင်ပေးပြီး အပင်၏အာဟာရစုပ်ယူမှုကို အားပေးပါသည်။ မှိုစားသုံးခြင်းသည် အာဟာရဖြစ် စေသော်လည်း အဆိပ်ရှိ သော မှိုများကို သတိပြုရန် လိုအပ်ပါသည်။ အဆိပ်ရှိမှိုများတွင် အရိုးခေါင်းမှို၊ နီညိုရောင် ထူထဲသော အဆိပ်မှို၊ မီးခိုးရောင်ထူထဲသော အဆိပ်မှိုနှင့် ဖားဥမှိုတို့ ပါဝင်ပါသည်။ အရိုးခေါင်းမှိုသည် ၄၅ မိနစ် အတွင်း အသက်ဆုံးရှုံးစေနိုင်သောကြောင့် ကျွမ်းကျင်သူများနှင့် အဆိပ်ရှိ /မရှိ ခွဲခြားသိနိုင်ရန် အရေးကြီး ပါသည်။

    အဆိပ်ရှိသောမှိုများကို ပြုတ်၍၊ ကြော်၍၊ မီးကင်၍ စားသုံးပါကလည်း အဆိပ်ပြေမသွားပါ။ အဆိပ်ရှိ မှိုများမှ ကာကွယ်ရန်နည်းလမ်းများမှာ မသိသောမှိုများကို လုံးဝမစားသုံးသင့်ဘဲ မှိုခူးရာတွင် ကျွမ်းကျင်သူများနှင့်သွားပြီး ခူးယူသင့်ပါသည်။

     မှိုစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်နည်း၍ ၃ ကြိမ် မှ ၅ ကြိမ်အထိ ခူးဆွတ်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မှိုစိုက်နည်းသင်တန်းများကို ပို့ချပေးလျက်ရှိပြီး စီးပွားဖြစ် စိုက်ပျိုးရန်လည်း ပြောကြားပါသည်။ လင်ဇီးမှိုနှင့် ငွေနှင်းမှိုများကို နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့လျက်ရှိကာ ပြည်ပ ဝင်ငွေများလည်း ရရှိပါသည်။ မှိုများသည် အာဟာရဓာတ်လည်းကြွယ်ဝပြီး ဆေးဘက်ဝင်ကာ စီးပွားဖြစ် ထုတ်လုပ်နိုင်သော သီးနှံတစ်ခုလည်းဖြစ်ပါသည်။

DOCA(ပဲခူး)